သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးတိုက်ခိုက်မှု ကိုယ်တွေ့ကြုံခဲ့ရတဲ့ အမျိုးသမီးတွေရဲ့ ပြောပြချက်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသေဆုံးမှုမြင်ကွင်း။ (ဧပြီ ၁၀၊ ၂၀၂၃)

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ကလေးငယ် ၄၀ နီးပါး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရပါတယ်။ ထိတ်လန့်စရာ ဒီအဖြစ်ဆိုးကြီးကို ကိုယ်တိုင် မျက်မြင် ကြုံတွေ့ခဲ့ရပြီး သားသမီးငယ်တွေ အပါအဝင် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတချို့ရဲ့ ပြန်လည် ပြောပြချက်တွေနဲ့ လက်ရှိ ဘယ်လို အခြေအနေတွေ ကျော်ဖြတ်နေရသလဲ ဆိုတာတွေကို ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍမှာ မခင်ဖြူထွေးက စုစည်း တင်ဆက်ထားပါတယ်။

ကလေးငယ် ၄၀ နီးပါး အပါအဝင် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အရပ်သားတွေ အစုလိုက်သေဆုံးမှု အများဆုံး လေကြောင်း တိုက်ခိုက်မှု ဖြစ်ပါတယ်။ ဘယ်သူဘယ်ဝါ မခွဲခြားနိုင်လောက်အောင် ခန္ဓာကိုယ်အစိတ်အပိုင်း တစစီ ဖြစ်သွားသူတွေ၊ တကိုယ်လုံး မီးလောင် သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။ မိနစ်ပိုင်းအတွင်း လူ ရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ထိတ်လန့်စရာ အဖြစ်ဆိုးကြီးကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရပြီး ခင်ပွန်းသည်နဲ့အတူ သား သမီးနှစ်ယောက် သေဆုံးခဲ့ရတဲ့ အမျိုးသမီးတဦးက ခုလို ပြောပြပါတယ်။

“အဲ့ဒီနေ့က ကျမက အိမ်မှာ ဘုရားအိုး ပန်းလဲပြီး ထိုင်နေတာပါ။ ကျမ မြင်ရတဲ့ အခြေအနေကတော့ သူတို့ ပထမ တချက်ချတော့ အဲ့ဒီနားမှာပါ။ ကျမအိမ်နဲ့က နီးနီးလေးပါ။ ဝုန်းခနဲ ဆိုကတည်းက ကျမလည်း ဘာမှကို မမြင်ရတော့ဘူး။ မီးခိုးလုံးကြီး တက်လာတော့ ကျမလည်း ချောက်ထဲ ဆင်းပြေးတာ။ ချောက်ထဲ ဆင်းပြေးပြီး တော်တော်ကြာ ပုဇဉ်းတွေ ရောက်လာပြီးတော့ ပစ်ကြတော့တာပဲ။ ကျမတို့လည်း ချောက်ထဲ ဝပ်နေရတာ။ အဲ့ဒါနဲ့ ရွာထဲ ဆူညံပွက်သွားတာပဲ။ ကလေးတွေလည်း အဲ့ဒီနားမှာ ပစ်စလက်ခတ် ပဲ။ ကျမ ယောက်ျားရော ကလေး နှစ်ယောက်ရော ပါသွားတာ။ ယောက်ျားလေးက ၆ နှစ်၊ မိန်းခလေးက ၁၁ နှစ်။ အမျိုးတွေလည်း ပါသွားတာ အများကြီးပါပဲ။”

ကျန်ရစ်တဲ့ မိသားစုတွေ အများအပြား အလောင်းကိုယ်တိုင် သင်္ဂြိုဟ်ခွင့်ရဖို့မပြောနဲ့ တွေ့ဖို့တောင် မဖြစ်နိုင်ခဲ့ပါဘူး။ ကူညီကယ်ဆယ်ရေး ဆောင်ရွက်ခဲ့သူတွေက ရှာဖွေတွေ့သမျှ အလောင်းတွေကို စုဆောင်းကောက်ယူပြီး စုပုံ မီးသင်္ဂြိုဟ်ခဲ့ရတဲ့ အခြေအနေ ဖြစ်ခဲ့တာပါ။ အခုပြောပြတဲ့ အမျိုးသမီး ကိုယ်တိုင်လည်း သူ့မိသားစုတွေရဲ့ အလောင်းတွေကို မမြင်ခဲ့ရသလို၊ လက်ရှိအချိန်ထိ တောတောင်ထဲ ပုန်းအောင်းနေရတုန်းပဲလို့ ပြောပြပါတယ်။

“အခု ကျမတို့ အဲ့ဒီနေ့ကစပြီး ကောင်းကောင်းမအိပ်ရဘူး။ ကောင်းကောင်းလည်း မစားရဘူး။ အခုလည်း တောထဲမှာ ပုန်း အိပ်နေရပါတယ်။ ချောင်းကြိုမြောင်းကြား တလျှောက် ရေငတ်ခံ အစာငတ်ခံပြီးတော့ပါ။ ကျမတို့ တောသူတောင်သားတွေ ကတော့ ဘာမှမတတ်နိုင်ပါဘူး။ အားမသန် မာန်လျှော့ ကျမတို့ ဘာမှမလုပ်နိုင်ပါဘူး။ သူတို့လုပ်တာပဲ ခံနေရတာပါ။ ဥမမယ် စာမမြောက် ကလေးလေးတွေ ပါသွားတော့ ကျမ ပိုပြီး ရင်နာတယ်။ ဝမ်းနည်းတယ်။ ကျမလေ အဲ့ဒီနေ့ကဆို အရူးမကြီး တယောက်လိုပဲ။ ဘယ်သွားလို့ ဘယ်လာရမှန်းမသိ။ ဘယ်အားကိုးရမှန်းမသိ။ ကျမတို့မှာလေ ညနေရောက်လာတော့ တခါ ပြန် ပစ်တော့ ကျမတို့မှာ တောကြိုအုံကြားလျှောက်။ နေတတ်စရာလည်း မရှိပါဘူး။ ဒီလို အဖြစ်ဆိုးကြီးထဲမှာလည်း ကျမတို့ မနေချင်ပါဘူး။ ကျမတို့ မိသားစုလို ဘယ်မိသားစုမှ မဖြစ်စေချင်တော့ပါဘူး။ ဒီလိုကြီးလည်း တခါမှမကြားဖူးတော့ ကျမတို့ အဲ့အသံတွေ ကြားရင် ကြောက်ပါတယ်။ ဘယ် ပြေးလို့ ပြေးရမှန်းလည်း ကျမတို့ မသိပါဘူး။ ကျမတို့ မျက်စိရှေ့မှာ မိသားစုတွေ ဒုက္ခဖြစ်နေတော့ ဘယ်မိသားစုမှလည်း ဒီလို အတွေ့အကြုံကြီးနဲ့ မတွေ့စေချင်ဘူး။ ကျမတို့ရင်ထဲမှာလည်း စူးနစ်နေပါတယ်။”

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

လူတွေ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ရတဲ့ ဒီ လေကြောင်းတိုက်ခိုက်မှုအပြီး နောက်ရက်တွေမှာလည်း စစ်ကောင်စီ တပ်ဖွဲ့တွေဟာ ပဇီကြီးရွာ တဝိုက်ကို စစ်ရဟတ်ယာဉ်တွေ အကြိမ်ကြိမ် ပျံဝဲပြီး ခြိမ်းခြောက်တာ၊ ပစ်ခတ်တာတွေကြောင့် အလောင်း ရှာဖွေ ကောက်ယူတာတွေမှာ အခက်အခဲ ဖြစ်ခဲ့ရပါတယ်။ ဧပြီလ ၁၉ ရက်နေ့မှာတော့ ကျေးရွာထဲ စစ်ကြောင်း အင်အားသုံး ဝင်ပြီး နယ်မြေ ရှင်းလင်းတာတွေပါ လုပ်ခဲ့တာကြောင့် ပဇီကြီးနဲ့ ပတ်ဝန်းကျင် ကျေးရွာတွေက ဒေသခံတွေ အများအပြား ဘေးလွတ်ရာ တိမ်းရှောင် ထွက်ပြေး နေရတယ်လို့ ကိုယ်တိုင် ကြုံတွေ့ရသူတွေနဲ့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ဗွီအိုအေကို ပြောပြကြပါတယ်။

ခုချိန်ထိ ရွာကနေ ထွက်ပြေး တိမ်းရှောင်နေဆဲ ဖြစ်တဲ့ အမျိုးသမီးတဦးက ဧပြီ ၁၁ ရက်နေ့က ဖြစ်ရပ်ကို ခုလို ပြန် ပြောပြပါတယ်။

“အဲ့ဒီနေ့က ကျမတို့ သားအမိတစုက မင်္ဂလာဆောင်အိမ်မှာ။ ကျန်တဲ့သူတွေက အဲ့ဒီကို သွားကြတာပါ။ မင်္ဂလာဆောင်အိမ်မှာ ကျန်နေလို့ ကျမတို့က လွတ်တာ။ မဟုတ်လို့ရှိရင်တော့ ကျမတို့လည်း အပါပဲ။ ကျမတို့က မင်္ဂလာဆောင်အိမ်မှာ ထမင်းချက် ဝိုင်းလုပ်နေကြတုန်း ဝုန်း ဝုန်းနဲ့ အသံကြီးကြားတော့ မင်္ဂလာဆောင်အိမ်မှာ ဝပ်နေရတာ။ ထလည်း ကြည့်လိုက်ရော မီးခိုးလုံးကြီး။ ဘာမှမမြင်တော့ဘူး။ ဘာမှမသိတော့ဘူး။ ခုက ကျန်ရစ်တာက ကျမ သမီးရယ်၊ အမေရယ်၊ အစ်ကို တယောက်ရယ်။ ကျမ အမျိုးသား ကတော့ ဆေးရုံတက်နေရတယ်။ ဒါပဲ ကျန်ရစ်တာ။”

ကျန်တဲ့ မိသားစုဝင် ၇ ယောက်ကတော့ ၁၁ နေ့က လေကြောင်း တိုက်ခိုက်ခံရမှုအတွင်းမှာ သေဆုံးခဲ့တာလို့ သူက ပြောပြပါတယ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရလို့ မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦး
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရလို့ မိသားစုဝင် ၇ ဦး ဆုံးရှုံးခဲ့ရသူ အမျိုးသမီးတဦး

“ပါတာက အဖေ ပါသွားတာ။ ယောက်ျားက ဆေးရုံ တက်နေရတယ်။ အစ်ကိုကြီးရော၊ အစ်ကိုလေးရော၊ အစ်ကိုလတ်ရော အကုန် ပါသွားတာ။ အဲ့ဒီအစ်ကိုတွေအပြင် တူမလေးက နှစ်ယောက်။ တူလေးက တစ်ယောက်။ ကျမ မိသားစုက ၇ ယောက် ပါသွားတာ။ (သေသွားသူတွေရဲ့ အလောင်းတွေ) မြင်လည်း မမြင်ရဘူး။ ဆေးရုံတက်တယ် ဆိုတဲ့သူလည်း အသံသာကြားတာ။ ဆေးရုံ တက်တယ်လို့သာ ပြောတာ။ မြင်လည်း မမြင်ရဘူး ခုချိန်ထိ။”

ရုတ်တရက်ကြုံလိုက်ရတဲ့ အဖြစ်ဆိုးကြီးထဲမှာ မိသားစုဝင် အများအပြား ဆုံးရှုံးလိုက်ရတဲ့ သူတွေအတွက် ပူဆွေးသောက ကြီးလှပါတယ်။ ရွာပြန်ရင် ဒီအဖြစ်ဆိုးကြီး ပြန်မြင်ရမှာ ကြောက်တယ်လို့ မိခင်ဖြစ်သူကလည်း ပြောပါတယ်။

“ရွာပြန်ရင် ဒီမြင်ကွင်းကြီးက ပြန် မြင်နေရမှာ။ ဖြစ်တဲ့နေ့ကတည်းက တန်းပြေးလာရတာ။ ခြုံကြားတွေထဲ အတင်းတိုး ပုန်းရ။ အင်္ကျီ ပုဆိုးတွေပြဲ။ သားသမီးတွေ ပြန်ရှာကြည့်ဖို့တောင် မရှာနိုင်။”

ပဇီကြီး လေကြောင်း တိုက်ခိုက်မှုအတွင်း ၅ နှစ်သားအရွယ် မြေးငယ်လေးနဲ့ သားမတ်ဖြစ်သူကို ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးတဦးကတော့ ဘေးကင်းကင်းနဲ့ အေးအေးချမ်းချမ်း နေချင်ပြီလို့ ပြောပါတယ်။

“ကျမတို့ ပြေးပြေးလွှားလွှားနဲ့ ကြောက်ကြောက်လန့်လန့် လာရလို့ ဆေးဝါးနဲ့ မပါခဲ့ပါဘူး။ လိုအပ်တာကတော့ သောက်ရေ သုံးရေတွေက အစ အစစအရာရာ အခက်အခဲ ရှိပါတယ်။ အဲ့ဒါတွေ လိုအပ်ပါတယ်။ နောက်ထပ်လည်း ကြောက်လန့်နေရပါတယ်။ ကျန်တဲ့သူတွေ အတွက်လည်း ပူပင်ရပါတယ်။ ကောင်းကောင်းမွန်မွန်လေးနဲ့ လုံလုံခြုံခြုံလေး အန္တရာယ်ကင်းကင်းလေး နေချင်ပါတယ်။”

နောက်ထပ် ဘယ် မိသားစုတွေမှ ခုလို အဖြစ်ဆိုးမျိုး မကြုံရစေချင်ဘူးလို့ သားနဲ့သမီး ဆုံးရှုံးခဲ့ရတဲ့ အမျိုးသမီးကလည်း ပြောပါတယ်။

“ကျမ ဖြစ်ချင်တဲ့ဆန္ဒလေးကတော့ အေးအေးချမ်းချမ်းလေး နေချင်ပါတယ်။ ဘယ်မိသားစုမှ ဒီလိုဒုက္ခကြီးနဲ့ မကြုံစေချင်တော့ပါဘူး။ ကျမတို့ ဝမ်းနည်းသလိုလည်း သူတို့ကို ဝမ်းမနည်းစေချင်ဘူး။ ကျမတို့ ခံစားရသလိုလည်း ဘယ်မိသားစုမှ မခံစားစေချင်တော့ဘူး။ တရက်မှလည်း ကျမတို့ အေးအေးချမ်းချမ်း မနေရဘူး။ ဒီအသံကြီးကြားရင် ကျမတို့ ကြောက်ပါတယ်။ ဒီအသံကြီးလည်း ကျမတော့ မကြားချင်တော့ဘူး။”

ထိတ်လန့်စရာ အဖြစ်ဆိုးကြီး ကြုံခဲ့ရတဲ့ ဒေသခံတွေဟာ ခုချိန်ထိလည်း စိတ်ပိုင်း ရုပ်ပိုင်း လုံခြုံမှုမရှိဘဲ တောတောင်တွေထဲ ပြေးလွှား ပုန်းအောင်း နေကြရဆဲ ဖြစ်သလို၊ မိသားစုဝင်တွေ နေ့မြင်ညပျောက်အဖြစ်နဲ့ ကြုံခဲ့ရတဲ့ စိတ်ဒဏ်ရာက တော်တော်နဲ့ ကုစားဖို့လည်း လွယ်ကူနိုင်မှာ မဟုတ်ပါဘူး။ ဒီလို မိသားစုတွေအတွက် စိတ်ပိုင်း ရုပ်ပိုင်း အထောက်အပံ့တွေ အများအပြား လိုအပ်နေတယ်လို့ စစ်ဘေး ဒုက္ခသည်တွေကို အနီးကပ် ကူညီနေသူတွေက ပြောပြကြပါတယ်။

လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။
လူပေါင်း ၁၇၀ သေဆုံးခဲ့ရတဲ့ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအပြီး စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ အပါအဝင် အနီးနားက ကျေးရွာက ဒေသခံတွေဟာ တောတောင်တွေထဲ တိမ်းရှောင်နေရပါတယ်။

ကလေးငယ် အများအပြား အပါအဝင် အရပ်သား ပြည်သူရာနဲ့ချီ သေဆုံးခဲ့ရတဲ့ ပဇီကြီးရွာ တိုက်ခိုက်မှုဟာ မြန်မာစစ်ကောင်စီ တပ်ဖွဲ့တွေရဲ့ လူသားထု တရပ်လုံးအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချကြပါတယ်။ ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုဟာ လူတွေရဲ့အသက်တွေနဲ့ နိုင်ငံတကာဥပဒေကို စစ်ကောင်စီက အလေးမထားဘူး ဆိုတာကို နောက်ထပ် ပြသလိုက်တာဖြစ်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Linda Thomas-Greenfield ကလည်း ကြေညာချက် ထုတ်ပြန်ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာလည်း ဗြိတိန်နိုင်ငံရဲ့ တောင်းဆိုမှုနဲ့ မြန်မာ့အရေး အရေးပေါ် တံခါးပိတ် ဆွေးနွေးပွဲ ခေါ်ယူခဲ့ပြီး မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် (၂၆၆၉) ကို လက်တွေ့ အကောင်အထည်ဖော်ဖို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန် သံအမတ်ကြီးတွေက တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။

အရပ်သား ပြည်သူတွေကို ပစ်မှတ်ထားတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေဟာ စစ်ရာဇဝတ်မှု ကျူးလွန်တဲ့ လက္ခဏာတွေ ဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ကလည်း ဗွီအိုအေကို ပြောပါတယ်။ ဒီအခြေအနေတွေ ရပ်တန့်ဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက ထိရောက်တဲ့ ကိုင်တွယ် အရေးယူမှုတွေ လုပ်သွားရလိမ့်မယ်လို့လည်း သူက ပြောဆိုပါတယ်။
ပဇီကြီးရွာ လေကြောင်း တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဝန်ခံထားတဲ့ မြန်မာ စစ်ကောင်စီကတော့ အဲ့ဒီဒေသမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ရှိနေတာကြောင့် တိုက်ခိုက်တာလို့ တုံ့ပြန် ထားပါတယ်။

လက်ရှိအချိန်အထိ နေရပ်မပြန်နိုင်ကြသေးတဲ့ ဒေသခံအရပ်သားတွေကတော့ တိုက်ခိုက်မှုတွေ အားလုံးရပ်ပြီး အေးအေးချမ်းချမ်း အိမ်ပြန် နေထိုင်ခွင့်ရဖို့ကိုပဲ မျှော်လင့်နေကြတဲ့အကြောင်း တင်ပြရင်း ဒီသီတင်းပတ် အမျိုးသမီးကဏ္ဍကို ဒီမှာပဲ ရပ်နားခွင့်ပြုပါ။ ကျမ ခင်ဖြူထွေးပါရှင်။

XS
SM
MD
LG