သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သံတောင်ကြီးတဝိုက် တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ထွက်ပြေး


ယာဒိုဒေသ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ
ယာဒိုဒေသ တိုက်ခိုက်မှုတွေကြောင့် ဒေသခံတွေထွက်ပြေးနေရ

ကယား-ကရင် နယ်စပ်က သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာဘက်မှာ ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့ကစလို့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ် တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေး နေကြရပါတယ်။ အင်္ဂါနေ့က သောက်ရေခပ် ကျေးရွာမှာ ပစ်ခတ် တိုက်ခိုက်မှုကြောင့် ယာဒိုက စစ်ရှောင်တွေ အပါအဝင် ဒေသခံရွာသူရွာသား ၁,၂၀၀ ကျော် ထပ်မံ ပြေးလွှားနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးပါမယ်။

သံတောင်ကြီးမြို့နယ် ယာဒိုကျေးရွာမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နီးစပ်ရာ သောက်ရေခပ်ကျေးရွာကို ထွက်ပြေးခဲ့ကြရတဲ့ ယာဒိုရွာသားတွေဟာ သောက်ရေခပ်ကျေးရွာမှာ အင်္ဂါနေ့က ဖြစ်ပွားတဲ့ ပစ်ခတ်မှုတွေကြောင့် သောက်ရေခပ် ကျေးရွာကနေပါ ထပ်ဆင့် ထွက်ပြေးကြရပြန်ပါတယ်။ ယာဒိုက တိမ်းရှောင်လာသူတွေနဲ့ သောက်ရေခပ်ရွာက ထွက်ပြေးလာသူတွေ စုစုပေါင်း ၁,၂၀၀ ကျော် ရုတ်တရက် ထပ်မံ ပြေးလွှားခဲ့ကြရတာ ဖြစ်တယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေဟာ နီးစပ်ရာမြို့နယ်နဲ့ တောတောင်တွေထဲ ခိုလှုံနေကြရတယ်လို့ သူက ပြောပြပါတယ်။

“စစ်ရှောင်က နှစ်ဆင့်ပြေးနေရတယ်။ အခု သောက်ရေခပ်က ရွာသားတွေလည်း ပြေးသွားပြီး ကျေးရွာတွေ ပြေးသွားပြီ။ ယာဒိုက လာရှောင်တဲ့ စစ်ရှောင်တွေကလည်း ဘေးလွတ်ရာကို ကျနော်တို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေ နဲ့ ဒီကျေးရွာကော်မတီတွေနဲ့ ကျနော်တို့ တတ်နိုင်သလောက် ဘေးလွတ်ရာကို ကျနော်တို့ ရွှေ့ပြောင်းပေးလိုက်တယ်။ သောက်ရေခပ် လူဦးရေကဆိုရင် ၁,၀၀၀ လောက် ရှိနိုင်တယ်။ ဒီသောက်ရေခပ် ကျေးရွာပဲပေါ့။ စုစုပေါင်းဆိုရင် ၁၂,၀၀ နဲ့ ၄၀ ကျော်လောက် ရှိမယ်။ နီးစပ်ရာမြို့ကို တချို့ပြေးကြတယ်။ တချို့ကြတော့ တောတွေ ခိုကြတာတွေ ရှိတယ်လေ။”

ပြီးခဲ့တဲ့ အင်္ဂါနေ့က သောက်ရေခပ် ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ် စခန်းတွေကို ကာကွယ်ရေး တပ်ပေါင်းစုတွေဘက်က ဒရုန်းနဲ့ လာရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အဲ့ဒီနောက် အပြန်အလှန် ပစ်ခတ်မှုတချို့ ဖြစ်ခဲ့တာလို့ ဒေသခံတဦးက ပြောပါတယ်။

“အခြေအနေက တမနက်က မငြိမ်ဘူး။ ဒရုန်းနဲ့ လာပစ်သေးတယ်။ ဒီသောက်ရေခပ်စခန်းကို စောစောစီးစီး ဒရုန်းက ဗုံး ၂လုံးကို လာချသွားတယ်။”

ပြီးခဲ့တဲ့ ဇူလိုင် ၁၁ ရက်နေ့က ယာဒိုကျေးရွာမှာ တိုက်ပွဲ ပြင်းထန်ခဲ့ရာကစလို့ ခုချိန်ထိ နေ့စဉ်လိုလို နှစ်ဘက် တိုက်ပွဲတွေ ကြိုကြား ဆက်ဖြစ်နေကြောင်းနဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်း အသုံးပြု ဗုံးကြဲတိုက်ခိုက်တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲပြင်းထန်တဲ့ ကျေးရွာတွေဘက်ကို စစ်ကောင်စီက ဒီရက်ပိုင်း တပ်အင်အား အမြောက်အများ တိုးချပြီး စစ်ကြောင်း ဆင်လာတာရှိသလို၊ ကာကွယ်ရေး တပ်ပေါင်းစုဘက်က ကြားဖြတ် တိုက်ခိုက်တာမျိုးလည်း ရှိတယ်လို့ စစ်ရှောင်ဒေသခံတဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဖြစ်နေတာပဲ။ အဲ့ဒီလမ်း တကျောလုံးပေါ့နော်။ အဲ့လိုတော့ ရှိတယ်။ တောင်ငူ-လွိုင်ကော်လမ်းလေ။ အခုက ပြေးတဲ့လူလည်း ပြေး။ ယာဒိုကလည်း သောက်ရေခပ် ကိုပြေးလာ။ သောက်ရေခပ် ကလည်း ဒီဘက်ပြေးလာ။ အဲ့လိုမျိုးတွေ ဖြစ်ကုန်တာလေ။”

ဒီလို နှစ်ဘက် အပြန်အလှန် ပစ်ခတ်မှုတွေကြောင့် စစ်ပြေး ဒုက္ခသည်တွေ တနေ့တခြား ပိုမို များပြားလာနေပြီး အများစုက ပြင်ဆင်ချိန်မရဘဲ ရုတ်တရက် အသက်ဘေးလု ထွက်ပြေးကြရတာမို့ စားနပ်ရိက္ခာ တွေလည်း သယ်မလာနိုင်ကြဘူးလို့ ဒီ စစ်ရှောင်ဒေသခံက ပြောပါတယ်။

“ပိုတိုးလာတယ်။ တောင်ပြေး မြောက်ပြေး နီးစပ်ရာပြေးကြပေါ့။ ဗြုန်းခနဲ ဒိုင်းခနဲ။ အဲ့လိုဖြစ်တဲ့အခါ ကိုယ်တွေလည်း မထင်ဘူးလေ။ မထင်တဲ့အခါကျတော့ ဒီတိုင်းပဲ လက်လွတ် ပြေးရတာတွေလည်း ရှိတယ်။ အဆင်သင့်မဖြစ်ဘဲ ပြေးရမယ်ဆိုတာ သူတို့လည်း မသိဘူးလေ။ ဥယျာဉ်ခြံလုပ်နေတဲ့ အချိန် လယ်လုပ်နေတဲ့အချိန်ဆို ပြေးဆိုလည်း ဘာမှမပါကြတော့ တချို့ကျတော့လည်း နီးစပ်ရာ ဆွေမျိုးဆီမှာ လိုက်နေပြီး စားသောက်တယ်လို့တော့ ပြောတာပဲ။ အကူအညီတွေတော့ မရဘူးလေ။ ဘယ်လိုရမလဲ။ သယ်ဖို့ပြုဖို့လည်း မရဘူး။ ကူညီတဲ့အဖွဲ့တွေလည်း လိုက်ဖမ်းတော့ ပိုဆိုးပေါ့။”

သံတောင်ကြီးမြို့နယ်တဝိုက်မှာ ကရင်အမျိုးသား အစည်းအရုံး (KNU) နဲ့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) ပါဝင်တဲ့ တပ်ပေါင်းစုတွေနဲ့ စစ်ကောင်စီအကြား နှစ်ဘက်တိုက်ပွဲ လတ်တလော ဖြစ်ပွားနေတဲ့ အခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန် ပြောဆိုတာတော့ မရှိသေးပါဘူး။

KNU တောင်ငူခရိုင် ကတော့ တောင်ငူခရိုင် တပ်မဟာ(၂) နယ်မြေ ဒေါ်ဖခိုမြို့နယ်၊ ယာဒို ဒေသမှာ ဇူလိုင် ၁၁ ရက် ကနေ ၂၃ ရက်နေ့ အထိ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားတဲ့အကြောင်း ထုတ်ပြန်ထားပါတယ်။ ၁၃ ရက်ကြာ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က ယာဒိုကျေးရွာ၊ ဝါသောခိုကျေးရွာ၊ တပ်ကုန်းကျေးရွာကို လေယာဉ်နဲ့ အကြိမ်ရေ ၅၀ ကျော် ဗုံးကြဲ တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။ ဒီတိုက်ခိုက်မှုတွေအတွင်း ခရစ်ယာန်ဘာသာရေး အဆောက်အဦး ၂ လုံးနဲ့ နေအိမ် အလုံး ၂၀ ထက်မနည်း ပျက်ဆီးခဲ့သလို စပါးကျီ ၁ လုံး နဲ့ လယ်ယာမြေ စိုက်ပျိုးပင်တွေ ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG