ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေနဲ့ စစ်ကောင်စီတပ်တွေကို ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ တပတ်ကြာ ကေအန်ယူနဲ့ ပူးပေါင်းတပ်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ စစ်ကောင်စီဘက်က ၅ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောပါတယ်။ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေသလို မြဝတီ ခရိုင်ထဲမှာလည်း မနေ့က နေ့ရောညပါ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ စိုးရိမ် ထိတ်လန့်နေကြရတဲ့အကြောင်း ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာရှိတဲ့ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေ ဖြစ်တဲ့ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးနဲ့ ခမရ ၅၅၈ ၊ ခမရ ၄၃၂ စစ်ကြောင်းတွေကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်၊ အထူးစစ်ဆင်ရေးတပ် SOF နဲ့ ဒရုန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ပူးပေါင်း ဝင်ရောက် တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ဒီ တိုက်ခိုက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့ ပူးပေါင်းတပ်ဖွဲ့ဘက်က ခေါင်းဆောင်တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။
"၁၆ ရက်နေ့ အထိ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ရှိတဲ့ မြေစရင်းရုံးတို့၊ ထွေအုပ်ရုံးတို့ ကို ဒရုန်းတွေနဲ့ စပြီး တိုက်ခိုက်ပါတယ်။ ခုတ်ခွါစခန်းမှာရှိတဲ့ တပ်ရင်းမှုး ဦးစီးတဲ့ စစ်ကြောင်း (၂) ကိုလည်း ကျနော်တို့ ဝင်ရောက်တိုက်ခိုက်တယ်။ ခမရ ၂၈၃ က စစ်ကူလာတဲ့ အချိန် ကျနော်တို့က ကြားဖြတ်တိုက်ခိုက်တယ်။ တိုက်ခိုက်မူတွေ ပြင်းတော့ စကစ ဘက်က ၅ ယောက်သေတယ်။ ၁၀ ယောက်လောက် ဒဏ်ရတယ်။ သူတို့ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ရော အမြောက်တပ်က ၁၂၀ မမ၊ ၈၀ မမ၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တယ်။ ကျနော်တို့ဘက်က Fedral Wing ဒရုန်းတပ်က တယောက်ဒဏ်ရာရတယ်။ သိပ်တော့ မစိုးရိမ်ရပါဘူး။"
နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှုတွေ အတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်ခဲ့သလို၊ နှစ်ဘက် ထိခိုက် သေဆုံး ဒဏ်ရာရတာတွေ ရှိတယ်လို့ ပူးပေါင်း တပ်ဖွဲ့ဘက်က သတင်းထုတ် ပြန်ပေမဲ့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
ကေအန်ယူ တပ်မဟာ(၆) ထိမ်းချုပ်နယ်မြေ ကြာအင်းဆိပ်ကြီး မြို့နယ်ထဲမှာ ခုလို တိုက်ပွဲတွေ ပြင်းထန်နေသလိုပဲ မြဝတီခရိုင်ထဲမှာလည်း မနေ့က နေ့ရောညပါ စစ်ကောင်စီတပ်တွေက လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတာကြောင့် ဒေသခံတွေ နေအိမ်တွေက မထွက်ရဲဘဲ စိုးရိမ်ပူပန်နေရပါတယ်။
နှစ်ဘက်တိုက်ပွဲတွေကြောင့် တပ်မဟာ အသီးသီးမှာ အရပ်သား ထိခိုက်သေဆုံးတာတွေ အပြင် စစ်ဘေးရှောင်တွေ ပိုများလာတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
"တိုက်ပွဲတွေကလည်းဆက်တိုက်ဖြစ်လာတယ် စကစဘက်ကလည်း စစ်ရေးအရ ဘယ်တော့မှ အရပ်သားပစ်မှတ်တွေကိုမရှောင်တော့ တိုက်ပွဲဖြစ်လာပြီဆိုရင် အရပ်သားတွေကလည်းမနေရဲတော့ဘူး ဒီတော့ ဒုက္ခသည်တွေပိုများလာတယ်)
ဇူလိုင်လ(၁၅)ရက်နေ့တုန်းကလဲ ကေအန်ယူ တပ်မဟာ(၁) ထိမ်းချုပ်နယ်မြေ သထုံခရိုင် ဘီးလင်းမြို့နယ် က ကျေးရွာတွေကို စစ်ကောင်စီက လေက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့လည်း ပြောပါတယ်။
ဒီအတောအတွင်း ကေအန်ယူ တပ်မဟာ(၃) ထိန်းချုပ်နယ်မြေ၊ ရွှေကျင်မြို့နယ်ထဲမှာလည်း စစ်ကောင်စီနဲ့ ကေအန်ယူ တပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒေသခံတွေ ထိခိုက်ဒဏ်ရာရသလို ကျေးရွာပေါင်း ၁၆ ရွာက ဒေသခံ ၁၅, ၀၀၀ လောက် ဘေးလွတ်ရာကို ထွက်ပြေးနေရပါတယ်။