သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူကုန်ကူးမှု သံသယရှိသူ ၅၀၀ ခန့် အင်ဒိုနီးရှားဖမ်းဆီး


အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အရှေ့ ဆူရာဘာရာမြို့က တရားရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၁၆၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ ဂျာဗားပြည်နယ်အရှေ့ ဆူရာဘာရာမြို့က တရားရုံးရှေ့မှာ လုံခြုံရေးယူနေတဲ့ အင်ဒိုနီးရှားရဲတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၁၆၊ ၂၀၂၃)

အင်ဒိုနီးရှားနိုင်ငံမှာ လူ ၁၅၀၀ ကျော် လူကုန်ကူးခံရမှုမှာ ပါဝင်ပတ်သက်သူတွေအဖြစ် သံသယရှိသူ ၅၀၀ နီးပါးကို ဒီလထဲ ဖမ်းဆီးခဲ့တယ်လို့ အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဒီကနေ့ ပြောပါတယ်။ အရှေ့တောင်အာရှမှာ ရွှေ့ပြောင်းအလုပ်သမား အများဆုံးထွက်တဲ့ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားမှာ လူကုန်ကူးမှုတွေကို အစိုးရက လိုက်လံ တိုက်ဖျက်နေတာပါ။

နိုင်ငံအတွင်း အဆင်းရဲဆုံး ဒေသတွေက လူသောင်းနဲ့ချီဟာ သူတို့အတွက် ဝင်ငွေ ပိုရနိုင်မယ့် အခွင့်အလမ်းတွေ ရှာဖွေရင်း တရားမဝင် လမ်းကြောင်းတွေကနေတဆင့် ပြည်ပမှာ အလုပ်ထွက်လုပ်ဖို့ ကြိုးစားကြတာမှာ လူကုန်ကူးခံရတာ၊ ခေါင်းပုံဖြတ် ခံရတာတွေ ကြုံကြရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်း လူကုန်ကူးခံရမှုတွေ ထိတ်လန့်စရာ ကောင်းလောက်အောင် သိသိသာသာ တိုးလာတာကြောင့် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းအဖွဲ့တခု ဒီလထဲမှာ ဖွဲ့စည်းပြီး နှိမ်နင်းမှု လုပ်ငန်းတွေ အရှိန်မြှင့် လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်းမှာတင် နိုင်ငံပြင်ပပို့ လူကုန်ကူးခံရမယ့်သူ ၁၅၅၃ ယောက်ကို အချိန်မီ ကယ်တင်နိုင်ခဲ့တယ်လို့ နိုင်ငံတော် ရဲတပ်ဖွဲ့ ပြောခွင့်ရ Ahmad Ramadhan က AFP သတင်းဌာနကို ပြောပါတယ်။ အချိန်တိုအတွင်း လူတွေ ဒီလောက်များများ ကယ်တင်နိုင်ခဲ့တယ်ဆိုပေမဲ့၊ အချိန်မီ မကယ်နိုင်လို့ ပြည်ပရောက်သွားသူတွေ အများအပြား ရှိခဲ့တယ်လို့လည်း သူက ပြောပါတယ်။ လူကုန်ကူးမှုတွေမှာ အဓိကပါဝင်နေသူ ၅ ဦးနဲ့ သံသယရှိသူ ၄၉၄ ဦးကို ဒီ ဇွန်လ ၅ ရက်ကနေ ၁၈ ရက်နေ့အတွင်း ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း ပြောပါတယ်။ လူကုန်ကူးခံရသူ အများစုဟာ အိမ်အကူတွေအဖြစ် ခိုင်းစေဖို့နဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် လူကုန်ကူးခံရတာဖြစ်ပြီး ဒီအထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေလည်း ပါပါတယ်။

အင်ဒိုနီးရှားနိုင်ငံမှာ နှစ်စဉ် လူ ၁ သိန်းကနေ ၁ သန်းကြားအထိ လိင်ဖျော်ဖြေရေး လုပ်ငန်းတွေမှာ ခိုင်းစေခံရတာ၊ အတင်းအဓမ္မ ခေါင်းပုံဖြတ် ခိုင်းစေခံရတာတွေ ကြုံကြရတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ပြဿနာတွေ ဆိုးဆိုးရွားရွား ကြုံနေရတဲ့ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေမှာ ဒီလို ငွေကြေးလိမ်လည်တဲ့ လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့အတွက် အဓမ္မ ခိုင်းစေခံရတဲ့ အင်ဒိုနီးရှားနိုင်ငံသား ၁၀၀၀ ကျော်ကို ပြီးခဲ့တဲ့နှစ်အတွင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ကယ်ထုတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG