သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စာနာမှုအကူအညီအလိုအပ်ဆုံး ၆ နိုင်ငံမှာ မြန်မာပါ


အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)
အင်အားပြင်း "မိုခါ" ဆိုင်ကလုန်းမုန်တိုင်းတိုက်ခတ်အပြီး တွေ့ရတဲ့ စစ်တွေမြို့နယ်ထဲက ဘဆာရာရိုဟင်ဂျာဒုက္ခသည်စခန်း၊ (မေ ၁၆၊ ၂၀၂၃)

ပြီးခဲ့တဲ့လက မိုခါ ဆိုင်ကလုံးမုန်တိုင်းဒဏ် အကြီးအကျယ် ခံလိုက်ရတဲ့ ရခိုင်ပြည်နယ်မှာ ကူညီရေးလုပ်ငန်းတွေ ကန့်သတ်ထားတာကြောင့် စားဝတ်နေရေး အခက်အခဲ ကြုံနေရချိန်မှာပဲ မိုးရာသီကာလ အမိုးအကာနဲ့ တခြား လိုအပ်ချက်တွေ ပိုများလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကမ္ဘာတဝန်း လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လိုအပ်ချက်ကြီးမားနေတဲ့နိုင်ငံ ၆ခုထဲမှာ မြန်မာနိုင်ငံ ပါ၀င်ပြီး အရေးပေါ် အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂကလည်း ဇွန်လ ၂၇ ရက် သတင်းစာရှင်းလင်းပွဲမှာ ထပ်မံ သတိပေးထားပါတယ်။ ရခိုင်ပြည်နယ်ဘက်က အခြေအနေကို ကိုစံကျော် က တင်ပြပေးပါမယ်။

မြန်မာနိုင်ငံဟာ ဘူကီနိုဖာဆို၊ကွန်ဂို၊ ဗင်နယ်ဇွဲလား၊ ဆိုမားလီယားနဲ့အာဖဂန်နစ္စတန် နိုင်ငံတွေနဲ့အတူ ကမ္ဘာပေါ်မှာ လူသားချင်း စာနာမှု အကူအညီ လိုအပ်ချက် အကြီးမားဆုံးနိုင်ငံတခု ဖြစ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရုံး လက်ထောက် ပြောခွင့်ရသူ Faran Haq က ဇွန်လ ၂၇ ရက်နေ့က နေ့စဉ်သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ရှိနေတဲ့ရခိုင်မြောက်ပိုင်း၊ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာ ပြီးခဲ့တဲ့လက ပြင်းထန်တဲ့ မိုခါ ဆိုက်ကလုံး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပြီး အကူအညီလိုအပ်သူတွေက ပို များလာသလို၊ ကူညီထောက်ပံ့မှုတွေ အားနည်းနေသေးတယ်လို့လူသားချင်း စာနာကူညီမှု ဆိုင်ရာကုလညှိုနှိုင်းရေးမှူးကလည်းသတိပေး ထုတ်ပြန်ထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာစစ်ဘေးဒုက္ခသည်တွေအပြင်မိုခါဆိုက်ကလုန်း မုန်တိုင်းကြောင့် ဒုက္ခ ရောက်နေကြတဲ့ ဒေသခံ သန်းနဲ့ချီ စားဝတ်နေရေး အခက်ကြုံ နေရတာပါ။ ဒါပေမဲ့လည်း စစ်ကောင်စီက ဒုက္ခသည်တွေကို ကူညီပေးနေတဲ့ နိုင်ငံတကာ အဖွဲ့တွေနဲ့ ဒေသတွင်း ကူညီပေးရေး အဖွဲ့တွေကိုကန့်သတ်ထားတာကြောင့် ဒုက္ခသည်တွေ အတွက် စားဝတ်နေရေး စိုးရိမ်နေရချိန်မှာ မိုးရာသီကာလ လိုအပ်ချက်တွေ ပိုများလာတယ်လို့ ရခိုင်အရေးလေ့လာသုံးသပ်သူကိုထွန်းကြည် ကပြောပါတယ်။

“ အခုဆိုလို့ရှိရင် မိုးကပြန်ရွာလာပြီဆိုတဲ့ အခါမှာ အိမ်ခြေတွေ မဆောက်လုပ်ရသေးတာတွေ အများကြီးရှိသေးတယ်၊ဆိုတော့ဒီလူတွေအတွက်ကူညီကယ်ဆယ်ရေးတွေ လုပ်ဖို့က တော်တော်အရေးကြီးနေတဲ့ အပိုင်းမှာ ရှိတယ် နောက်တချက်က နိုင်ငံတကာအဖွဲ့ အစည်း တွေကို လည်း လွတ်လွတ်လပ်လပ် သွားလာခွင့်တွေကို ကန့်သတ်ထားတဲ့ အခါကျတော့ သူတို့ဖက်က လည်း လွတ်လွတ်လပ်လပ် ကူညီလို့မရဘူး၊ ရာသီကလည်း မိုးရာသီဖြစ်တဲ့ အတွက် မကြာ ခင်မှာ ဆိုလို့ရှိရင် ရခိုင်မှာ ဖြစ်လေ့ ဖြစ်ထရှိတဲ့ ရေကြောင့် ဖြစ်တဲ့ ဝမ်းရောဂါတွေ ဖြစ်လာမှာ ကို စိုးရိမ်စရာအဖြစ် ကျနော်တို့တွေ့မြင်ရတယ်။ အဓိကက လူနေဖို့အတွက် ပေါ့လေ အခုအချိန်ထိက အမိုးအကာတွေ တာပေါ်လိပ်ကိုပဲ သုံးနေရတဲ့ အခါကျတော့ ဒီ ဟာကလူ တွေနေထိုင်ဖို့အတွက်ဘယ်လိုမှအဆင်မပြေတဲ့ဟာ ယာယီလောက်ပဲနေလို့ရမယ် ရှေ့ဆက် ရမယ့် မိုးရာသီအတွက် တော်တော်ဆိုးဆိုး ရွားရွားဖြစ်နေတယ်လို့တွေ့ရတယ်။”

အထူးသဖြင့် မုန်းတိုင်းဒဏ်ကို ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ရခိုင်မြောက်ပိုင်းမှာအခုအချိန်ထိ ဒေသခံတွေအတွက် စားရေးသောက်ရေးနဲ့ နေထိုင်ရေး အခြေအနေ ဆိုးရွာနေဆဲဖြစ်တယ် လို့ ရခိုင်ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ ရခိုင်မြောက်ပိုင်းကစစ်ဘေးသင့် ပြည်သူတွေ အများကြီးရှိတဲ့ နေရာဖြစ်တယ် နောက်တခု က အလုပ်လက်မဲ့ လူဦးရေလည်းတအားများတယ်၊ ဆိုတော့ အခုသဘာဝဘေးဖြစ်ပြီးတဲ့ အခါ ကျတော့ စားဝတ်နေရေး အငတ်ဘေး ဆိုက်နေတဲ့ လူဦးရေတွေ အများကြီးဖြစ် လာ တယ်။ အမိုးအကာမရှိတဲ့သူတွေ သောက်သုံးရေ မသန့်ရှင်းအဆင်မပြေတဲ့သူတွေအများကြီးရှိ တယ်ပေါ့နော်၊ အဟာရပြည့်တဲ့ အစားအသောက်တွေမစားရဘူး။ အမိုးအကာမရှိပဲနေ ထိုင်နေရတယ်။”

စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဒုက္ခသည်သန်းနဲ့ချီရှိနေတဲ့ရခိုင်ဒေသမှာ အခုအချိန် ပြည်လည်ထူထောင်ရေး လုပ်ငန်းတွေမလုပ်ရသေးသလို အရေးပေါ်ကူညီ ကယ်ဆယ်ရေး လုံးဝ မရသေးတဲ့နေရာတွေ ရှိနေသေးတယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကဘာမှမလုပ်ရသေးဘူး အခုအချိန်က တလကျော်ဆို တော့လေ နိုင်ငံတကာ ကူညီရေးအဖွဲ့တွေက ကူညီခွင့်ပေးလိုက်ရင် အခုအချိန်က ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေစဖို့ ပြင်နေပြီလို့ပြောလို့ရတာပေါ့နော်၊အခုပေးနေတဲ့ဟာက ပြန်လည်ထူထောင် ရေးအတွက် မဟုတ်ဘူး လတ်တလော စားဝတ်နေရေးတွေ အဆင်ပြေဖို့ နေလို့ရဖို့အတွက် လောက်ပဲ ကူညီပ့ံပို့ရေးအပိုင်းကို လုပ်နေတာတွေ့ရတယ်၊ ULA/AA ဖက်ကတော့ အစွမ်း ကုန်ကြိုးစားနေတာတွေ့ရတယ် သူတို့တတ်နိုင်တဲ့ဟာ သူတို့မှာ ရှိတဲ့ အရင်းအမြစ်တွေနဲ့ တခါ တည်းနဲု့ပြန်လည်ထူထောင်ရေးပါဖြစ်အောင်ဆိုပြီး အိမ်အခိုင်အမာဆောက်ပေးတဲ့ ဟာကို တပ်သားတွေယင်ပြီးတော့ လုပ်ပေးနေတာကို တွေ့ရတယ်။”

နိုင်ငံတကာအဖွဲ့တွေအနေနဲ့ကတော့ကန့်သတ်ချက်တွေရှိနေပေမဲ့ရခိုင်ပြည်နယ် တခုတည်းမှာလူပေါင်း ၃၈၀,၀၀၀ နီးပါးအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့ပြီးဖြစ်သလိုလူဦးရေ ၁၀,၀၀၀လောက်ကို ကျန်းမာရေး စောင့်ရှောက်မှုတွေဆောင်ရွက် ပေးခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မိုခါမုန်းတိုင်းဒဏ်သင့်ရခိုင်ဒေသမှာ လူဦးရေ ၁.၆ သန်းအတွက် ကူညီဖို့ အရေးပေါ် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၃၃၃သန်း တောင်းခံထားတာမှာ ၂၄.၂ သန်းလောက်သာ ရရှိသေးတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာအပါအ၀င် ကမ္ဘာတ၀န်း အကူအညီ လိုအပ်သူ စုစုပေါင်းဟာ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ၃၄၉ သန်းအထိ ရှိခဲ့ပြီး၊ ဒီဇွန်လ ထဲမှာတော့ အကူအညီ လိုအပ်သူ ၃၆၂ သန်းအထိ စံချိန်တင် တိုးလာတာကြောင့် ဒါဟာ ကမ္ဘာကြီးမှာလူ ၂၂ ဦးမှာ တဦးက အကူအညီ လိုအပ်နေတာ ဖြစ်တယ်လို့လည်းကုလ လက်ထောက်ပြောခွင့်ရ Faran Haqက မနေ့က သတင်းစာရှင်းလင်းပွဲမှာပြောဆိုသွားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG