သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကိုင် ပဋိ့ပက္ခတွေအတွင်း ကလေးငယ်တွေ ကြီးမားတဲ့အခွင့်အရေး ချိုးဖောက်ခံနေရ


ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ မြန်မာကလေးငယ်တချို့ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)
ယခင်မှတ်တမ်းရုပ်ပုံ | ထိုင်း-မြန်မာနယ်စပ်အနီး ကရင်ပြည်နယ်ထဲမှာ စစ်ဘေးရှောင်နေတဲ့ မြန်မာကလေးငယ်တချို့ကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၄၊ ၂၀၂၂)

လက်နက်ကိုင် ပဋိပက္ခတွေအတွင်း ကလေးသူငယ်တွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂက နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး မနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဆွေးနွေးပွဲကျင်းပခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝှမ်း ကလေးငယ်တွေအပေါ် ကြီးမားတဲ့ အခွင့်အရေး ချိုးဖေါက်မှုတွေ ဖြစ်ရပ်ပေါင်း ၂၇၀၀၀ ကျော် အတည်ပြု ဖေါ်ထုတ်နိုင်ခဲ့တဲ့အကြောင်း ကလေးငယ်များအရေးဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Virginia Gamba က ပြောပါတယ်။

ကလေးငယ်ပေါင်း ၁၉၀၀၀ နီးပါး အကြီးအကျယ် အခွင့်အရေး ချိုးဖေါက်မှုရဲ့ ဒဏ်ကို ခံခဲ့ရပြီး အဲဒီထဲက ၈၆၀၀ ကျော်ဟာ သတ်ဖြတ်ခံရ၊ ဒါမှမဟုတ် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့တာတွေကို အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ၂၀၂၂ ခုနှစ်အတွင်း ရုရှားတပ်ဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ အဖွဲ့အစည်းတွေရဲ့ လက်ချက်ကြောင့် ယူကရိန်းမှာ ကလေးငယ် ၁၃၆ ယောက် အသတ်ခံခဲ့ရတဲ့အကြောင်း အမေရိကန်နဲ့ ဗြိတိန်နိုင်ငံတွေက ကိုယ်စားလှယ်တွေက ပြောပါတယ်။ ကုလသဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဒီစွပ်စွဲချက်တွေဟာ ရုရှားကို သပ်သပ်နာမည်ဖျက်တဲ့ စွပ်စွဲချက်တွေလို့ ငြင်းဆိုသွားပါတယ်။

ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့အနီး ကျောင်းမှာတွေ့ရတဲ့ ယူကရိန်းဒုက္ခသည်ကလေးငယ်များ (မတ် ၂၉၊ ၂၀၂၃)
ဟန်ဂေရီနိုင်ငံ ဘူဒါပတ်စ်မြို့အနီး ကျောင်းမှာတွေ့ရတဲ့ ယူကရိန်းဒုက္ခသည်ကလေးငယ်များ (မတ် ၂၉၊ ၂၀၂၃)

လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၅ နိုင်ငံကို တင်သွင်းတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာမှာ ပဋိပက္ခတွေအတွင်း ကလေးငယ်တွေကို သတ်ဖြတ်မှု၊ ခြေလက်အင်္ဂါ ဆုံးရှုံးရတဲ့ အခြေအနေတွေအပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ ပြန်ပေးဆွဲမှုနဲ့ လက်နက်ကိုင်အဖွဲ့ဝင်တွေအဖြစ် အတင်းအကြပ် ဝင်ခိုင်းတာတွေ၊ ကျောင်းတွေ ဆေးရုံတွေတက်ခွင့်နဲ့ အကူအညီရပိုင်ခွင့် ပိတ်ပင်ခံရတာတွေ ထည့်သွင်းထားပါတယ်။

မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ ကလေးသူငယ်တွေ ထိခိုက်စေတဲ့ စာသင်ကျောင်းနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေ အရင်နှစ်တွေကနဲ့ စာရင် ၂၀၂၂ ခုနှစ်အတွင်း နှစ်ဆကျော်၊ ရာခိုင်နှုန်းအားဖြင့် ၁၁၀ ရာခိုင်နှုန်း တိုးလာတဲ့အကြောင်း အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG