သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ကမ္ဘာနိုင်ငံအချို့ စာသင်ကျောင်းတွေ ဆေးရုံတွေတိုက်ခိုက်ခံရမှုတိုးလာ


မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂
မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂

ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာကို ဒီကနေ့ ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ်တွေ ထိခိုက်ခဲ့ရတဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရမှု ဖြစ်ရပ် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်နေပါတယ်။ မြန်မာ အပါအဝင် ယူကရိန်း၊ အစ္စရေး၊ ပါလက်စတိုင်း၊ အာဖဂန်နစ္စတန်၊ ဘူကီနာဖာဆိုနဲ့ မာလီနိုင်ငံတွေမှာ ကျောင်းနဲ့ ဆေးရုံ တိုက်ခိုက်ခံရမှု ၁,၈၄၃ အထိ ဖြစ်ခဲ့ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပဋိပက္ခတွေ‌ရဲ့ ဒဏ်ကို ဝမ်းနည်းဖွယ် ခံစားရတဲ့ ကလေးသူငယ်အရေအတွက်က ပိုများလာတယ်လို့လည်း ကုလ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။ ရှည်လျားတဲ့ လက်နက်ကိုင် ပဋိပက္ခအသစ်တွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်းထန်လာခဲ့လို့ ဖြစ်ရပ် ၂၄ ခုနဲ့ စောင့်ကြည့်ရေးအစီအစဉ်တစ်ခုမှာ ရန်လိုမှုတွေကြောင့် ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး အရေအတွက်နဲ့ တုန်လှုပ်ချောက်ချား ဖွယ် မြင့်မားနေဆဲဖြစ်တယ်လို့ ကုလက ပြောပါတယ်။

အရပ်သားတွေ အထူးသဖြင့် ကလေးသူငယ်တွေဟာ လက်နက်ကိုင် ပဋိပက္ခတွေမှာ တန်ဖိုးကြီးကြီး ပေးဆပ် နေရပြီး ကလေးတွေအတွက် ငြိမ်းချမ်းရေးတန်ဖိုးကို ပြန်စဉ်းစားဖို့‌လိုကြောင်း ကလေးများနဲ့ လက်နက်ကိုင် ပဋိပက္ခဆိုင်ရာ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် ဗာဂျီးနီးယား ဂမ်ဘာက အစီရင်ခံစာ ထုတ်ပြန်ရာမှာ ပြောပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရတဲ့၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ စောင့်ကြည့်ရေး အစီအစဥ်ထဲကိုအသစ်ထည့်လိုက်တဲ့ အီသီယိုးပီးယား၊ မိုဇမ်ဘစ်နဲ့ ယူကရိန်း နိုင်ငံတွေက ဖြစ်ရပ်တွေအပါအဝင် ကလေးတွေကို ထိခိုက်စေတဲ့ ပြင်းထန်တဲ့ ချိုးဖောက်မှု အရေအတွက်က ၂၇,၁၈၀ ကို ရောက်ရှိခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ ဒီလို ချိးဖောက်မှုတွေကို ကျူးလွန်သူတွေထဲမှာ ယေဘုယျ အားဖြင့် အစိုးရမဟုတ်တဲ့လက်နက်ကိုင်အဖွဲ့တွေက ချိုးဖောက်မှုတွေရဲ့ ၅၂ % မှာ အလုံးစုံတာဝန်ရှိတယ်ဆိုပါတယ်။ ဒါပေမယ့် ကလေးငယ်တွေကို သတ်ဖြတ်ခြင်း၊ စာသင်ကျောင်း နဲ့ ဆေးရုံတွေကို တိုက်ခိုက်ခြင်းနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝင်ရောက်ခွင့်ကို ငြင်းပယ်ခြင်းလို ချိုးဖောက်မှုတွေကို အဓိကကျူးလွန်သူတွေကတော့ အစိုးရတပ်ဖွဲ့တွေလို့ ကုလသမဂ္ဂက ပြောပါတယ်။

တဖက်မှာလည်း ကုလသမဂ္ဂ အေဂျင်စီတွေက ကြားဝင် ဆောင်ရွက်ပေးခဲ့လို့ ပဋိပက္ခတွေထဲမှာ ပါဝင်ခဲ့တဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေထဲ ရောက်နေတဲ့ကလေးသူငယ် ၁၂,၄၆၀ ယောက်ကို အကာအကွယ်ပေးတာ၊ မိသားစု၊ လူမှု အသိုင်းအဝန်းထဲ ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်ပေးတာတွေ လုပ်နိုင်ခဲ့တယ်လို့ ကုလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG