သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သံတောင်ကြီးမှာ ဒေသခံထောင်ချီတိမ်းရှောင်


စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)
စစ်ရေးလေ့ကျင့်မှုတစ်ခုမှာတွေ့ရတဲ့ မြန်မာစစ်တပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် (ဖေဖော်ဝါရီ၊ ၂၀၁၈)

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ မြောက်ဘက် ယာဒိုဒေသမှာ ဇူလိုင်လ ၁၀ ရက်နောက်ပိုင်းကစလို့ စစ်ကောင်စီ တပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တပ်ဖွဲ့တွေအကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် ယာဒို အနီးအနား ကျေးရွာတွေကို စစ်ကောင်စီက ရက်ပိုင်း အတွင်းမှာပဲ လေကြောင်း တိုက်ခိုက်မှု ၃၃ ကြိမ်ထက်မနည်း လုပ်ခဲ့တယ်လို့ KNU က ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေကြောင့် ဒေသခံ၂,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေး နေရတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၂) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ မြောက်ပိုင်းက ယာဒိုဒေသကို ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ဇူလိုင်လ၂၃ ရက်နေ့အထိ၊ သီတင်းနှစ်ပတ်နီးပါးကာလအတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်အထိ ရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက ဗွီအိုအေကို ပြောပါတယ်။

"ဇူလိုင်လထဲမှာပေါ့။ ဇူလိုင် ၁၀ ရက်နေ့က ၂၀ ရက်ကျော်အတွင်း လေယာဉ်နဲ့က အကြိမ်ပေါင်း ၃၃ ကြိမ်လောက် ပစ်ခတ်တယ်။ လူဦးရေ ၂,၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဘာသာရေး အဆောက်အဦး ၂ လုံး ပျက်စီးတယ်။ လူနေအိမ်တွေထဲက ဆိုရင်အလုံး ၂၀ ကျော် ပျက်စီး ဆုံးရှုံးသွားတယ်လို့ ပြောလို့ရတယ်။"

တောင်ငူခရိုင်အတွင်းမှာ ဒီနှစ် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ကနေ ဇွန်လအထိ ပထမနှစ်ဝက် ကာလအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်ဒေသ ပူးပေါင်း တပ်ဖွဲ့တွေကြား တိုက်ပွဲကြီးငယ်ပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူ၊ ဒဏ်ရာရသူတွေ ရာနဲ့ချီ ရှိခဲ့တယ်လို့လည်း ဖဒိုကလယ်စေးက ပြောပါတယ်။

"တပ်မဟာ(၂) ကေအန်ယူ အုပ်ချုပ်နယ်မြေ ဒေါကဲခို၊ သံတောင်မြို့နယ်လို့ ပြောလို့ရတယ်။ ယာဒိုဒေသမှာဖြစ်တဲ့ တိုက်ပွဲမှာ တိုက်ပွဲပေါင်း ၃၀၄ ကြိမ် ဖြစ်တယ်။ အဲဒီမှာ စကစဘက်က တပ်ရင်းမှူး အပါအဝင် ၄၈၄ ဦး ကျဆုံးပြီး ဒုရင်းမှူးအပါအဝင် ၁၉၀ ကျော် ထိခိုက်ဒဏ်ရာရတယ်။"

ဒီလို သေဆုံးဒဏ်ရာရ စာရင်းနဲ့ပတ်သက်လို့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သေးသလို၊ စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ အခုဆိုရင် ကေအန်ယူ ထိန်းချုပ်တဲ့ တပ်မဟာ (၇) ခု ရှိတဲ့အနက် တပ်မဟာ (၆) မှာ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတယ်လို့လည်း ဖဒိုကလယ်စေးက ပြောပါတယ်။

"တပ်မဟာ(၁) ၊ (၂) ၊ (၃) ၊ (၅) ၊ (၆) ၊ (၄) ရော ပုံမှန်တော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ တပ်မဟာ (၄) ဘက်ကတော့ တိုက်ပွဲ မများတဲ့ တိုင်အောင် ပုံမှန်တော့ တိုက်ပွဲတွေ ဖြစ်နေတယ်။ တိုက်ပွဲဖြစ်တိုင်း လက်နက်ကြီးနဲ့ပစ်ခတ်တာ လေယာဉ်နဲ့ ဗုံးကြဲတာတွေကတော့ ပုံမှန်တော့ လုပ်နေတာပါပဲ။"

ဇူလိုင်လ ၂၈ ရက်နေ့ကလည်း တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ တဘက်မှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေး စတဲ့ ပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ခဲ့ပြီး ထိုလွီဝါး ကော်သူးလေ အထက်တန်းကျောင်းနဲ့ ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ကျေးရွာပေါင်း ၄ ရွာက ဒေသခံတွေ နေရပ်စွန့် ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တောင်ငူခရိုင်အတွင်းမှာ နှစ်ဘက်တိုက်ပွဲတွေကြောင့် လက်နက်ကြီး ကျည်ဆံတွေ ကျရောက်တာအပြင် လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ပါ ဒေသခံတွေ တောတောင်တွေထဲ ထွက်ပြေးနေရပြီး အစားအသောက်၊ အမိုးအကာ နဲ့ ဆေးဝါးတွေ အရေးတကြီး လိုအပ်နေတယ်လို့ စစ်ဘေးရှောင်တွေကို အကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ မငြိမ်သက်နိုင်သေးသလို၊ စစ်ကောင်စီဘက်က ဗဟုန်းရွာဘက်မှာ အင်းအားတချို့ ထပ်မံ ဖြည့်တင်းပြီး တိုက်ပွဲဖြစ်နေတဲ့ နေရာတွေဆီကို စစ်ကူတွေ စေလွှတ်နေတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG