သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များထိခိုက်မှုတိုးလာ


စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)
စစ်ကိုင်းတိုင်း ဒီပဲရင်းမြို့နယ်အတွင်း စာသင်ကျောင်းတကျောင်းကို စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်တဦး (စက်တင်ဘာ ၁၇၊ ၂၀၂၂)

မြန်မာ အပါအ၀င် ကမ္ဘာတဝန်း စစ်မက်ဖြစ်ပွားနေတဲ့ နိုင်ငံတွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ်တွေ ရှိတဲ့စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ တိုက်ခိုက်ခံရပြီး ကလေးငယ် ထိခိုက် သေဆုံးမှု အရေအတွက် ပိုများလာခဲ့တယ်လို့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြင်းထန် လာနေတဲ့ မြန်မာနိုင်ငံမှာ ကလေးငယ်တွေ တိုက်ခိုက်ခံရတဲ့ အခြေအနေ ဘယ်လောက်အထိ စိုးရိမ်စရာ ဖြစ်လာနေပါလဲ။ ရန်ကုန် ကလာတဲ့ သတင်းပေးပို့ချက်ကို ဒေါ်ခင်မျိုးသက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ကလေးငယ် ထိခိုက်၊ သေဆုံး ဒဏ်ရာရမှုတွေ ဖြစ်စေခဲ့တဲ့ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်တွေဟာ ဒီ့အရင်နှစ်ကထက် ၁၁၀ % အထိ တိုးလာပြီး ဒီလို အဓိက ဖြစ်နေတဲ့ နိုင်ငံ တွေထဲမှာ မြန်မာနိုင်ငံလည်း ပါဝင်တယ်လို့ ဇွန်လ ၂၇ ရက်နေ့ကထုတ်ပြန်တဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေ အများအပြား တိုက်ခိုက်ခံခဲ့ရပြီး လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ကလေးငယ်တွေ ရာနဲ့ချီ သေဆုံးခဲ့ရပါတယ်။ ဒါတွေဟာ ဘယ်လိုမှ လက်ခံနိုင်စရာ မရှိဘူလို့ ကလေးအခွင့်အရေး ဆောင်ရွက်နေတဲ့ ရှေ့နေတဦးက ဗွီအိုအေကို ပြောပြပါတယ်။

"စစ်မက်ဖြစ်ချိန်မှာ စစ်ရေးပစ်မှတ်ကိုဘဲတိုက်ခိုက်လို့ရတယ်။ အရပ်ဘက်ပစ်မှတ်ကိုတိုက်လို့မရဘူး။ ပြည်သူတွေနေထိုင်တဲ့ဆေးရုံ၊ စာသင်ကျောင်း၊ စစ်ဘေးသင့်သူတွေနေတဲ့နေရာတွေ ဘုရားကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ ဒါမျိုးတွေက ပစ်ခတ်တိုက်ခိုက်လို့မရဘူး။ ဒါပေမယ့် လက် တွေ့စိတ်မကောင်းစရာဖြစ်နေတာက စ-က-စက အဲနေရာတွေကို ဗီဒီအက်တွေခိုအောင်းတယ်ဆိုပြီး လေယာဉ်တွေနဲ့အကြိမ်ကြိမ်ဗုံးကြဲတယ်။ အကြိမ်ပေါင်းများစွာ စစ်သေနတ်တွေနဲ့ပစ်ခတ်တိုက်ခိုက်တယ်။ အများဆုံးသေတာက ကလေးတွေနဲ့သက်ကြီးရွယ်အိုတွေများတယ်။ အဲဒါကနိုင်ငံတကာ အရကောပြည်တွင်းဥပဒေအရကော ဥပဒေနဲ့ညီညွတ်တာမဟုတ်ဘူး။ ဘယ်လိုကြည့်ကြည့်နိုင်ငံတကာ ကဘဲကြည့်ကြည့် လူမှုရေးရှုထောင့်ကကြည့်ကြည့် နိုင်ငံတကာ ဥပဒေအရကြည့်ကြည့် ပြည်တွင်းဥပဒေ အရဘဲကြည့်ကြည့် ဒါကဥပဒေနဲ့ မညီပါဘူး"

အာဏာသိမ်းပြီး နောက်ပိုင်းမြန်မာနိုင်ငံမှာ ကလေးသူငယ်တိုင်း အခြေခံရပိုင်ခွင့်တွေဖြစ်တဲ့ အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ်စောင့်ရှောက်ခွင့်နဲ့ ပါဝင်ဆောင်ရွက်ခွင့်တွေဟာ အနိမ့်ဆုံးအဆင့်မှာ ရှိနေပြီး စစ်ပွဲတွေအတွင်း အရပ်သားတွေကိုပစ်မှတ်ထား တိုက်ခိုက်မှုတွေကြောင့် ကလေးတွေရဲ့ အသက်အန္တရာယ်နဲ့ လုံခြုံရေးဟာ စိုးရိမ်စရာ ဖြစ်လာတယ်လို့လည်းသူကပြောပါတယ်။

အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း စစ်ကောင်စီတပ်တွေကြောင့် နိုင်ငံတဝှမ်း ကလေးသူငယ် ၄၀၀ နီးပါး အသက်ဆုံးရှုံးခဲ့ရတယ်လို့ NUG ရဲ့ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပြီးခဲ့တဲ့ မေလက ထုတ်ပြန်ထားပါတယ်။

မြေမြှုပ်မိုင်း၊ လက်နက်ကြီးထိမှန်တာနဲ့ စစ်ကောင်စီရဲ့ ဓားစာခံအနေနဲ့ ဖမ်းဆီး ခေါ်ဆောင်ခံရတာကြောင့် အများဆုံး သေဆုံးခဲ့ရတာလို့ ပြောပါတယ်။ ဧပြီလ တစ်လတည်းမှာပဲ လေကြောင် းကနေ တိုက်ခိုက်မှုတွေကြောင့် ကလေးငယ် ၅၅ ဦးထိ စံချိန်တင်သေဆုံးခဲ့ရတာကို လူ့အခွင့်အရေးအဖွဲ့တွေကလည်း ထောက်ပြကြပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပိုပြင်းထန်လာသလို၊ စစ်ဘေး သင့်ဒေသတွေမှာ ကလေးငယ်သေဆုံးမှု တွေ သိသိသာသာ ပိုများလာခဲ့ပါတယ်။ ဒီနှစ် ဧပြီလက စစ်ကောင် စီတပ်ဖွဲ့တွေ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အတွင်း လူ ရာနဲ့ချီသေဆုံးခဲ့တာမှာ အဲဒီထဲမှာ အသက် ၁၈နှစ်အောက်ကလေးငယ် အယောက် ၄၀ နီးပါး ပါဝင်ခဲ့ပါတယ်။

ဒီပဲယင်း ဒေသတွင်းမှာလည်း မကြာသေးခင်က စစ်ကောင်စီရဲ့ ပစ်ခတ်မှုနဲ့ စစ်ရေးဖိအားတွေကြောင့် အပြစ်မဲ့ကလေးငယ် ၁၀ ဦးထိသေဆုံးခဲ့ရတယ်လို့ အဲဒီဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတဦးက ပြောပါတယ်။ တချိန်တည်းမှာလည်း စစ်ဘေးသင့် ကလေးငယ်တွေကြား အစာရေစာပြတ်လတ်တာအပြင် လုံခြုံရေးနဲ့ အမိုးအကာ မလုံလောက်တာ၊ ကျန်းမာရေးစောင့်ရှောက်မှု ချို့တဲ့တာတွေ ကြုံနေရတယ်လို့ ဒီပဲယင်းဒေသမှာ ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသူက ပြောပါတယ်။

" စစ်ပွဲကြောင့်ကလေးသေဆုံးတာ ၁၀ဦးကျော်လောက်ရှိပြီ။ ကလေးတွေကစားနပ်ရိက္ခာဒုက္ခရောက် နေတယ်။ သူတို့စစ်ရှောင်နေတဲ့စခန်းမှာဘာပညာရေးမှမရှိဘူး။ ဘာကျန်းမာရေးစောင့်ရှောက်မှုမှမရှိ ဘူး။ လူဘဲအသက်ရှင်ကျန်တယ်။ ကျန်တဲ့အခက်အခဲတွေကပေါင်းစုံဘဲ။ နေရကျပ်အစားကခက်နဲ့ ဖြစ်သလိုနေနေကြရတယ်။ အရမ်းဒုက္ခရောက်နေကြတယ်။ အရမ်းပူတဲ့ရက်ဆို အာဟာရချို့တဲ့လို့ သတိလစ်မေ့မြောတာတွေ တောင်ကြုံနေရတယ်။"

တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်ဘက်မှာလည်း စစ်ကောင်စီရဲ့ နယ်မြေရှင်းလင်းတိုက်ခိုက်မှုနဲ့ နှစ်ဘက်ထိတွေ့မှုတွေ အတွင်း လက်နက်ကြီး ပစ်ခတ်မှုနဲ့ မြေမြှုပ်မိုင်းတွေ ကြောင့် အာဏာသိမ်းပြီးတဲ့ ၂နှစ်ကျော်ကာလအတွင်းမှာ ကလေးသူငယ် အယောက် ၅၀နီးပါး သေဆုံးခဲ့တယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ (KnHRG) အဖွဲ့က ကိုဗညားက ပြောပါတယ်။

"ကျနော်တို့ပြောနိုင်တာက ဒီ၂နှစ် ၃နှစ်အတွင်းမှာ ၁၈နှစ်အောက်ကလေးသေဆုံးမှုနှုန်းဟာ မရှိဘူးဆို ၅၀ မအောက်ဘူးလို့ပြောလို့ရပါတယ်။ ဒါကလက်ရှိ ကရင်နီပြည်နယ်မှာပေါ့။ ထိခိုက်ဒဏ်ရာရနှုန်းက ၁၀၀ ဝန်းကျင်နီးပါးရှိပါတယ်။ တိုက်ပွဲဖြစ်တာကိုတော့ကျနော်တို့တားလို့မရဘူး။ ကလေးသူငယ်ပေါ် ပစ်မှတ်ထားတာတော့ရှောင်ရှားလို့ရတယ်။ ကျနော်တို့ပြည်နယ်မှာကျောင်းတွေကိုဦးတည်ပစ်မှတ်တာ တွေပိုများလာတယ်တွေ့ရတယ်။ နောက်ဆေးရုံတွေပေါ့။ နောက်စစ်ဘေးရှောင်စခန်းတွေပေါ့ ဒီနေရာတွေက ကလေးတွေသွားလာနေထိုင်ဆေးကုနေတဲ့နေရာတွေဖြစ်တယ်။ ဒါဟာကတော့ အဆိုးရွားဆုံးလူ့အခွင့်အရေးချိုးဖောက်တဲ့နေရာတွေဖြစ်တယ်။ စစ်ရာဇဝတ်မှုကျူးလွန်တယ်။ လူ့သားမျိုးနွယ်တခုကိုမျိုးတုန်းအောင်လုပ်တဲ့တခုလို့သတ်မှတ်ပါတယ်။"

ဒီလို စစ်ပွဲအတွင်း ကလေးငယ်တွေ ထိခိုက်ခံစားနေရတာတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီကို ဆက်သွယ်မေး မြန်းပေမဲ့ ပြန်လည် ဖြေကြားခြင်းမရှိခဲ့ပါဘူး။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF Myanmar ကတော့ မြန်မာနိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ အခြေအနေဟာ ဆိုးသထက် ဆိုးလာနေသလို ၂၀၂၃ ခုနှစ်အတွင်း ကလေးသူငယ် ၅.၆ သန်း လူသားချင်း စာနာမှုဆိုင်ရာအကူအညီတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၂၂ ခုနှစ်ထဲမှာ ကလေးသူငယ် သတ်ဖြတ်ခံရ၊ ဒါမှမဟုတ် ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရခဲ့တဲ့ အရေအတွက်က ၈,၆၃၀ ကျော် ရှိကြောင်း ကုလသမဂ္ဂက စိစစ်နိုင်ခဲ့ပြီး ဒါဟာ ၂၀၂၁ ခုနှစ်နဲ့ နှိုင်းယှဉ်ရင် ၅ ရာခိုင်နှုန်း တိုးလာခဲ့ပါတယ်။ အသက်သေဆုံး၊ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ကလေးသူငယ် တွေရဲ့ ၂၅ ရာခိုင်နှုန်းကျော်ဟာ မြေမြှုပ်မိုင်းတွေ အပါအဝင် ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ အသုံးပြုခြင်းကြောင့် ဖြစ်တယ်လို့ ပြောထားပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေဟာ ၂၀၂၂ ခုနှစ်ထဲမှာလည်း ဆက်လက်ပြင်း ထန်ခဲ့ပြီး ဒီလို ပဋိပက္ခတွေကြား ထိခိုက်ခဲ့ရတဲ့ ကလေး ဦးရေက ၁၉,၀၀၀ နီးပါး ထိရှိနေတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG