သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာခလမ်ဆမ်ဆွန်အမှု အယူခံတင်ဖို့ ရှေ့နေတွေပြင်ဆင်


ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်
ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်

ထောင်ဒဏ် ၆ နှစ် ချမှတ်ခံထားရတဲ့ KBC ဥက္ကဋ္ဌဟောင်း ဒေါက်တာခလမ်ဆမ်ဆွန်အမှုတွေကို ခရိုင်တရားရုံးက ပလပ်လိုက်တဲ့အတွက် ဒီလကုန်မှာ ကချင်ပြည်နယ်တရားလွှတ်တော်ကို ထပ်တင်ဖို့ပြင်ဆင်နေတယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။ မိသားစုဝင်တွေကတော့ ဒေါက်တာခလမ်ဆမ်ဆွန် ရဲ့ကျန်းမာရေးကို စိတ်ပူနေရတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့ ဒီသတင်းကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် KBC ရဲ့ အထူးအကြံပေး သိက္ခာတော်ရဆရာ ဒေါက်တာ ခလမ် ဆမ်ဆွမ်အပေါ် စွဲဆိုထားတဲ့ မတရားအသင်း ဆက်သွယ်မှုဥပဒေပုဒ်မ ၁၇/၁ အတွက် ထောင်ဒဏ် ၂ နှစ်၊ တပ်မတော်ကို အကြည်ညိုပျက်အောင် သွေးထိုးလှုံဆော်မှု ၅၀၅(က) အတွက် ထောင်ဒဏ် ၁ နှစ်၊ အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂(က) အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ် ကျခံဖို့ ပြီးခဲ့တဲ့ ဧပြီ ၇ရက်နေ့က ချမှတ်ခဲ့တာပါ။ ဒီအတွက် ပြီးခဲ့တဲ့ မေလ ၃ရက်နေ့က ခရိုင်တရားရုံးမှာ အယူခံဝင်ခဲ့ပေမယ့် အကျဉ်းနီးနဲ့ ပလပ်ခံခဲ့ရတဲ့အတွက် ပြည်နယ်တရားလွှတ်တော်ကိုတင်ဖို့ လုပ်တာဖြစ်တယ်လို့ သူ့ရှေ့နေဖြစ်သူက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“အခု အဲဒါက ဒီကြားထဲမှာ ပြင်ဆင်မှု တင်သွင်းမှာဖြစ်တယ်။ ပထမခရိုင်မှာတင်သွင်းတဲ့ အယူခံကတော့ ရုံးရှေ့မှာဘဲ အကျဉ်းနည်းနဲ့ ပလပ်ခံရလို့ ကချင်ပြည်နယ်တရားလွတ်တော်မှာ ပြင်ဆင်မှုတင်သွင်းမှာ ဖြစ်တယ်။ ဒီလကုန်လောက်ဖြစ်မှာ။ အကျဉ်းနည်းနဲ့ပလပ်တော့ လျှောက်လဲချက်တောင် ပြောခွင့်မရှိဘူးပေါ့။ မျှော်လင့်ထားတာကတော့ အရမ်းကြီးလဲ မမျှော်လင့်ရဲပါဘူး။ အရမ်းမမျှော်လင့်ထားတာက ဘယ်လိုပြောမလဲ သူတို့ ဥပဒေအရ မလုပ်နိုင်ကြလို့ ထင်တာပါဘဲ။ ခရိုင်မှာတောင် အကျဉ်းနည်းနဲ့ပလပ် ခံရတယ်ဆိုတော့ ပြည်နယ်မှာလည်း အကျဉ်းနည်းနဲ့ ပလပ်ခံရမလား၊ ဘယ်လိုလဲ မပြောနိုင်သေးဘူး”

ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ လိုင်ဇာမြို့ကို သွားရောက်ပြီး KIO/KIA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်တို့ပါဝင်တဲ့ အစည်းအဝေးတစ်ခုကို တက်ရောက်ခဲ့တဲ့အတွက် မတရားအသင်း အက်ဥပ‌ဒ ၁၇/၁ နဲ့တရားစွဲခဲ့တာပါ။

၅၀၅(က) အတွက်ကတော့ အာရှဇုန်နယ်လူငယ်တွေအတွက် ဟောပြောပွဲတစ်ခုမှာ “ခရစ်တော်၌ နိုင်ငံတော်ကို တည်ထောင်ကြပါစို့” ခေါင်းစဉ်နဲ့ ဟောပြောတဲ့အချိန် နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ စကားလုံးတွေ ပါဝင်တယ်ဆိုပြီး စွဲချက်တင်ထားတာ ဖြစ်ပါတယ်။

နောက်တိုးအနေနဲ့ လိုင်ဇာမြို့မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလ၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်နဲ့ ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်တို့ ၃ ယောက်ကို သွားတွေ့တယ်ဆိုတဲ့ အချက်နဲ့ အကြမ်းဖက်ဥပေဒပုဒ်မ ၅၂(က)နဲ့ ထပ်မံ တရားစွဲဆိုခဲ့တာပါ။

၂၀၂၂ ဒီဇင်ဘာ ၅ ရက်နေ့ မနက်က မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ ထိုင်းနိုင်ငံကို ဆေးကုဖို့အသွား ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စစ်ဆေး မေးမြန်းစရာရှိလို့ဆိုပြီး ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာပါ။

ဒေါက်တာ ခလမ်ဆမ်ဆွန်ဟာ မွေးရာပါအဆုတ်ရောင်ရောဂါ ခံစားနေရသူဖြစ်တာကြောင့် အခုလို ထောင်ကျနေချိန်မှာ ကျန်းမာရေး ပိုမိုထိခိုက်လာမှာကို မိသားစုဝင်တွေက စိုးရိမ်နေကြပါတယ်။ နောက်ပြီး နှလုံးနဲ့သွေးတိုးရောဂါရှိတဲ့ ဒေါက်တာ ခလမ်ဆမ်ဆွမ်ဟာ ကိုဗစ်ကူးစက်ခံခဲ့ရပြီးနောက် လေပြွန်ယောင်ရောဂါ ခံစားခဲ့ရပြီး မကြာခဏဆိုသလို ရင်ကြပ်တတ်တယ်လို့ မိသားစုဝင်တွေက ပြောပြပါတယ်။ လက်ရှိ သူ့ကျန်းမာရေးအခြေအနေကို သိရဖို့ မိသားစုအနေနဲ့ တွေ့ခွင့်ရချင်ပေမယ့် ဖမ်းသွားချိန်ကစလို့ ခုချိန်ထိ တွေ့ခွင့်မရသေးဘူးလို့ မိသားစုဝင်တဦးက ဗွီအိုအေကိုပြောပါတယ်။

မိသားစုဝင်တွေဘက်ကတော့ ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ ဘုန်းတော်ကြီးတစ်ဦးဖြစ်တဲ့အတွက် အယုတ်အလတ် အမြတ်မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ မိတ်ဆွေ ရန်သူမရှိ အားလုံးကို တွေ့ဆုံ ဆုတောင်းပေးရတဲ့အပေါ် အခုလို ကြီးလေးတဲ့ ပုဒ်မတွေနဲ့ အမိန့်ချတာမျိုး မဖြစ်သင့်ဘူးလို့ ပြောပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွမ်ဟာ KBC ရဲ့ အထွေထွေအတွင်းရေးမှုးချုပ်နဲ့ ဥက္ကဋ္ဌ တာဝန်တွေကို ယူခဲ့သူဖြစ်ပြီး၊ ပြီးခဲ့တဲ့ အောက်တိုဘာလက ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် "KBC ရဲ့ အထူးအကြံပေးပုဂ္ဂိုလ် " အဖြစ် ခန့်အပ်ခံရပါတယ်။ လူနည်းစုတိုင်းရင်းသားတွေအပေါ် မြန်မာစစ်တပ်က ဘာသာရေး လွတ်လပ်ခွင့် ဖိနှိပ်မှုနဲ့ ပတ်သက်ပြီး ၂၀၁၉ ခုနှစ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဝါရှင်တန် ဒီစီက သမ္မတ အိမ်ဖြူတော်မှာ ကိုယ်တိုင်သွားရောက် တင်ပြခဲ့သူလည်း ဖြစ်ပါတယ်။ အဲဒါအတွက်လည်း အဲဒီအချိန်တုန်းက သူ့ကို မြန်မာစစ်တပ်က တရားစွဲဆိုခဲ့ဖူးပြီး၊ နောက်ပိုင်း အမှုရုတ်သိမ်းပေးခဲ့ပါတယ်။ ဒေါက်တာ ခလမ်ဆမ်ဆွမ်ကို ပြန်လွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ တောင်းဆိုကြောင်း၊ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Ned Price ကလည်း တွစ်တာလူမှုကွန်ယက်မှာ ရေးသားခဲ့ပါတယ်။

ဒေါက်တာခလမ်ဆမ်ဆွန်ဟာ လူသားချင်းစာနာ ထောက်ထားရေးလုပ်ငန်းနဲ့ ကချင်စစ်ဘေးဒုက္ခသည် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ဦးဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG