သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လက်နက်ကြီးပစ်ခတ်မှုကြောင့် ကော့ကရိတ်ဒေသခံ ၂,၀၀၀ ထွက်ပြေးတိမ်းရှောင်


ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့ ဒေသခံများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - CJ)
ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေကို လက်နက်ကြီးကျည် ကျရောက်ပြီး ထိခိုက်ဒဏ်ရာ ရရှိတဲ့ ဒေသခံများ။ (ဇန်နဝါရီ ၈၊ ၂၀၂၂။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ မြဝတီခရိုင်နဲ့ ဒူးပလာယာခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ် အပါအဝင် ပူးပေါင်းတပ်ဖွဲ့တွေအကြား ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေပြီး စစ်ကောင်စီဘက်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ကော့ကရိတ်ဒေသခံ ၂,၀၀၀ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကနေ ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်ရာ မြဝတီခရိုင်နဲ့ ဒူးပလာယာခရိုင်ထဲမှာတော့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေသလို စစ်ကောင်စီဘက်ကလည်း နေ့စဉ် လက်နက်ကြီးနဲ့ ပစ်နေတာကြောင့် သောင်ရင်းမြစ်တလျှောက် မြန်မာဘက်ခြမ်းမှာ ပုန်းခိုနေတဲ့ ဒေသခံတွေ နေရပ်မပြန်ရဲကြသေးတာ ထောင်ဂဏန်းနဲ့ ရှိနေပါသေးတယ်။ ဒူးပလာယာခရိုင် ကော့ကရိတ်ဘက်မှာတော့ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ဒေသခံ ၂,၀၀၀ ထက်မနည်း ထွက်ပြေးနေရပြီး ကျေးရွာသား ၈ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ဒုက္ခသည်တွေကို အကူအညီပေးနေသူတဦးက ပြောပြပါတယ်။

“မင်းလက်ပံ၊ ဖလူးကြီး၊ ဖလူးလေး၊ ထီးမယ်ဝါးခီး၊ လေးကေ့ကော် စစ်ရှောင်လာတဲ့ သူတွေက မယ့်ကိုကင်းတဖက်မှာ စစ်ရှောင်နေသူ ၁,၇၅၀ လောက် ရှိနေသေးတယ်။ သူတို့ မပြန်နိုင်သေးဘူး။ ကော့ကရိတ်ဘက်မှာတော့ လက်နက်ကြီးနဲ့ပစ်လို့ စစ်ရှောင် ၂,၀၀၀ လောက် ပြေးနေရတယ်။ လက်နက်ကြီးနဲ့ပစ်လို့ ရွာသား ၈ ဦးလောက်လည်း ဒဏ်ရာရတယ်။ ဒါကြောင့် ဒီဘက်ကလူတွေကလည်း အခုထိ ပြန်လို့မရဲသေးဘူး။ အဓိကအားဖြင့် ဖလူးလေး၊ ဖလူးကြီး၊ ထီးမယ်ဝါးခီးရွာဘက်က လူတွေပေါ့၊ သူတို့ရွာတွေမှာ စစ်တပ်က စခန်းထိုင်ထားတော့ သူတို့က ပြန်လို့မရသေးဘူး။ ပြန်လို့လည်း မရဲသေးဘူး။ အဲဒီအခြေအနေ ရှိနေသေးတယ်။”

ဒူးပလာယာခရိုင် ကော့ကရိတ်မြို့ အနီးတဝိုက်က ကျေးရွာတွေဖြစ်တဲ့ မြို့ဟောင်း၊ ကော့နွဲ့၊ အံကလော်၊ ရွာသစ်ကုန်း၊ ကျောက်စလစ်ကုန်း၊ တတန်ကူး၊ ရေလည်ကျွန်း စတဲ့ကျေးရွာတွေက စစ်ရှောင် ၂,၀၀၀ လောက်ကတော့ နယ်စပ်တွေကို မရောက်ဘဲ နီးစပ်ရာ တောတောင်တွေထဲမှာ ပုန်းအောင်းနေရပါတယ်။ ဇန်နဝါရီလ ၇ ရက်ညက ကော့ကရိတ်မြို့အနီး အာရှလမ်းမှာ လောင်စာဆီကားတစီးကို KNU နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ပြောက်ကျားပစ်ခတ်မှု လုပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၈ ရက်နေ့မှာတော့ စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ကော့ကရိတ်အနီးက ကျေးရွာတွေကို ပစ်ခတ်ခဲ့တာကြောင့် ကျေးရွာသားတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး ထွက်ပြေးနေရတယ်လို့လည်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်ဖွဲနဲ့အတူ ပြောက်ကျားတိုက်နေတဲ့ ပူးပေါင်းတပ်ဖွဲ့က ခေါင်းဆောင်တဦးကလည်း ပြောပြပါတယ်။

“နေပူခံကုန်းလို့ခေါ်တဲ့ စစ်တပ်စခန်းချတဲ့နေရာရယ်၊ ခလရ ၉၇ ကနေရော ၁၂၀ မမ လက်နက်ကြီးနဲ့ ရွာတွေကို ရမ်းသမ်းပစ်တာပေါ့နော်။ ရွာသားတွေ ထိခိုက်တယ်လို့ သိရတယ်။ ရွာတွေက စစ်ပြေးတွေ တော်တော်များလာတယ်။ ကော့နွဲ့အုပ်စုကျေးရွာတွေ အံဖတ်ကြီးရွာတို့ တမိုင်ကုန်းတို့ အဲဒီဘက်ကရွာတွေ အကုန်ထွက်ပြေးနေရတယ်။”

ဇန်နဝါရီလ ၈ ရက်နေ့က စစ်ကောင်စီဘက်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးတွေက ကော့ကရိတ်တောင်ပိုင်း၊ မြို့ဟောင်းရွာဘက်ကို ကျရောက် ပေါက်ကွဲခဲ့ပြီး ဘုန်းကြီးကျောင်းတကျောင်းနဲ့ လူနေအိမ် ၃ လုံး ထိမှန်ပြီး ပျက်စီးခဲ့ရသလို အရပ်သားပြည်သူ ၈ ဦး ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို အကူအညီပေးနေသူတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၄ ရက်နေ့က ကရင်ပြည်နယ် မြဝတီခရိုင်ထဲက လေးကော့ကော်မြို့သစ်ထဲကို စစ်ကောင်စီတပ်တွေက ဝင်လာပြီး လွှတ်တော်အမတ် ၂ ဦးနဲ့ အကြမ်းမဖက် CDM လုပ်နေတဲ့ ဝန်ထမ်းတွေ အပါအဝင် လူ ၂၀ ကျော်ကို ဖမ်းဆီးသွားခဲ့တာကြောင့် ဒီဇင်ဘာလ ၁၅ ရက်နေ့ကစပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေကြောင့် စစ်ရှောင်ဒုက္ခသည် ၂၀,၀၀၀ ထက်မနည်း တောတောင်တွေမှာရော သောင်ရင်းမြစ်အနီးမှာရော ထိုင်းနိုင်ငံဘက်ကိုရော ထွက်ပြေး ခိုလှုံခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်

-------------------------

(Unicode)










XS
SM
MD
LG