သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီဂျစ်တယ်နည်းပညာအသုံးချမှု စစ်ကောင်စီ တင်းကြပ်စွာ ထိန်းချုပ်ထား


မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်အသုံးပြုမှုအပိတ်ခံရပြီးနောက် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေစဉ် (ဖေဖော်ဝါရီ ၄၊ ၂၀၂၁)
မြန်မာနိုင်ငံတွင်း Facebook လူမှုကွန်ရက်အသုံးပြုမှုအပိတ်ခံရပြီးနောက် အမျိုးသမီးတဦး မိုဘိုင်းဖုန်းအသုံးပြုနေစဉ် (ဖေဖော်ဝါရီ ၄၊ ၂၀၂၁)

မြန်မာစစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေရဲ့အသံတွေ တိတ်သွားအောင် ဒီဂျစ်တယ်နည်းပညာအသုံးချမှုကို တင်းကြပ်စွာ ကန့်သတ် ချုပ်ခြယ်ထားတယ်လို့ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article 19 က ဆွစ်ဇာလန်နိင်ငံ ဂျနီဗာမြို့မှာ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီမှာ ဒီနေ့(ဇူလိုင် ၆) တင်ပြထားသွားပါတယ်။

မြန်မာနိုင်ငံမှာ ထုတ်ပြန်ထားတဲ့ “အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ” ဟာ လွတ်လပ်စွာ ဒီဂျစ်တယ်နည်းပညာ အသုံးချခွင့်အတွက် အကြီးမားဆုံး အဟန့်အတားဖြစ်နေပြီး ဒီဥပဒေနဲ့ပဲ သတင်းထောက်တွေ၊ သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်နေသူတွေ၊ လူ့အခွင့်အရေးကို ခုခံကာကွယ်သူတွေ၊ ဆရာဆရာမတွေ၊ ကျောင်းသားတွေနဲ့ စစ်အုပ်ချုပ်ရေးကို ဆန့်ကျင်သူတွေကို မကြာသေးခင် ကာလတွေအတွင်းမှာပဲ ဖမ်းဆီး၊ ထောင်ချတာအပြင် တချို့ဆို သေဒဏ်ပါ ချမှတ်ခံခဲ့ကြရတယ်လို့ Article 19 အဖွဲ့က ပြောပါတယ်။ တဘက်မှာ ဒီဂျစ်တယ်နည်းပညာ အသုံးချမှုကို အဲဒီလို ကန့်သတ်ထားပေမယ့် စစ်တပ်ကို လိုလားသူတွေက ဒီမိုကရေစီလိုလားသူတွေရဲ့ အွန်လိုင်းအကောင့်တွေကတဆင့် ဖမ်းဆီးထောင်ချမယ်၊ အသက်အန္တရာယ်ပြုမယ်ဆိုတဲ့ ခြိမ်းချောက်မှုတွေကို အရှိန်မြင့် လုပ်ဆောင်လာနေတယ်လို့ ကုလသမဂ္ဂလူ့အခွင့်ရေးကောင်စီမှာ Article 19 အဖွဲ့ကိုယ်စားလှယ်က တင်ပြသွားတာပါ။

ဒီအတောအတွင်း လက်ရှိရေးဆွဲထားတဲ့ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ ဥပဒေမူကြမ်းအရ ခွင့်ပြုချက်မရှိဘဲ VPN အသုံးပြုနေသူတွေကို စစ်ကောင်စီက ရာဇဝတ်မှုနဲ့ အရေးယူဖို့ စီစဉ်နေတယ်လို့လဉ်းပြောပါတယ်။ ဒါကြောင့်လည်း လွတ်လပ်စွာပြောဆိုခွင့်နဲ့ လူတဦးချင်းရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်ကို ထိန်းသိမ်းစောင့်ရှောက်ရေးကိစ္စတွေကို လေးစားလိုက်နာတဲ့ နိုင်ငံတခုချင်းစီက ဒီလို ဖိနှိပ်ချုပ်ခြယ်တဲ့ ဥပဒေတွေ ပြန်လည် ရုပ်သိမ်းပေးရေး စစ်ကောင်စီအပေါ် ဖိအားပေး လုပ်ဆောင်ကြဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီရဲ့ အကြမ်းဖက် ဖိနှိပ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာကြရသူတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအတွက် နိုင်ငံတကာက ရေရှည် ကူညီထောက်ပံ့မှုတွေပေးကြဖို့လည်း Article 19 အဖွဲ့က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG