သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်မှာ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ၄၈၀ ကျော်ပြီ (ကေအန်ယူ)


လက်နက်ကြီးထိတဲ့ ကရင်ကျေးရွာ (ဓါတ်ပုံ - KNU)
လက်နက်ကြီးထိတဲ့ ကရင်ကျေးရွာ (ဓါတ်ပုံ - KNU)

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးကတည်းက ကရင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၄၈၀ ကျော် ရှိနေတယ်လို့ သြဂုတ်လ ၁၀ ရက်မှာပြုလုပ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ခေါင်းဆောင်တွေရဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒါ့ပြင် ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစွပ်စွဲခံနေရတဲ့ ကေအန်ယူခေါင်းဆောင်တွေကို အရေးယူဖို့ ကော်မတီ ဖွဲ့စည်းထားကြောင်း လည်းပြောပါတယ်။
အပြည့်အစုံကို ဗွီအိုအေသတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ရဲ့ ၁၇ ကြိမ်မြောက် ညီလာခံကနေ ရွေးချယ်တင်မြှောက်လိုက်တဲ့ ခေါင်းဆောင်တွေရဲ့ ရက် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ကရင်ပြည်နယ်အတွင်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုအကြိမ်ပေါင်း ၄၈၀ ကျော်လုပ်ခဲ့တယ်လို့ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူး ဖဒိုတာဒိုမူးကအခုလိုပြောသွားပါတယ်။

"စစ်တပ်က ပြည်သူကိုပစ်မှတ်ထားပြီး လေယာဉ်နဲ့ပစ်ခတ်မှု ၄၈၇ ကြိမ်၊ လက်နက်ကြီးနဲ့ ရွာတွေကို အဝေးကနေ လှမ်းပစ်တဲ့အကြိမ်က ၁,၇၆၆ ကြိမ်။ ဒါက ၂၀၂၁ အာဏာသိမ်းတဲ့အချိန်ကစပြီး ၂၀၂၃ ဇူလိုင်လကုန်ထိ ကျနော်တို့စာရင်းပြုစုထားတာဖြစ်ပါတယ်။ ဒါတွေကြောင့်လည်း ဒုက္ခသည် ၆ သိန်းကျော် ထိ ရှိသွားတာဖြစ်ပါတယ်။"

ကေအန်ယူရဲ့ ၁၇ ကြိမ်မြောက် ကွန်ဂရက်အတွင်း ထူးခြားမှုတခုကတော့ ကေအန်ယူထဲမှာ ခေါင်းဆောင်တချို့ဟာ ကရင်ပြည်နယ်အတွင်းကလောင်းကစားလုပ်ငန်းတွေလုပ်ကိုင်နေတဲ့ တရုတ်မြို့သစ်စီမံကိန်းမှာ ပါဝင် ပတ်သက်နေတယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒီစီမံကိန်းနဲ့ပတ်သက်လို့ကေအန်ယူအတွင်းက ခေါင်းဆောင်တွေ ပါဝင်ပတ်သက်မှု ရှိမရှိ စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့စစ်ဆေးပြီး အရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်း ကြာသပတေးနေ့ သတင်းစာရှင်းလင်းပွဲမှာ ဖဒိုတာဒိုမူးက ပြောပါတယ်။

"တရားမဝင် လောင်းကစားမှုတွေနဲ့ပတ်သက်လို့ အစွပ်စွဲ ခံထားရတဲ့ခေါင်းဆောင်တချို့နဲ့ ပတ်သက်ပြီး အဖြစ်မှန်ဖေါ်ထုတ်ရေးအတွက် စုံစမ်းစစ်ဆေးရေးကော်မတီကို ပထမဦးဆုံး ဗဟိုအမြဲတမ်းကော်မတီကနေ ဖွဲ့စည်းတာဝန်ပေးလိုက်ပါတယ်။ အဖွဲ့ဝင် ၁၁ ဦးပါတဲ့ကော်မတီမှာ ခရိုင် ၇ ခုက ကော်မတီဝင်တဦးစီပါပြီးတော့ တနှစ်တကြိမ်ကျင်းပတဲ့ ဗဟိုအမြဲတမ်းကော်မတီကို ရှာဖွေတွေ့ရှိချက်တွေကို အစီရင်ခံ တင်ပြရမှာဖြစ်ပြီး အရေးကြီးရင်ကြီးသလို ဗဟိုကော်မတီအဆင့်ကနေ အစည်းအဝေးခေါ်ပြီး ဆုံးဖြတ်ချက်ချရမှာဖြစ်ပါတယ်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီကနေ ဗဟိုအမြဲတမ်းကော်မတီခေါ်ဖို့ ဖြစ်ပါတယ်။ ဒီအဖွဲ့တာဝန်တွေက ကေအန်ယူခေါင်းဆောင်တွေက ဒုစရိုက်လုပ်ငန်းတွေလုပ်နေတဲ့ တရုတ်မြို့သစ် စီမံကိန်းတွေနဲ့ပတ်သက်မှုရှိမရှိ စုံစမ်းဖို့ဖြစ်တယ်။ ဒီခေါင်းဆောင်တွေက ကေအန်ယူရဲ့စည်ကမ်းတွေကို ချိုးဖောက်မှုရှိမရှိ စစ်ဆေးဖို့ဖြစ်တယ်။ တွေ့ရှိချက်တွေကို ဗဟိုအမြဲတမ်းကော်မတီအစည်းဝေးပွဲကို ပြန်လည်တင်ပြရမှာဖြစ်တယ်။"

စည်းမျဉ်းစည်းကမ်းချိုးဖောက်တာရှိတယ်ဆိုရင် သက်ဆိုင်ရာတွေ့ရှိချက်အမျိုးအစားပေါ်မူတည်ပြီး ကေအန်ယူရဲဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း ၊ ကေအန်ယူရဲ့တရားရေးဆိုင်ရာလုပ်ငန်း ကေအန်ယူ ဗဟိုကော်မတီ ဆုံးဖြတ်ချက်အရသော်လည်ကောင်း အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။"

စစ်ရေးနဲ့ပတ်သက်လို့တော့ ကေအန်ယူ ဗဟိုစစ်ဦးစီးမှူး ဗိုလ်မှူးချုပ် စောတာမလာသောက သတင်းစာရှင်းလင်းခဲ့ရာမှာ စစ်ကောင်စီဘက်က ကရင်ပြည်နယ်အတွင်းမှာ ထိုးစစ်အနေအထားမလုပ်နိုင်တော့ပဲ သူတို့နယ်မြေတွေ တပ်စခန်းတွေမကျဖို့အတွက် ခံစစ်အနေအထားကိုရောက်နေပြီလို့ ပြောသွားပါတယ်။

"ခံစစ်အနေအထားကိုရောက်နေပြီလို့ပြောလို့ရပါတယ်။ နည်းဗျူအရ ထိုးစစ်ကိုမလုပ်နိုင်တော့ပဲ လေယာဉ်နဲ့လက်နက်ကြီးကိုအစားထိုး သုံးနေတာဖြစ်ပါတယ်။ ဒီလိုလေယာဉ်နဲ့ လက်နက်ကြီးနဲ့ပစ်တာဟာ ပြည်သူကိုပစ်တာ၊ အဓိကပစ်မှတ်ထားတာ ပိုများနေပါတယ်။"

စစ်ရေးအရပြောမယ်ဆိုရင် စစ်ကောင်စီဘက်မှာတော့ ၂၀၁၉ ခုနှစ်ကစပြီး တနှစ်တခါ တပ်လဲဖို့မလုပ်နိုင်တော့တာ ၄ နှစ်လောက်ရှိပြီဖြစ်ကြောင်း၊ နယ်မြေရှင်းလင်းရာမှာလည်း ထုတ်နုတ်အင်အားကိုသာ အသုံးပြုနေရတာရှိသလို အဓိက ခြေကုပ်စခန်း၊ တပ်စခန်းတွေကို လေယာဉ်နဲ့ ရိက္ခာသယ်ယူနေရတာ၊ ရဟတ်ယာဉ်တွေသုံးပြီး ကာကွယ်နေတာသာ လုပ်နိုင်တော့တာကြောင့် စစ်ရေးစွမ်းရည်တွေကျဆင်းလာတာ တွေ့ရတယ်လို့လည်းပြောသွားပါတယ်။ ကေအန်ယူဟာ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG