သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မြို့အနီး KIA နဲ့ စစ်ကောင်စီတပ်အကြား စစ်ရေးတင်းမာနေ


စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော်မြို့အနီး နမ့်ဆန်ယန်ကျေးရွာ (ဇူလိုင် ၆၊ ၂၀၂၃)
စစ်ကောင်စီနဲ့ ကချင်လွတ်မြောက်ရေးတပ် (KIA) တို့တိုက်ပွဲဖြစ်ပွားရာ ဝိုင်းမော်မြို့အနီး နမ့်ဆန်ယန်ကျေးရွာ (ဇူလိုင် ၆၊ ၂၀၂၃)

စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အကြားနှစ်ဘက် စစ်ရေးတင်းမာနေဆဲ ဖြစ်တာကြောင့် နမ့်ဆန်ယန်ကျေးရွာမှာ ကျန်ရှိနေတဲ့ ပြည်သူတွေ ဒီကနေ့ဘေးလွတ်ရာအရပ်တွေကို ပြောင်းရွှေ့ကုန်ကြပြီ ဖြစ်ပါတယ်။ ဒီလိုပြောင်းရွှေ့သွားသူတွေမှာ ရွှေလာတူးဖော်နေတဲ့ အခြားဒေသက လူတွေလည်း ပါပါတယ်။ စစ်ကောင်စီတပ်က နမ့်ဆန်ယန်ကို ထိန်းချုပ်ဖို့ ရည်ရွယ်ရင် တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်လာနိုင်တယ်လို့ KIA ကလည်း ပြောပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေကို ကိုစံကျော်က တင်ပြပေးပါမယ်။

ဒီလ ၃ ရက်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့တဲ့နောက် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးလွတ်ရာကို စတင် ပြောင်းရွှေ့ခဲ့ကြတာပါ။ ဒီကနေ့မှာတော့ ကျန်နေတဲ့ ရွာသားတွေအပါအဝင် ရွှေတူးဖော်ဖို့ လာရောက်နေသူတွေပါ နမ့်ဆန်ယန်ကနေ ထွက်ခွာသွားကြပြီလို့ ဒေသခံတဦးက ဗွီအိုအေကိုပြောပါတယ်။

“ နမ့်ဆန်ယန်မှာ အားလုံးက ပစ္စည်းတွေ ဘာတွေသိမ်းပြီးမှ လွတ်မြောက်ရာ နေရာကို ကားနဲ့ကို သွားကြပြီ။ အခုကဆိုင်စောင့်ဘာစောင့်၊ အိမ်စောင့် ဒါတွေပဲ ရှိတော့တယ်။ မြောက်ပိုင်းတိုင်းက ရွာပြန်တည်ဖို့ မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကနေ ခွင့်ပြုချက်နဲ့ လာပို့ထားတဲ့ အိမ်ခြေ ၂၀၀ ကျော်တောင်မှ ရှိတယ်။ အခုအဲဒါအခုလိုဖြစ်သွားတာ ကျနော်တို့လည်း စိတ်မကောင်းဘူး။ ရွာဘေးပတ်ဝန်းကျင်မှာ ရွှေကျင်တော့ ဘေးပတ်ဝန်းကျင် အဝေးကဝမ်းစာလာရှာတဲ့ မိသားစု စစ်ရေးဒုက္ခ ရောက်တဲ့ဟာတွေ အများကြီး ရှိတယ်။ အခုသူတို့လည်း ဒီနေ့အကုန်ပြန်ကြပြီ။ ”

တိုက်ပွဲ ဖြစ်ပွားပြီးနောက် နမ့်ဆန်ယန်ရွာကို စွန့်ခွာသွားသူ ၁၀၀၀ ကျော်လောက် ရှိနိုင်မယ်လို့လည်း ခန့်မှန်းပါတယ်။ နမ့်ဆန်ယန် ရွာသားတွေဟာ ဝိုင်းမော်မြို့က ကက်သလစ် ဘုရားကျောင်း၊ ကဇူးကနှစ်ချင်းဘုရားကျောင်း စတဲ့နေရာတွေကို တိမ်းရှောင်တာရှိသလို အချို့ကတော့ လိုင်ဇာမြို့ကို တိမ်းရှောင်နေကြပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အနီး ရှေ့တန်းတနေရာက KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် မိုင်ဂျာယန်မြို့အနီး ရှေ့တန်းတနေရာက KIA ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ဝင်များ (ဇန်နဝါရီ ၂၂၊ ၂၀၁၃)

ဒီလ ၄ ရက်နေ့မှာတော့ ဗန်းမော်မှာရှိတဲ့ စစ်ကောင်စီတပ်တွေ နမ့်ဆန်ယန်ကို အင်အားဖြည့်တင်း လာတာကြောင့် စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲတွေ ငြိမ်သက်နေကြောင်း KIA ရဲ့ ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။ တဆက်တည်းမှာပဲ စစ်ကောင်စီတပ်က နမ့်ဆန်ယန်ဒေသကို ထိန်းချုပ်ဖို့ ရည်ရွယ်ထားတယ်ဆိုရင် တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာဖွယ် ရှိကြောင်းလည်း သုံးသပ်ထားပါတယ်။

“အခုထက်ထိကတော့ သေနတ်သံတွေ ဘာမှမကြားဘူးခင်ဗျ။ ငြိမ်နေပါတယ်။ ဒီနေ့ကတော့။ မနေ့ကတော့ မြေပြင်တိုက်ပွဲတော့ မရှိဘူး။ ဒါပေမဲ့ လက်နက်ကြီးနဲ့ ရမ်းပစ်တာတော့ ရှိပါတယ်။ မနက်ပိုင်းကနေ ညနေပိုင်းထိ မိနစ်၂၀လောက် ခြားပြီးမှ တခေါက်လောက် အဲဒါမျိုးတွေ ပစ်တာရှိပါတယ်။ သူတို့ဘက်က ရည်ရွယ်ချက်က နမ့်ဆန်ယန်ပတ်ဝန်းကျင်ပေါ့။ သူတို့ပြန်ထိန်းချုပ်ချင်နေတဲ့ သဘောနဲ့ တိုက်တယ်ဆိုရင်တော့ တိုက်ပွဲကတော့ နည်းနည်းရှည်နိုင်ပါတယ်။ ဆက်ဖြစ်ဖို့တော့ အလားအလာပိုများပါတယ်။ ”

နမ့်ဆန်ယန်ရွာအနီးမှာ ဇွန်လ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ် နဲ့ KIA အကြားတိုက်ပွဲ တကြိမ်ဖြစ်ခဲ့ပါတယ်။ နမ့်ဆန်ယန်ရွာဟာ မြစ်ကြီးနား- ဗန်းမော်ကားလမ်းပေါ်မှာ တည်ရှိပြီး KIA ဌာနချုပ် လိုင်ဇာနဲ့ ၁၅ မိုင်ဝန်းကျင်ခန့်အကွာမှ ရှိတာပါ။ အရင်ကဒီရွာမှာ အိမ်ခြေ ၆၀၀ ကျော်လောက် ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန် စစ်ပွဲဖြစ်ပွားချိန်မှာ ဒေသခံတွေ အားလုံး ကျေးရွာကို စွန့်ခွာခဲ့ကြပြီး ၂၀၁၉မှာ ပြန်လည် အခြေချနေထိုင်ခဲ့ရာက အခုတခါထပ်မံတိမ်းရှောင်ကြရတာလည်း ဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာမှာ စစ်ကောင်စီနဲ့ KIA အကြားစစ်ရေးတင်းမာမှုတွေ မြင့်တက်နေတဲ့ တချိန်တည်းမှာပဲ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ကံပိုက်တည်လမ်းက ဆဒုံးဒေသဘက်မှာလည်း နှစ်ဘက်တပ်တွေအကြား အခုချိန်ထိ စစ်ရေးတင်းမာနေပါတယ်။ ဆဒုံးဘက်မှာတော့ ပြီးခဲ့တဲ့ မေလ၂၆ ရက်ကစတင်ပြီး တိုက်ပွဲဖြစ်ခဲ့ရာက ဒီလ ၄ရက်နေ့ကတော့ KIA ကတပ်စခန်းတခု ဆုတ်ခွာပေးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG