သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျုံဒိုးမှာ စစ်ကောင်စီနဲ့ KNU ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်


ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် ကရင်ဒေသခံ ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီလ ၂၂ နဲ့ ၂၃ ရက်နေ့တွေက ဖြစ်ခဲ့တဲ့ တိုက်ပွဲအတွင်းမှာတော့ စစ်ကောင်စီဘက်မှာ ထိခိုက်သေဆုံးမှုများတဲ့အကြောင်း KNU ဒူးပလာယာခရိုင်နဲ့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။ ကရင်ဒေသတွင်း တိုက်ပွဲတွေနဲ့ပတ်သက်လို့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ကျေးရွာထဲကို စစ်ကောင်စီတပ်ဖွဲ့တွေ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ အတွက် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA၊ ကရင်အမျိုးသား ကာကွယ်ရေးအဖွဲ့ KNDO နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာပါ။

တိုက်ပွဲတွေ ကြိုကြား ဆက်ဖြစ်နေသလို၊ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က နှစ်ရက်ဆက်တိုက် တိုက်ပွဲ ပြင်းထန်ခဲ့တာမှာတော့ စစ်ကောင်စီဘက်က အကျအဆုံး ဒဏ်ရာရသူ များတယ်လို့ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ခေါင်းဆောင်တဦးက ပြောပါတယ်။

"ကေအန်ယူနဲ့ ကျားဖြူတပ်ရင်း ပူးပေါင်းပြီးတော့ စက်တင်ဘာလ ၂၂ ရက်နဲ့ ၂၃ ရက် တိုက်ပွဲ ၂ ရက်ဆက်တိုက်ဖြစ်တယ်။ စကစ ဘက်က ၈ ယောက် သေဆုံးပြီးတော့ ၁၅ ဦး ဒဏ်ရာရတယ်။ တိုက်ပွဲတွေ ကြိုကြားကြိုကြား အမြဲဖြစ်နေတယ်။ စစ်တပ်ဘက်က တပ်သစ်အမြောက်ကုန်းကနေ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ကျေးရွာနေ လူထုတဦး အသက် သေဆုံးသွားခဲ့တယ်။"

သေဆုံးသူဟာ ကျုံဒိုးမြို့နယ် နောင်တလာ ကျေးရွာသား တဦးဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးစာရင်းနဲ့ ပတ်သက်လို့ VOA အနေနဲ့တော့ သီးခြား အတည်မပြုနိုင်သေးသလို ဒါနဲ့ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

စစ်ကောင်စီရဲ့ စကခ (၁၂) လက်အောက်ခံ ခလရ (၂၃၀)၊ ခမရ (၅၄၆) နဲ့ ခလရ (၂၀၈) တပ်ရင်းတွေပါတဲ့ အင်အား ၇၀ နီးပါး ရှိတဲ့ တပ်တွေဟာ တောင်ကြာအင်း ကျေးရွာထဲကို ပြီးခဲ့တဲ့သီတင်းပတ်ကုန်က စစ်ကြောင်းထိုး ဝင်လာပြီး တောင်ကြာအင်းရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေရာယူထားတာ ဖြစ်ပါတယ်။

ဒီလို စစ်ကြောင်းထိုး ဝင်ရောက်မှုတွေနဲ့ နှစ်ဘက် တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် ကျုံဒိုးမြို့နယ်ထဲက ဒေသခံရာနဲ့ချီ ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပူးပေါင်းတပ်ဖွဲ့က ခေါင်းဆောင်တဦးကလည်း ခုလို ပြောပါတယ်။

"တောင်ကြာအင်းကို စစ်ကြောင်း ဝင်ထိုးတော့ ကျနော်တို့ဘက်က မလွှဲမရှောင်သာ တိုက်ပွဲ ဖြစ်ရတယ်။ အဲဒီဘက်မှာ ကျေးရွာလူထု ၂၀၀ ကျော်က တိုက်ပွဲဖြစ်တော့ တခြားမြို့ရွာတွေကို ပြောင်းရွှေ့ပြီး စစ်ဘေးရှောင်ရတာပေါ့နော်။"

နှစ်ဘက်တိုက်ပွဲတွေ ဖြစ်တိုင်းမှာ ဒေသခံပြည်သူတွေအတွက် ဘေးကင်းလုံခြုံမှု မရှိတော့သလို၊ လူမှုဘဝ နေထိုင်မှုတွေ ဆုံးရှုံးလာခဲ့ရတယ်လို့ ကရင်လူ့အခွင့်ရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက VOA ကို ပြောပါတယ်။

"ဘေးကင်းလုံခြုံမှု မရှိတော့ဘူးပေါ့နော်။ ပြည်သူတွေဟာ အသက်မွေးဝမ်းကျောင်း အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရတယ်။ လွတ်လပ်စွာ သွားလာနေထိုင်ခွင့် အခွင့်အရေးတို့ ဒါတွေက နေ့စဉ် နိစ္စဓူဝချိုးဖောက်ခံနေရတာပေါ့နော်။"

စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း တိုက်ပွဲတွေ ပိုမို ပြင်းထန်လာတဲ့ ကရင်ပြည်နယ်မှာ ကော့ကရိတ်၊ ကျုံဒိုး စတဲ့ နေရာတွေက စစ်ကောင်စီ ရဲစခန်းတွေ၊ ဌာနဆိုင်ရာရုံးတွေကို ဒေသခံ ပူးပေါင်းတပ်ဖွဲ့တွေက မကြာခဏ တိုက်ခိုက်တာတွေ ရှိသလို၊ စစ်ကောင်စီဘက်က စစ်ကြောင်းထိုး တိုက်ခိုက်တာ၊ နှစ်ဘက် အပြန်အလှန် တိုက်ပွဲ ဖြစ်တာတွေ မကြာခဏရှိနေတာပါ။ ဒီလို အခြေအနေတွေကြောင့်ပဲ ဒေသခံ ပြည်သူအများအပြား နေအိမ်တွေကို စွန့်ခွာပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG