သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ အပါအ၀င် အာရှ ၅ နိုင်ငံ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေ ပိုဆိုးလာ


၂၀၂၃ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာအဆိုးရွားဆုံးအဆင့်မှာဆက်ရှိနေ
၂၀၂၃ လူကုန်ကူးမှုဆိုင်ရာ အစီရင်ခံစာမှာ မြန်မာအဆိုးရွားဆုံးအဆင့်မှာဆက်ရှိနေ

မြန်မာအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အွန်လိုင်း ရာဇဝတ်လုပ်ငန်းနဲ့ ဒီလုပ်ငန်းတွေမှာ လိမ်လည်ခံရပြီး အဓမ္မ လုပ်အား ခိုင်းစေခံရမှုတွေ ပိုဆိုးလာနေတယ်လို့ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အမေရိကန်သံအမတ်ကြီး Cindy Dyer က သတိပေးလိုက်ပါတယ်။ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ ရှာဖွေတွေ့ရှိချက်တွေ၊ အထူးသဖြင့် အာရှပစိဖိတ်ဒေသတွင်း လူကုန်ကူးမှု တိုက်ဖျက်ရေး အခြေအနေတွေကို အဓိက မီးမောင်းထိုးတင်ပြတဲ့ ဒီကနေ့ အွန်လိုင်း ဆွေးနွေးပွဲမှာ သံအမတ်ကြီး Dyer က ခုလို သတိပေးသွားတာပါ။ ဒီ အွန်လိုင်း ဆွေးနွေးပွဲကို ကိုယ်တိုက် တက်ရောက်ခဲ့တဲ့ ကိုစည်သူက အပြည့်စုံ တင်ပြပေးပါမယ်။

ကိုဗစ်ကပ်ရောဂါကြောင့် ဆုတ်ယုတ်လာတဲ့ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှားပါးလာတဲ့ အခြေအနေတွေကို အခွင့်ကောင်းယူပြီး လူကုန်ကူးဂိုဏ်းတွေဟာ ဆင်းရဲတဲ့ နိုင်ငံတချို့က လူငယ်တွေကို ဆိုက်ဘာရာဇဝတ်မှုမှာ အဓမ္မခိုင်းစေနေကြတယ်လို့ အမေရိကန်နိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ သံအမတ်ကြီး စင်ဒီ ဒိုင်ယာ က ပြောပါတယ်။

မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေမှာ အဓမ္မ လုပ်အားခိုင်းစေခံမှုတွေ ပိုများလာနေတယ်လို့ လည်း ပြောပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဌာနရဲ့ ဒီနှစ် ၂၀၂၃ ခုနှစ် လူကုန်ကူးမှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာ တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ ဒီကနေ့ နိုင်ငံခြားရေးဌာနက လုပ်တဲ့ အွန်လိုင်း ဆွေးနွေးပွဲမှာ မြန်မာအပါအဝင် အာရှ ပစိဖိတ်ဒေသက လူကုန်ကူးမှု အခြေအနေတွေကို အဓိက ပြောသွားခဲ့တာပါ။

“မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင် နိုင်ငံတွေ၊ အထူးသဖြင့် အဲ့ဒီမှာရှိတဲ့ အထူးစီးပွားရေးဇုန် နယ်မြေ တချို့မှာ ဖြစ်နေတာပါ။ ကမ္ဘာတဝန်း နိုင်ငံပေါင်း ၃၅ နိုင်ငံက လူတွေ အဲ့ဒီနေရာတွေက အွန်လိုင်းရာဇဝတ်မှု လုပ်ငန်းတွေမှာ လိမ်လည်ခိုင်းစေ ခံနေရတဲ့ အခြေအနေတွေကို အစီရင်ခံစာမှာ ဖော်ပြပါတယ်။”

ကမ္ဘာတဝန်း လူကုန်ကူးခံရမှုတွေဟာ မနှစ်ကထက် ပိုတိုးလာတာ တွေ့ရပြီး တရားစွဲဆိုမှုတွေလည်း မနှစ်ကထက် တိုးလာတယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံနဲ့နယ်မြေဒေသပေါင်း ၁၈၈ ခုက လူကုန်ကူးမှု အခြေအနေတွေကို ဆန်းစစ်လေ့လာထားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီနှစ် လူကုန်ကူးမှုဆိုင်ရာအစီရင်ခံစာမှာ ၂၄ နိုင်ငံက လူကုန်ကူးမှု တားဆီးရေးအဆင့် တက်လာခဲ့ပြီး နိုင်ငံ ၂၀ ကတော့ အဆင့်ကျသွားတယ်လို့ သံအမတ်ကြီး Dyer က ပြောပါတယ်။

မြန်မာနိုင်ငံကတော့ လူကုန်ကူးမှုတိုက်ဖျက်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုမရှိ၊ တိုက်ဖျက်ဖို့ သိသာထင်ရှားတဲ့ အားထုတ်မှုမရှိတဲ့ အဆိုးဆုံး နိုင်ငံတွေကို သတ်မှတ်တဲ့ အဆင့် ၃ (TIER 3) မှာ ဆက်ရှိနေပါတယ်။ လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် အနိမ့်ဆုံးစံနှုန်းတွေကို လိုက်နာဖို့ပျက်ကွက်တဲ့ အဆင့် ၃ သတ်မှတ်ချက်ထဲ မြန်မာနဲ့အတူ ကမ္ဘောဒီးယား၊ တရုတ်၊ မြောက်ကိုရီးယား၊ အီရန်၊ ဆီးရီးယား စတဲ့နိုင်ငံတွေ ပါဝင်ပါတယ်။ မနှစ်က လူကူးကုန်တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ မပါဝင်ခဲ့လို့ အဆင့် (၃) သတ်မှတ်ထားတဲ့ မလေးရှားနိုင်ငံကို ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိလာတဲ့အတွက် အဆင့် ၂ စောင့်ကြည့်စာရင်းမှာ တဆင့်တိုး သတ်မှတ်လိုက်ပေမဲ့ ကျန်တဲ့ အရှေ့တောင်အာရှ နိုင်ငံ အများစုကတော့ မြန်မာနိုင်ငံလိုဘဲ အဆင့်တက်လာတာ မရှိပါဘူး။

လူမှုကွန်ရက်ကနေ အလုပ်အကိုင်ကောင်းတွေ ရမယ်ဆိုတဲ့ မက်လုံးပေး ဆွဲဆောင်မှုတွေကြောင့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို နိုင်ငံတွေလို ဒေသတွင်းက အဆင်းရဲဆုံး နိုင်ငံတွေမှာ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းနဲ့ဆက်စပ်တဲ့ အဓမ္မစေခိုင်းခံရသူတွေ အများအပြား ရှိနေတာပါ။ နိုင်ငံတွေ အစိုးရတွေ အနေနဲ့ ဒီလို ရာဇ၀တ်မှုတွေကို ထိထိရောက်ရောက် တိုက်ဖျက်ရေး အလေးထား ဆောင်ရွက်ကြဖို့လည်း သံအမတ်ကြီးက တိုက်တွန်းပါတယ်။

“ဒီလို အွန်လိုင်း ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေမှာ အဓမ္မ လုပ်အား ခိုင်းစေခံမှုတွေ တိုက်ဖျက်နိုင်ဖို့အတွက် အမေရိကန်အစိုးရက ကူညီကြိုးပမ်းနေတာတွေ ရှိပါတယ်။ နိုင်ငံအစိုးရတွေ၊ အာဏာပိုင်တွေ အနေနဲ့ ဒီလို ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတယ်ဆိုတာကို သူတို့ ပြည်သူတွေသိပြီး လိမ်လည်မခံရအောင် အသိပညာပေးတဲ့ လှုပ်ရှားမှုတွေကို ဦးစားပေး လုပ်ငန်းတခုအနေနဲ့ ထားပြီး ထိထိရောက်ရောက် ဆောင်ရွက်ဖို့လည်း ကျမတို့ တိုက်တွန်းပါတယ်။”

ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ ရွှေကုက္ကိုလ် လောင်းကစားနယ်မြေမှာ ဆိုက်ဘာ ရာဇဝတ်လုပ်ငန်းတွေ ပိုတွင်ကျယ်လာနေပြီး ဒုစရိုက်နဲ့ လောင်းကစား လုပ်ငန်းတွေမှာ အဓမ္မ လုပ်အား ခိုင်းစေခံရမှုတွေ ပိုများလာနေချိန်မှာပဲ ဒေသတွင်း လူကုန်ကူးမှု အခြေအနေတွေကို အမေရိကန်နိုင်ငံခြားရေး ဌာန အစီရင်ခံစာက မီးမောင်းထိုးပြလိုက်တာပါ။ မြန်မာနိုင်ငံတွင်း အဓမ္မ ခိုင်းစေခံနေရတဲ့ လူကုန်ကူးမှုတွေ တိုက်ဖျက်ဖို့ ဒေသတွင်းနိုင်ငံတွေကလည်း မြန်မာကို တိုက်တွန်းထားပါတယ်။ မူးယစ်ဆေးဝါး ရောင်းဝယ်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှု၊ အွန်လိုင်း လိမ်လည်မှုတွေ ရှိနေတဲ့ ရွှေကုက္ကိုလ်ဒေသမှာ လူကုန်ကူးခံရတဲ့ အိန္ဒိယ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေကို သက်ဆိုင်ရာ နိုင်ငံတွေက ကယ်ထုတ်ပေးနေရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG