သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွှေကုက္ကိုလ်မှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားတွေ ထိုင်းအကူအညီနဲ့ကယ်တင်


ရွှေကုက္ကိုလ်မှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားတွေ ထိုင်းအကူအညီနဲ့ကယ်တင် (ဇွန် ၂၅၊ ၂၀၂၃)
ရွှေကုက္ကိုလ်မှာ လူကုန်ကူးခံခဲ့ရတဲ့ အင်ဒိုနီးရှားတွေ ထိုင်းအကူအညီနဲ့ကယ်တင် (ဇွန် ၂၅၊ ၂၀၂၃)

ကရင်ပြည်နယ် မြဝတီခရိုင်ထဲက ရွှေကုက္ကိုလ် လောင်းကစားနယ် မြေမှာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၅၀ နီးပါး လွတ်မြောက်ရေး ဆောင်ရွက်နိုင်ခဲ့တယ်လို့ ထိုင်းရဲချုပ်က ပြောပါတယ်။ ပြန်လည် လွတ်မြောက်လာသူတွေကို မေလ ၂၅ ရက်နေ့ကစလို့ နေရပ် အင်ဒိုနီးရှားကို အသုတ်လိုက် ပြန်ပို့ပေးခဲ့တယ်လို့လည်း ရဲချုပ်က ပြောပါတယ်။ ဒီအကြောင်း ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင်ထဲမှာရှိတဲ့ ရွှေကုက္ကိုလ်အရပ်မှာ လူကုန်ကူးခံရပြီး ဒုစရိုက်ဂိုဏ်းတွေရဲ့ အဓမ္မ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၅၀ နီးပါးကို အင်ဒိုနီးရှား သံရုံးနဲ့အတူ လက်တွဲ ကယ်တင်နိုင်ခဲ့ပြီး နေရပ် ပြန်ပို့တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ထိုင်းရဲချုပ် Surachet Hakpal က ပြောပါတယ်။ ပြန်လွတ်လာသူတွေထဲက ၂၅ ဦးကို မေလ ၂၅ ရက်နေ့က နေရပ်ပို့ခဲ့ပြီး နောက်ထပ် ၉ ဦးကိုတော့ ဇွန်လ ၂၆ ရက်နေ့က ပြန်ပို့ခဲ့တဲ့အကြောင်း ထိုင်းရဲချုပ် Surachet Hakpal ဆူရချေ့ဟတ်ဖန်က သတင်းထောက်တွေကို မနေ့က ခုလို ပြောသွားခဲ့ပါတယ်။

"အခုလို အင်ဒိုနိုင်ငံသားတွေ မြန်မာနိုင်ငံနယ်စပ်မှာ ပိတ်လှောင်ပြီး အတင်အကျပ် အလုပ်ခိုင်းစေနေရတဲ့ အဖြစ်ကို ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုသံရုံးက သတင်းပေး လာတဲ့အတွက် ထိုင်းနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေ ပူးပေါင်းပြီး အင်ဒိုနီးရှား နိုင်ငံသားတွေကို ကယ်တင်နိုင်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းဘာသာနဲ့ပြောသွားပါတယ်။"

ဇွန်လ၂၆ရက်နေ့က ထိုင်းနိုင်ငံ ရဲချုပ်နဲ့ လူကုန်ကူးတိုက်ဖျက်ရေး အဖွဲ့ဝင်တွေ ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက သံအရာရှိတွေဟာ မြဝတီမြို့မှာ လူကုန်ကူးခံနေရတဲ့ အင်ဒို နီးရှားနိုင်ငံသား ၉ ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတဆင့် ဘန်ကောက်မြို့ ဒွန်မောင်းလေဆိပ်ကို ပို့ခဲ့ပြီး အဲဒီကနေ နေရပ်ရင်း အင်ဒိုနီးရှားနိုင်ငံကို ပြန်ပို့ခဲ့တာပါ။ နောက်ထပ် ကျန်ရှိနေသေးတဲ့ ၁၃ ဦး အတွက်လည်း နှစ်နိုင်ငံ အရာရှိတွေ ပူးပေါင်းပြီး နေရပ်ပြန်ပို့ဖို့ ဆက်လုပ်နေတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

အရှေ့တောင်အာရှမှာ လူကုန်ကူးမှု တိုးလာနေတဲ့ အခြေအနေတွေ အောက်မှာပဲ မြန်မာနိုင်ငံမှာ ဆိုက်ဘာလိမ်လည်မှုနဲ့ လူကုန်ကူးခံရတဲ့ အင်ဒိုနီးရှား နိုင်ငံသား ၂၀ လွှတ်မြောက်လာကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ပြီးခဲ့တဲ့မေလတုန်းက ပြောကြားခဲ့ပါတယ်။ သူတို့တွေဟာ ထိုင်းမြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင် ရွှေကုက္ကိုလ်နယ်မြေမှာ ရှိတဲ့ ဒုစရိုက်နဲ့လောင်းကစား လုပ်တဲ့နေရာတွေမှာ ရောင်းစားခံရပြီး သူတို့လွတ်မြောက်ဖို့အတွက် မိသားစုတွေကနေတဆင့် အင်ဒိုနီးရှားအစိုးရကို အကူညီတောင်းခံခဲ့တာပါ။ ၈ လကြာထိ ဒုစရိုက်ဂိုဏ်းလက်ထဲမှာ နေထိုင်နေရပြီးနောက် သူတို့ဟာ မေလက ၆ရက်နေ့က ပြန်လည် လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ဒီနောက် ကျန်နေတဲ့သူတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးက ထိုင်းအစိုးရ တာဝန်ရှိသူတွေနဲ့ အတူ ကြိုးစားခဲ့ပြီး အခုလို ထိုင်းနိုင်ငံတဆင့် အင်ဒိုနီးရှာနိုင်ငံကို ပြန်ပို့ပေးနေတာ ဖြစ်ပါတယ်။

ရွှေကုက္ကိုလ်မှာ အင်ဒိုနီးရှား နိုင်ငံသားတွေလို အလားတူ လူကုန်ကူးခံထားရတဲ့ မြန်မာနိုင်ငံသားတွေ နဲ့ နိုင်ငံပေါင်း ၃၀ လောက်က နိုင်ငံခြားသားတွေ အများအပြား ရှိနေပါတယ်။ ရောင်းစားခံထားရတဲ့ သူတွေဟာ တဦးကို ဘတ်ငွေ ၃သောင်းကနေ ၃ သိန်းလောက်ထိ ပေးပြီး ရွေးထုတ်မှသာ ပြန်လွှတ်ပေးတတ်ကြပါတယ်။

ပြန်လည်လွတ်မြောက်လာတဲ့ အင်ဒိုနီရှားနိုင်ငံသားတွေဟာ အလုပ်ရဖို့အတွက် ကြိုးစားရင်းနဲ့ ကုမ္ပဏီတစ်ခုပြီးတစ်ခု လက်လွှဲရောင်းစားတာကိုခံရပြီး တခြားသူတွေကိုပြန်ပြီး လိမ်လည်တဲ့အလုပ်တွေကို လုပ်ခဲ့ရပါတယ်။ ခိုင်းစေတဲ့ ရာဇဝတ်ဂိုဏ်းက သူတို့ လိုချင်တဲ့ လိမ်လည်ငွေတွေကို မရဘူးဆိုရင် သူတို့ကို ကျင်စက်နဲ့တို့တာ လက်ထိပ်ခတ်ပြီး ရိုက်နှက်တာ အစာရေစာ မပေးဘဲ အခန်းပိတ်ထားတာတွေ နဲ့ နှိပ်စက်မှုမျိုးစုံကို လုပ်တာခံရတယ်လို့ ပြောပြကြပါတယ်။

အခုလိုအွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ ခိုင်းစေခံနေရတဲ့ အင်ဒိုနီးရှားနိုင်ငံသားတဦး အစိုးရထံအကူညီတောင်းထားတဲ့ ရုပ်သံဖိုင်ဟာ ပြီးခဲ့လက လူမှုကွန်ယက်မှာပြန့်နှံ သွားခဲ့ရာက အင်ဒိုနီးရှားပြည်သူတွေက အဲဒီလူတွေကို ကယ်တင်ပေးဖို့အစိုးရကို ဖိအားပေး တောင်းဆိုခဲ့ကြတာပါ။

ဒီလိုဖိအားပေးခံရပြီးတဲ့နောက် သမ္မတ Joko Widodo ကိုယ်တိုင် ထိုင်းမြန်မာနယ်စပ်ဒေသက လူမှောင်ခိုကူးမှုတွေကို အားသွန်ခွန်စိုက် စုံစမ်းခိုင်းရင်း ကယ်တင်လိုက်နိုင်တာလို့ အင်ဒိုရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ ဆန်ဒီနက်ရိုဟိုကလည်း မေလအတွင်းက ပြောဆိုခဲ့ပါတယ်။ လူမှောင်ခိုကူးမှုတွေနဲ့ ဒုစရိုက်ဂိုဏ်းတွေ ရှိနေတဲ့ ရွှေကုက္ကိလ်ဒေသဟာ လက်ရှိ ကရင်နယ်ခြားစောင့်တွေ ထိန်းချုပ်ထားတဲ့ နေရာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG