သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားဆောင်းမြို့အနီးက ကျေးရွာကို စစ်ကောင်စီ လေယာဥ်နဲ့တိုက်ခိုက်


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ လွတ်လပ်ရေးနေ့ စစ်ရေးပြအခမ်းအနားအတွင်းတွေ့ရတဲ့ မြန်မာဂျက်လေယာဉ်များ (ဇန်နဝါရီ ၄၊ ၂၀၂၃)

စစ်ရေးပြင်းထန်နေတဲ့ ကရင်နီပြည် ခေါ် ကယားပြည်နယ် ဖားဆောင်းမြို့နယ်အနီးက ကျောက်ပဲညိုကျေးရွာမှာ ဒီနေ့ နေ့ခင်းပိုင်းလောက်က စစ်လေယာဉ်နဲ့ လာရောက် ဗုံးကြဲ တိုက်ခိုက်လို့ နေအိမ်တလုံး မီးလောင်ခဲ့တယ်လို့ စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ အသိမ်းခံထားရတဲ့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ လက်နက်ကြီးတွေ၊ လေယာဉ်တွေ အဆမတန် အသုံးပြု တိုက်ခိုက်လာ နေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ ဥက္ကဋ္ဌက ပြောပါတယ်။ ကရင်နီပြည်ဘက်က နောက်ဆုံး အခြေအနေ သတင်းပေးပို့ချက်ကို အလိမ္မာ က တင်ပြပေးပါမယ်။

ကရင်နီပြည်၊ ဖားဆောင်းမြို့အနီး ကျောက်ပဲညိုကျေးရွာမှာ ဒီကနေ့ ဇူလိုင်လ ၆ ရက် နေ့ခင်းပိုင်းလောက်က စစ်ကောင်စီတပ်ဖွဲ့တွေ လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ စစ်ရှောင်ဒေသခံတစ်ဦးက ဗွီအိုအေ ကို ပြောပါတယ်။ ဒီနေ့ မနက်ပိုင်း ကတည်းက လက်နက်ကြီး ပစ်ခတ်သံတွေ ခပ်စိတ်စိတ် ကြားခဲ့ရပြီး နေ့ခင်းပိုင်းလောက်မှာတော့ စစ်လေယာဉ်နဲ့ လာတိုက်ခဲ့တာလို့ ပြောပါတယ်။

“အခုဒီမနက် … လေယာဉ်လာကျဲသွားတယ်၊ ဒီမနက်တော့ လက်နက်ကြီးသံတွေ ခပ်စိတ်စိတ်လေးထွက်လာပြီးတော့ လေယာဉ်နဲ့လာသွားတယ် ခုနပဲ လာကျဲသွားတယ်၊ ဒီသံလွင်အရှေ့ဖက်ကမ်းပေါ့ ကျောက်ပဲညိုကျေးရွာမှာ လာကျဲသွားတယ်၊ နေအိမ်တစ်လုံးတော့ လောင်တယ်၊ တိုက်ပွဲရယ်လို့ မဟုတ်ဘူး၊ ဒီလက်နက်ကြီးတွေ ခပ်စိတ်စိတ်ပေါ့နော် ပစ်ခတ်သံတွေကြားရ ဒီမနက်မှပေါ့ ပြီးခဲ့တဲ့ တစ်ရက် နှစ်ရက်ကတော့ နည်းနည်းငြိမ်နေတယ်ပေါ့ ဒီနေ့ကျမှပဲ လက်နက်ကြီးသံတွေ ခပ်စိတ်စိတ်လေးကြားရတယ်၊ အထိအခိုက်ကတော့ မကြားရသေးဘူး ခုချိန်ထိမသိရသေးဘူး။”

ဖားဆောင်းမြို့နယ်မှာ အခုရက်ပိုင်း နှစ်ဘက် လက်နက်ကိုင်အဖွဲ့တွေ တဘက်နဲ့တဘက် ချောင်းမြောင်း ပစ်ခတ်တာတွေ ရှိပေမဲ့ တိုက်ပွဲကြီးကြီးမားမား ဖြစ်တာတော့ မကြားရဘူးလို့ အဲ့ဒီစစ်ရှောင်က ပြောပါတယ်။ ကျောက်ပဲညို ကျေးရွာ ကတော့ ဖားဆောင်းမြို့အနီး သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိနေတာပါ။ သံလွင်မြစ်ရဲ့ အရှေ့ဘက်ကမ်းမှာ ကရင်နီ ပူးပေါင်းတပ်တွေ လှုပ်ရှားနေပြီး သံလွင်မြစ်ရဲ့ အနောက်ဘက် ကမ်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့တွေ လှုပ်ရှားနေတာမို့ ခုလို တိုက်ခိုက်တာဟာ ကျေးရွာထဲမှာ ကာကွယ်ရေးတပ်တွေ ရှိတယ်ဆိုတဲ့ အထင်နဲ့ ဦးတည် တိုက်ခိုက်လာတာ ဖြစ်နိုင်တယ်လို့လည်း စစ်ရှောင်ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့် ကတော့ ကျောက်ပဲညိုကျေးရွာ လေကြောင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ အခြေအနေ အသေးစိတ် မသိရသေးတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီတပ်တွေဟာ သိမ်းဆည်းခံခဲ့ရတဲ့ သူတို့ တပ်စခန်းတွေကို ပြန်လည်ရရှိဖို့ စစ်အင်အားနဲ့ လက်နက်အင်အားတွေ ဖြည့်တင်းနေသလို နေရာအနှံ့အပြားမှာ လေကြောင်း အသုံးပြု တိုက်ခိုက်တာတွေ ပိုပြီး လုပ်လာနေတယ်လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

“အခုက ကျနော်တို့ နေရာအနှံ့အပြားကို သူက ဗုံးကြဲနေတာ။ ဗုံးကြဲ ဆိုတော့ ဒီကျောက်ပန်းတို့ဘာတို့က ဒီသံလွင်အရှေ့ဘက် ကျောက်စရူ ဖြစ်လိမ့်မယ်။ အဲ့ဒီမှာတော့ ကျနော် အသေးစိတ် မသိသေးဘူးဗျ နော်။ ဒါနဲ့ ဗုံးကြဲ နေတာတော့ နေရာအနှံ့လောက် ဖြစ်နေတယ်။ ကျနော်တို့ ဒီဇွန်လကတည်းက၊ ဇွန်လထဲမှာတော့ တိုက်ပွဲတွေ စခန်းသိမ်းတိုက်ပွဲတွေ ကျနော်တို့ လုပ်နေတဲ့အတွက် သူတို့ကလည်း သူတို့စခန်းတွေ ပြန်လည် ရရှိဖို့အတွက်ပေါ့နော် သူတို့လည်း ကြိုးပမ်းနေတာတွေ ရှိတယ်ဗျ။ စစ်အင်အားတွေ အလုံးအရင်းနဲ့ ရိက္ခာတွေ ပို့တာတွေ အင်အားတွေ ထပ်ဖြည့်တာတွေ ရှိနေတယ်ပေါ့နော်။ ဆိုတော့ တိုက်ပွဲကတော့ ဖြစ်နေတာပဲလေ။”

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က မယ်စဲ့မြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့ပြီးတဲ့နောက်ပိုင်း ဖားဆောင်းမြို့နယ်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာတာပါ။ အဲ့ဒီဒေသတွေမှာ ခုချိန်ထိ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေတာပါ။ သံလွင်မြစ်အရှေ့ဘက်ကမ်းက ထိုင်း-ကယား နယ်စပ်တခွင်မှာ ရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်ကလည်း စစ်ဆင်ရေး ပိုမို လုပ်လာတာလို့ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဗွီအိုအေကို ပြောပါတယ်။

အဲ့ဒီ ဒေသတွင်း လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် ကျောက်ပဲညိုကျေးရွာ အပါအဝင် ပတ်ဝန်းကျင်ကျေးရွာတွေက ဒေသခံတွေလည်း ထပ်မံ တိမ်းရှောင်ကြရတယ်လို့ စစ်ရှောင်ဒေသခံက ပြောပါတယ်။

“ကျေးရွာတွေမှာ ရွှေ့တာကြာပြီ။ ဒီဖားဆောင်းမှာ စဖြစ်ကတည်းက ရွာသူရွာသားတွေတော့ ရွှေ့ပြီး တချို့ ၃၊ ၄၊ ၅ယောက်လောက်ပဲ ဘုန်းကြီးကျောင်းမှာ နေကြတယ်။ တချို့ ရွာသား ခပ်များများတော့ မရှိတော့ဘူး။ ဖားဆောင်းနဲ့ တအားနီးတဲ့ ကျေးရွာတွေဆိုရင်တော့ ရှောင်ပုန်းကြတယ်။ ရှောင်ပုန်းကြတယ်ဆိုပေမဲ့ အဝေးတော့မဟုတ်ဘူးပေါ့နော်။ တကယ်လို့ ဝေးသွားရင်း စားနပ်ရိက္ခာတွေ အခက်အခဲရှိမှာ ကြောက်လို့။ ရွာထဲမှာကတော့ ဟို…ဖားဆောင်းမြို့ အနီးတဝိုက်က ကျေးရွာတွေကတော့ သိပ်မရှိကြတော့ဘူး။ ရှိပေမဲ့ ဘုန်းကြီးကျောင်းလောက်ပဲ ၃၊ ၄ယောက် ရွာက မျိုးပေါ့နော် ရွာစောင့်လောက်ပဲ ကျန်ခဲ့ကြတယ်။”

တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ်၊ ဖားဆောင်းမြို့နယ်က တချို့ဒေသခံတွေ ထိုင်းနယ်စပ်ဘက်မှာ ခိုလှုံကြတာ ရှိသလို၊ တချို့ကတော့ နီးစပ်ရာ ကျေးရွာနဲ့ တောတောင်တွေထဲ တိမ်းရှောင်နေကြတာပါ။ စစ်ပြေးဒုက္ခသည် အများစုက ဇွန်လ တိုက်ပွဲတွေ ပြင်းထန်ကတည်းက တိမ်းရှောင်ခဲ့ကြတာ ရှိသလို၊ အခုနောက်ဆုံး လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထပ်မံ တိမ်းရှောင်ရသူတွေလည်း ရှိပါတယ်။ စစ်ဘေး ဒုက္ခသည်ဦးရေ ပိုများလာတာနဲ့အမျှ သူတို့အတွက် အကူအညီတွေလည်း ပိုပြီး လိုအပ်လာနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG