သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝိုင်းမော်မှာ စစ်ကောင်စီနဲ့ KIA ထိတွေ့တိုက်ပွဲဖြစ်


ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ (ယခင်ပုံဟောင်း)
ကချင်လွတ်မြောက်ရေး တပ်မတော် KIA တပ်ဖွဲ့ (ယခင်ပုံဟောင်း)

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာအဝင် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန်ရွာအနီးမှာ ဒီကနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒေသခံရွာသားတွေ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေကြပါတယ်။ KIA ဘက်ကတော့ တိုက်ပွဲဟာ နာရီဝက်ကြာလောက် ဖြစ်ပွားပြီး နောက်ပိုင်းမှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိနေကြောင်းနဲ့ လတ်တလော စစ်ရေး တင်းမာနေကြောင်း ပြောပါတယ်။ ကချင်ပြည်နယ်အတွင်းက စစ်ရေးအခြေအနေတွေကို ကိုစံကျော် က စုစည်း တင်ပြထားပါတယ်။

ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဌာနချုပ် လိုင်ဇာမြို့နဲ့ ၁၅ မိုင်လောက်သာ ဝေးတဲ့ ဗန်းမော်- မြစ်ကြီးနား ကားလမ်းမပေါ်က နမ့်ဆန်ယန်ရွာ အနီးမှာ ဒီကနေ့မနက် အစောပိုင်းက KIA နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ဒီတိုက်ပွဲကြောင့် ဒေသခံ ရွာသူရွာသား အတော်များများ ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတဦးက ဗွီအိုအေ ကို ပြောပါတယ်။

“ဒီမနက် ၄ခွဲ ကျော်ကျော်ကနေ တိုက်ပွဲဖြစ်တာ။ ၁၀ နာရီလောက်အထိ မရပ်သေးဘူးပေါ့။ ရွာသားတွေက တချို့ လိုင်ဇာဘက်ကို ပြန်ရှောင်တယ်။ တချို့က တောင်ခြေအရှေ့ဘက်ကို ရှောင်တဲ့လူလည်း ရှိတယ်။ တချို့ကျတော့ ဟို နှစ်ခြင်းဘုရားကျောင်းမှာ စုနေကြတယ်။ ရွာသားတွေကျတော့ တိုက်ပွဲဖြစ်လာမှာ အမြဲတမ်းစိုးရိမ်စိတ်နဲ့ နေနေတော့ သေနတ်သံတချက်ဖောက်ရင် သူတို့ တခါတည်း လွတ်ရာလွတ်ကြောင်း လမ်းစရှာတာပေါ့။”

အရပ်သားတွေ ထိခိုက်တာတော့ မကြားရသေးဘူးလို့လည်း ပြောပါတယ်။ ၂၀၁၁ ခုနှစ် ကချင်တကျော့ပြန် စစ်ပွဲဖြစ်ပွားချိန်တုန်းကလည်း နမ့်ဆန်ယန် တရွာလုံး နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ကြရတာပါ။ ၂၀၁၉ ခုနှစ်လောက်မှာမှ စစ်ရှောင်စခန်းတွေမှာ ရောက်ရှိနေတဲ့ မိသားစုအချို့ နေရပ်ပြန်ခဲ့ကြတာ ဖြစ်ပါတယ်။

လတ်တလော စစ်ရေးအခြေအနေ ပြန်လည် တင်းမာနေတာနဲ့ ပတ်သက်လို့တော့ KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပြပါတယ်။


“ အဲဒီနမ့်ဆန်ယန်တပ်စခန်းမှာ စစ်အင်အားစုနေတာကတော့ ၂ပတ်လောက်တော့ ရှိပြီခင်ဗျ။ ဆိုတော့ ဒီမနက် ၅နာရီအချိန်မှာ သူတို့လည်း နည်းနည်းလှုပ်ရှားလာတဲ့အခါကျတော့ ကျနော်တို့နဲ့ ထိတွေ့ရင်ဆိုင်တိုက်ပွဲဖြစ်တာ ရှိပါတယ်။ ဒီမနက် ၅နာရီအချိန်မှာ ဖြစ်ပါတယ်။ မိနစ် ၃၀လောက်ပေါ့။ အဲဒီကနေ သူတို့လည်း နည်းနည်းပြန်ဆုတ်ပြီးမှ လက်နက်ကြီးနဲ့ပဲ ပြန်ပစ်တာတွေ ရှိပါတယ်။ ဒီလို အခြေအနေပါ။ အခု စစ်ကြောင်းတွေ အကုန်လုံး ပြန်ရုတ်သွားတာတော့ မဟုတ်ပါဘူး။ စစ်ရေးအခြေအနေက တင်းမာတဲ့ အနေအထားဖြစ်ပါတယ်။ အခုလောလောဆယ်က။ ”

တိုက်ပွဲအတွင်း နှစ်ဘက် ထိခိုက်ကျဆုံးတဲ့ သတင်းတော့ မသိရသေးကြောင်းလည်း ပြောပါတယ်။ ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက်နေ့ကလည်း နမ့်ဆန်ယန်ရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား တိုက်ပွဲတကြိမ် ဖြစ်ပွား ခဲ့ပါသေးတယ်။ နမ့်ဆန်ယန် ဘက်မှာ စစ်ရေး တင်းမာနေချိန်မှာပဲ ဝိုင်းမော်မြို့နယ် မြစ်ကြီးနား- ကံပိုက်တည် ကားလမ်းဘက်က ဆဒုံးဘက်မှာလည်း မနေ့ကအထိ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ အဲဒီဘက်မှာလည်း သူတို့က စစ်ကြောင်းတွေ ထိုးထားတုန်းပဲ ဖြစ်ပါတယ်။ မရုတ်သေးဘူး သူတို့က။ လေယာဉ်ပျံတောင်မှ လာတာပဲ။ မနေ့က ညနေပိုင်းလောက်မှာ။ ဗုံးကြဲတာ။ ဒီနေ့ကတော့ အဲဒီဘက်က တိုက်ပွဲသတင်းကတော့ မတက်သေးဘူးခင်ဗျ။”

ဝိုင်းမော်မြို့နယ် ဆဒုံး ဒေသဘက်မှာ ဇွန်လ ၂၆ ရက်နေ့က စပြီး တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။ ဇွန်လ၂၇ ရက်နေ့မှာတော့ မြစ်ကြီးနားမြို့ကို ဆွေးနွေးပွဲလာတဲ့ တရုတ်စစ်ဘက် ကိုယ်စားလှယ် ယာဉ်တန်းကို ဆဒုံးအနီးမှာ KIA က ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ KIA ဘက်ကတော့ အဲ့ဒီဒေသမှာ တိုက်ပွဲ ရက်ဆက် ဖြစ်နေခဲ့ပြီး တရုတ်ကိုယ်စားလှယ်ယာဉ်တန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တာမျိုး မရှိခဲ့ကြောင်း တုံ့ပြန်ထားပါတယ်။

လက်ရှိအချိန်မှာတော့ ဖားကန့်မြို့နယ် မြစ်ကြီးနား- တနိုင်းသွားတဲ့ လီဒိုလမ်းမပေါ်က ရှဒူးဇွပ်ကျေးရွာ ဘက်မှာလည်း KIA နဲ့ ဒေသခံ ပြည်သူ့စစ်တွေကြားမှာ စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG