သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်သတင်းဌာန KIC တည်ထောင်မှု ၂၆ နှစ်‌မြောက်


ကရင်သတင်းဌာန KIC တည်ထောင်မှု ၂၆ နှစ်‌မြောက် အခမ်းအနား (စက်တင်ဘာ ၂၃၊ ၂၀၂၃)
ကရင်သတင်းဌာန KIC တည်ထောင်မှု ၂၆ နှစ်‌မြောက် အခမ်းအနား (စက်တင်ဘာ ၂၃၊ ၂၀၂၃)

ကရင်ဒေသတွေက လူထုတွေရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ကရင်ပြည်နယ်အတွင်းက အခြေအနေ သတင်းမှန်တွေကို တင်ဆက်နိုင်ခဲ့တာကြောင့် ၂၆ နှစ်တာကြာတဲ့အထိ တိုင်းရင်းသား သတင်းဌာနကြီးတခုအနေနဲ့ အခိုင်အမာ ရပ်တည်နိုင်ခဲ့တယ်လို့ ကရင်သတင်းဌာန (KIC) က ပြောပါတယ်။ KIC သတင်းဌာနရဲ့ ၂၆ နှစ်‌ မြောက် နှစ်ပတ်လည်နေ့ကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပခဲ့တာပါ။ ကိုယ်တိုင်သွားရောက်သတင်းယူထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်လူမှုအဖွဲ့အစည်းအတွင်း သတင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတတွေ ပိုမို သိရှိ နားလည်‌စေဖို့ရည်ရွယ်ချက်နဲ့ ၁၉၉၇ ခုနှစ်မှာ စတင် ဖွဲ့စည်းတည်‌ထောင်လာခဲ့တဲ့ ကရင်သတင်းဌာန (KIC) ဟာ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ဧရာ၀တီတိုင်း စတဲ့ ကရင်လူမျိုးတွေရှိရာ နေရာတွေကနေ သတင်းတွေကို တင်ပြလာခဲ့တဲ့ တိုင်းရင်းသား မီဒီယာတခု ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသားတွေရဲ့ ထောက်ခံမှု၊ ယုံကြည်မှု၊ အားပေးမှုတွေကြောင့် ၂၆ နှစ်တာကာလကို အောင်အောင်မြင်မြင် ဖြတ်သန်းနိုင်ခဲ့တဲ့အကြောင်း ကရင်သတင်းဌာန ညွန်ကြားရေးမှူး နန်းဖောဂေက စက်တင်ဘာလ ၂၃ ရက်နေ့က ကျင်းပတဲ့ နှစ်ပတ်လည်နေ့မှာ ပြောဆိုသွားပါတယ်။

"ကေအိုင်စီက ကရင်သတင်းဌာနဖြစ်တယ်။ လွတ်လပ်တဲ့ သတင်းမီဒီယာအဖြစ် ရပ်တည်လာခဲ့တယ်။ ဘာလို့ ရေရှည်ရပ်တည်လာနိုင်ရသလဲဆိုရင် ကရင်သတင်းဌာန စတင်ဖြစ်လာကတည်းက ကရင်လူထုအသံကို ဖော်ထုတ်တယ်။ ကရင်ဒေသမှာရှိတဲ့သတင်းတွေကို ရနိုင်သလောက်ဖော်ထုတ်တယ်။ တင်ဆက်တယ်။ ထုတ်လွှင့်တယ်။ ကျမတို့ကို သတင်းအချက်အလက်တွေဖြစ်စေ၊ ဝန်းရံပေးတဲလူထုတွေ၊ အမာခံ ပရိတ်သတ်တွေရှိတဲ့အတွက် ကျမတို့ ကေအိုင်စီ အခုလို ၂၆ နှစ်ကြာတဲ့အထိ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။"

ကရင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ဒဏ် ခံစားနေရတာ နှစ်ပေါင်း ၇၀ လောက် ရှိခဲ့ပါပြီ။ ဒီအတောအတွင်းမှာ ကရင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမူတွေ၊ စစ်ရေးပဋိပက္ခရဲ့ သားကောင်ဖြစ်ရမှုတွေကို မီးမောင်းထိုးတင်ပြတာ၊ ကရင် စာပေ ယဉ်ကျေးမှုတွေကို ဖော်ထုတ်တာတွေကို ကရင်သတင်းဌာနအနေနဲ့ လုပ်ဆောင်နိုင်ခဲ့တာပါ။ တိုင်းရင်းသတင်းမီဒီယာ တခုအနေနဲ့ ၂၆ နှစ်တာ ကာလအတွင်း ခုလို ဆက်ပြီး ရပ်တည်နိုင်ဖို့ စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ နန်းဖောဂေက ပြောပါတယ်။

"အခက်အခဲတွေက မလွယ်လှဘူး။ သတင်းအချက်အလက် ထုတ်လွှင့်တယ်ဆိုတာ အများကြီး စိန်ခေါ်မှု ရှိတယ်။ မီဒီယာလုပ်ငန်းဆိုတာ ဆက်သွယ်ရေးလုပ်ငန်း နည်းပညာတွေက အခရာကျတယ်။ သွားလာရေး အခက်အခဲတွေလည်း ရင်ဆိုင်ရတယ်။ သွားတဲ့အခါမှာလည်း သတင်းရယူတဲ့အခါမှာကျရင်လည်း နယ်မြေပဋိပက္ခ ဖြစ်နေတဲ့နေရာတွေ၊ စစ်ရေးပဋိပက္ခ ဖြစ်တဲ့နေရာတွေကို လိုက်ယူရတာ မလွယ်ကူဘူး။ ဒီအနေအထားပေါ်မှာ သတင်းအမှန် အချက်အလက်မှန် ဖြစ်ရမယ်။ တိကျရမယ် ခိုင်လုံရမယ်။ မျှတမှု ရှိရမယ်ဆိုတာကို ဆောင်ရွက်ရတာဖြစ်ပါတယ်။"

၂၆ နှစ်ပြည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ကရင်ရိုးရာဓလေ့ လူနေမှုဘဝ ခေါင်းစဥ်နဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အလှဓါတ်ပုံပြိုင်ပွဲကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲအဖြစ် ပဋိပက္ခဒဏ်ခံစားကြရတဲ့ ဒေသအသီးသီးကပြည်သူတွေအတွက် ဖယောင်းတိုင်မီးထွန်း ဆုတောင်းတဲ့ အစီအစဥ်ကိုလည်း လုပ်ခဲ့ပါတယ်။

ကရင်သတင်းဌာန (KIC) ဟာ လက်ရှိမှာ ကရင်၊ ဗမာ၊ အင်္ဂလိပ် ဘာသာနဲ့ ဝက်ဘ်ဆိုက်သတင်းစာမျက်နှာအပြင် Youtube နဲ့ Facebook လူမှုကွန်ရက် စာမျက်နှာတွေပေါ်မှာလည်း စာသတင်းနဲ့ ရုပ်သံသတင်းတွေ ရေးသား တင်ဆက်နေတဲ့ ကရင်သတင်းဌာနတခု ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ်တနေရာမှာ ကျင်းပတဲ့ ကရင်သတင်းဌာနရဲ့နှစ်ပတ်လည်နေ့ကိုတော့ မိတ်ဖက်မီဒီယတွေ၊ နိုင်ငံရေးအဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ ကရင်လူမှု အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေအပါအဝင် လူ ၁၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG