သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွိုင်ကော်အပါအဝင် ကရင်နီဒေသအများစု အင်တာနက်လိုင်းပြတ်တောက်နေ


လွိုင်ကော်
လွိုင်ကော်

ကယားပြည်နယ် လွိုင်ကော်မြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ သုံးစွဲမရတော့ဘဲ Mytel နဲ့ MPT ဆင်းကဒ်တွေတောင် ဖုန်းခေါ်တာ တခုသာ ရတော့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဆက်သွယ်ရေး ကွန်ရက်လိုင်းတွေ ကျနေတဲ့အတွက် ပြင်ဆင်ဆောင်ရွက်နေတာလို့ ဆင်းကဒ်ဝန်ဆောင်မှု ကုမ္ပဏီတွေဘက်က ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးပါမယ်။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်က မြို့တော်လွိုင်ကော် အပါအ၀င် နေရာဒေသ အတော်များများမှာ ဇွန် ၂၇ ရက် မနက်ပိုင်းကစလို့ ဖုန်းခေါ်လို့ မရတော့တဲ့အပြင် မိုဘိုင်းအင်တာနက်ရော Wifi အင်တာနက်တွေပါ အသုံးပြုလို့ မရတော့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ခြွင်းချက်အနေနဲ့ မိုင်တဲလ် နဲ့ MPT ဆင်းကဒ် ၂ ခုသာ ဖုန်းခေါ်လို့ရပြီး အင်တာနက် ကတော့ လုံးဝ မရဘူးလို့ လွိုင်ကော် ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“မနေ့ မနက် ၈ နာရီလောက်ကတည်းကခင်ဗျ။ အင်တာနက်တွေလည်း သုံးလို့ အဆင်မပြေတော့ဘူး Wifi တွေလည်း အကုန်ဖြတ် နောက် မိုင်တဲလ်တမျိုးလောက်ပဲ အင်တာနက် နည်းနည်းပြန်ရတယ်။ အဲ့ဒါလည်း လိုင်းမကောင်းဘူး။ တယ်လီနောမရတော့ဘူး။ အော်ရီဒူးမရတော့ဘူး။ MPT က ဖုန်းခေါ်လို့ရတယ်။ အင်တာနက် သုံးမရတော့ဘူး။ တမြို့လုံးလိုလိုပဲ မြို့ပေါ်တင်မဟုတ်ဘူး။ တပြည်နယ်လုံးလိုလို ဖြစ်နေတာ။ ကယားပြည်နယ် တပြည်နယ်လုံးလိုလို ဖြတ်ပလိုက်တာ။ စီးပွားရေး အလုပ်ကိစ္စတွေဆို အရမ်းနစ်နာတယ်။ ကိုယ်ကဆက်မရဘူး။ အဆင်မပြေဘူး။ အများစုက တယ်လီနောပဲသုံးတာဆိုတော့လေ။ လူကိုယ်တိုင်သွားနေရတယ်။ တခုခုပစ္စည်းစုံစမ်းရင်တောင် လူကိုယ်တိုင်ပဲသွားနေရတယ်။ ရန်ကုန်-မန္တလေးဘယ်လိုမှ ဆက်သွယ်မရတော့ဘူး။”

အခုလို ဖုန်းလိုင်းတွေနဲ့ အင်တာနက်လိုင်းတွေ သုံးစွဲမရတာနဲ့ ပတ်သက်လို့ ဆက်သွယ်ရေး ကုမ္ပဏီတခုကို ဆက်သွယ်မေးမြန်းကြည့်ရာမှာ ဆက်သွယ်ရေး ကွန်ရက်လိုင်းတွေ မြို့နယ်တခုလုံး လိုင်းကျနေတဲ့ အတွက် ဖုန်းအင်တာနက်တွေ အဆင်မပြေတာကို ပြင်ဆင် ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြားပါတယ်။ အခုလို အင်တာနက်လိုင်းတွေ ဖုန်းလိုင်းတွေ အသုံးပြု မရတော့တဲ့အတွက် ဒေသခံတွေအနေနဲ့ တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာမှာကို စိုးရိမ်နေပြီး စစ်တပ်ဘက်ကလည်း ညတိုင်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ ရှိတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကရင်နီပြည်နယ်လိုပဲ စစ်ကိုင်းတိုင်းထဲမှာ ဆိုရင်လည်း အာဏာသိမ်းမှုနောက်ပိုင်း စစ်ကိုင်းတိုင်း မြို့ကြီးတွေဖြစ်တဲ့ စစ်ကိုင်း ၊ မုံရွာ ၊ ရွှေဘို အစရှိတဲ့ မြို့ကြီး ၅ မြို့ကလွဲပြီး ကျန်တဲ့မြို့နယ်တွေက ရွာတွေဘက်မှာ အင်တာနက်လိုင်း အမြန်နှုန်းတွေကို 4G အဆင့်ကနေ 2G အဆင့် လျော့ချခဲ့တာ အခုဆို ၂ နှစ် နီးပါးရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်နဲ့ သတင်းအချက်အလက် တွေကို ပိတ်ပင်ဟန့်တားဖို့ အင်တာနက် ဖုန်းလိုင်းတွေ ဖျက်ချတာ၊ အနှောက်အယှက် ပြုတာတွေ ပို ကြုံလာနေတာကြောင့် ဒီလို ဖိနှိပ်မှုတွေ မလုပ်ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်း ပြောဆိုနေကြပါတယ်။ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ အင်တာနက် လွတ်လပ်ခွင့်မရှိတဲ့ နိုင်ငံတခုအဖြစ် သတ်မှတ်ခံထားရတဲ့နိုင်ငံ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG