သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြား စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့လက်နက်ချ


ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့
ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့

ရက်ရှည်တိုက်ပွဲပြင်းထန်နေတဲ့ ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ မယ်စဲ့မြို့ အခြေစိုက် ခမရ (၄၃၀) တပ်ရင်းက ဖွဲ့တပ်ဝင်တချို့ လက်နက်ချတာ မှန်ပေမဲ့ သတင်းမီဒီယာတချို့မှာ ဖော်ပြနေသလို အင်အား အများအပြားနဲ့ လက်နက်ချတာမျိုးတော့ မဟုတ်ဘူးလို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဗွီအိုအေကို ပြောဆိုပါတယ်။ လက်နက်ချလာသူတွေဟာ တကယ်တော့ ထိုင်းနိုင်ငံ ဘက်ခြမ်းကို ထွက်ပြေးချိန်မှာ လက်နက်ချခဲ့တာြဖစ်ပြီး ပျောက်နေသူတချို့လည်း ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန် တင်ပြပေးပါမယ်။

ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားပြီးတဲ့နောက် ခုချိန်ထိ ကြိုကြားကြိကြား နှစ်ဘက် တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာပါ။ ဒီလို ရက်ရှည်တိုက်ပွဲဖြစ်ပွားနေတဲ့ အချိန်မှာ အင်အား ၁၀၀ လောက်ရှိတဲ့ မယ်စဲမြို့ အခြေစိုက် စစ်ကောင်စီရဲ့ ခမရ (၄၃၀ ) တပ်ရင်းက တပ်ရင်း တခုလုံး လက်နက်ချ အလင်းဝင်လာတယ်ဆိုတဲ့ သတင်းတွေလည်း အတော်လေး ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)ရဲ့ ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မယ်စဲ့အခြေစိုက် ခမရ(၄၃၀)က တပ်ရင်းတခုလုံး အင်အား ၁၀၀ ကျော်လောက် လက်နက်ချတယ်ဆိုတဲ့ သတင်းကတော့၊ လက်နက်ချတာတော့ မှန်တာပေါ့နော်၊ ဒါပေမဲ့ အင်အားကတော့ ၂၁ ယောက်ပဲ ရှိပါတယ်ပေါ့နော်၊ ဆိုတော့ ၂၁ ယောက် BP (13) နယ်စပ်မှာနေတဲ့ ဂိတ်က စစ်သားတချို့ ရယ်၊ အဲ့ဒီဘေးမှာရှိတဲ့ လက်နက်ကြီးကုန်းလို့ခေါ်တဲ့ ကုန်းမှာရှိတဲ့ စစ်သားတွေ ပေါင်းပေ့ါနော်၊ အားလုံး ၂၁ ယောက်ပေါ့နော် ဒါကို ဟိုဟာ… ထိုင်းဘက်ကို ထွက်ပြေးတယ်။ ထိုင်းဘက်ကို ထွက်ပြီးတော့မှ ဒါ လက်နက်ချ ခံတဲ့ပုံစံမျိုး ဖြစ်တယ်ပေါ့နော်၊ ဆိုတော့ ဒီ ၂၁ ဦးထဲမှာမှ ၁၈ ဦးပဲ မိပြီးတော့မှ ၃ ဦးကတော့ ဒါ ပျောက်ဆုံးနေတုန်းပဲ ဖြစ်ပါတယ်ဟုတ်၊ အဲ့လောက်ပဲ ပြောလို့ရပါတယ် ခင်ဗျဟုတ်။”

လက်ရှိ လက်နက်ချလာတဲ့ စစ်သားတွေ ဘယ်မှာရှိနေပြီး သူတို့ကို ဘယ်လို ထားထားသလဲဆိုတာ အသေးစိတ် အခြေအနေကိုတော့ ပြောမသွားပါဘူး။ ဒါနဲ့ ပတ်သက်လို့ အသေးစိတ် အခြေအနေ သိရဖို့ နယ်စပ်မှာ တာဝန်ယူဆောင်ရွက်နေတဲ့ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP) ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ မရခဲ့ပါဘူး။ စစ်ကောင်စီဘက်ကလည်း တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ဒေသခံတဦးကတော့ နယ်မြေထဲမှာ စစ်ရေးပြင်းထန်လာရင် စစ်ကောင်စီတပ်တွေ CDM ဝင်လာမယ်ဆိုတဲ့သတင်းတွေက အရင်ကတည်းက ကြားရတယ်လို့ ပြောပါတယ်။

“မယ်စဲ့မှာကတော့ စစ်ကောင်စီစခန်းတွေက နည်းတယ်လေ၊ နည်းတော့ ဒီအတိုင်းသာ လက်နက်ကိုင်နယ်မြေထဲမှာ နေနေတော့ သူတို့လည်း အစကတည်းက သူတို့ပြောတယ် သူတို့ကို လာမပစ်ပါနဲ့ တကယ်လို့ ပစ်မယ်ဆိုလည်း သူတို့လက်နက်ချဖို့ အဆင်သင့်ပဲ သူတို့ အဲ့လိုမျိုးပြောထားတာတော့ ကြားရတယ်ပေါ့နော်၊ ဆိုတော့ တကယ်တမ်း ဖြစ်လာပြီဆိုရင်တော့ ဒီစစ်ကောင်စီကတော့ သူ့လူတွေ လက်နက်တွေ စစ်ကူတွေ မပို့နိုင်ဘူးဆိုတော့ တခြား CDM ဝင်ဖို့တော့ တော်တော်များနေပြီးပေါ့ အစက သူတို့ကလည်း အဲ့လိုပဲ ပြောထားတာရှိနေတော့ သေချာတာတော့ CDM ပဲ ဝင်ကြလိမ့်မယ်လို့ ကျနော်ထင်တယ်ဟုတ်။”

တိုက်ပွဲပြင်းထန်လာတဲ့ ကရင်နီပြည်နယ်ထဲ မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အပြင် လေကြောင်းအသုံးပြုပြီး မကြာခဏ ဗုံးကျဲတိုက်ခိုက်နေတာကြောင့် ထိခိုက်သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ဖားဆောင်းမြို့နယ် နန်းကစ်ကျေးရွာမှာ စစ်ကောင်တပ်ဖွဲ့တွေ လေကြောင်းနဲ့ ဗုံးကျဲတိုက်ခိုက်မှုကြောင်း အရပ်သား ၄ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဇွန်လ ၂၇ ရက် ဒီကနေ့မှာလည်း မနက်အစေားပိုင်းကတည်းက လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသလို ကင်းထောက်လေယာဉ်လည်း ပျံဝဲနေတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ လေယာဉ်က ကင်းထောက်လေယာဉ်လောက်ပဲ လာသေးတယ်၊ တိုက်လေယာဉ်ကတော့ မတွေ့မိသေးဘူး၊ မကြားမိသေးဘူး လက်နက်ကြီးသံတွေကတော့ တချက်ချက် ဒီမနက်ပိုင်းတော့ ခုန အချိန်ထိတော့ ကြားနေရတုန်းပဲ၊ ဖားဆောင်းရဲ့ အနောက်ဘက်နဲ့ တူတယ် နန်းကစ်ဖက်မှာ ပစ်နေကြတယ်ထင်တယ်။”

တိုက်ပွဲကြောင့် မယ်စဲ့က ဒေသခံ ၆,၀၀၀ ထက်မနည်း ထိုင်းနယ်စပ်ဖက်ခြမ်းကို ခိုလှုံကြတာရှိသလို တချို့က နီးစပ်ရာမြို့နဲ့ ကျေးရွာတွေမှာ တိမ်းရှောင်သွားကြပါတယ်။ စစ်ရေး အခြေအနေကြောင့် စစ်ပြေးဒုက္ခသည်တွေလည်း တနေ့တခြား တိုးလာနေပြီး လက်ရှိ ဖားဆောင်းနယ်မှာ ထောင်နဲ့ ချီတဲ့ ဒေသခံတွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG