ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်နဲ့ ဝိုင်းမော်မြို့နယ်က ပြည်သူ့စစ်စခန်း ၂ ခုကို ကချင်လွတ်မြောက်ရေး တပ်မတော် KIA ဒီကနေ့ သိမ်းယူခဲ့ပြီး စစ်ကောင်စီဘက်ကတော့ လိုင်ဇာအနီး အနားဝန်းကျင်နဲ့ မိုင်ဂျာယန်ဘက်တွေကို လေကြောင်းက တိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ရှမ်းမြောက်ဒေသဘက်မှာတော့ မနေ့က စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA အကြားမှာ တိုက်ပွဲ ၆ နေရာလောက် ဖြစ်ပွားခဲ့ပါတယ်။ ကချင်နဲ့ ရှမ်းမြောက်က တိုက်ပွဲအခြေအနေတွေအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြထားပါတယ်။
ကချင်ပြည်နယ်အတွင်းမှာ ကာလအတန်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ရာက ဒီကနေ့ မနက်ပိုင်းမှာတော့ မြစ်ကြီးနားမြို့နယ်က တာလောကြီးနဲ့ ဝိုင်းမော်မြို့နယ် ဘော်ဆာဒီး ပြည်သူ့စစ်စခန်း ၂ ခုကို KIA က သိမ်းယူခဲ့တာပါ။ ဒီလို ပြည်သူ့စစ်စခန်းတွေ သိမ်းယူခဲ့တာနဲ့ စစ်ကောင်စီဘက်က တုံပြန်တိုက်ခိုက်ခဲ့တဲ့ အခြေအနေကို KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။
“ဒီနေ့ တိုက်ပွဲရှိတာကတော့ တာလောကြီးဘက်မှာ တိုက်ပွဲရှိပါတယ်ခင်ဗျ။ တာလောကြီးဘက်မှာကတော့ ပြည်သူ့စစ်စခန်းတွေကို KIA ဘက်ကနဲ့ ဝင်လို့ တိုက်ပွဲဖြစ်တာရှိပါတယ်။ အဲဒီ တာလောကြီးနဲ့ ရွှေညောင်ပင်ကြားက ဘော်ဆာဒီးဆိုတဲ့ ပြည်သူ့စစ် စခန်းကိုလည်းဝင်သိမ်းတဲ့ ဖြစ်စဉ်တွေ ရှိပါတယ်ခင်ဗျ။ လိုင်ဇာဘက်မှာကတော့ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေတော့ ရှိတယ်။ နောက် မိုင်ဆပ်ပါတို့ နမ့်ဆန်ယန်ဘက်ကတော့ လေကြောင်းနဲ့ ဗုံးကြဲတာ ရှိတယ်။ နောက် မိုင်ဂျာယန်မှာလည်း သူတို့ ရော်ယွန်စခန်းကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာ အဲဒီအခြေအနေတော့ ရှိပါတယ်ခင်ဗျ။ ”
နမ့်ဆန်ယန်နဲ့ မိုင်ဆပ်ပါဘက်ကို လေကြောင်းက တိုက်ခိုက်ချိန်မှာ အသက်၆၀အရွယ် အမျိုးသားတဦး ထိခိုက်တာ ရှိကြောင်း ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေမှာကတော့ မိုးမောက်မြို့နယ်၊ ဒေါ့ဖုန်းယန် မြို့နယ်ခွဲမှာ စစ်ကောင်စီ စစ်ကြောင်းကို KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်ကြောင်း ဖော်ပြပေမဲ့ ဗိုလ်မှုးကြီးနော်ဘူကတော့ စုံစမ်းနေဆဲဖြစ်ကြောင်း ပြောပါတယ်။
ရှမ်းမြောက်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA အကြား မနေ့က တိုက်ပွဲ ၆နေရာ လောက်ဖြစ်ပွားခဲ့ပြီး ဒီနေ့တော့ တိုက်ပွဲသတင်း မရသေးကြောင်း PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူရုံး တာဝန်ခံအမျိုးသမီးက ပြောပါတယ်။
“ ဒီနေ့ တိုက်ပွဲအခြေအနေကတော့ ထူးခြားတာ သိပ်မတွေ့ရသေးပါဘူး။ မနေတုံးက တိုက်ပွဲ ၆ နေရာ ဖြစ်ခဲ့တယ်။ မနေ့တုံးက ဆိုရင် နမ့်ခမ်း စခန်းသစ်ကုန်းရယ်။ ပြီးရင် မူဆယ် ၁၀၅ မိုင်စခန်းရယ်၊ ပြီးရင် နမ့်ဆန် မန်ခိုက်မှာ လက်နက်တွေ သိမ်းဆည်းမိတာတွေ ရှိတယ်။ နောက် ကွတ်ခိုင်မြို့မှာ ရှိတဲ့ ကွတ်ခိုင်တပ်စခန်းရယ်။ ပြီးရင် မန်တုံမြို့ ခလရ ၁၃၀ ရယ်။ နောက်ပြီး ကျောက်မဲ - လွယ်ခေါ် ကျေးရွာအနီးမှာလည်း တိုက်ပွဲဖြစ်ပွားတာရှိတယ်။ တိုက်ပွဲ ၆နေရာပေါ့။ ”
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဆွေးနွေးတာရှိပေမဲ့ TNLA ကတော့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ရည်မှန်းချက်အတိုင်း ဆက်လက်အကောင်အထည် ဖော်နေတယ်လို့ ဆက်ပြောပါတယ်။
“ ဟုတ်ကဲ့ ဒီ ဆွေးနွေးပွဲနဲ့ ဒီဟာနဲ့တော့ အများကြီးလည်း သက်ရောက်မှုမရှိဘူးပေါ့။ ကျမတို့ သွားနေတာက ၁၀၂၇ ရည်မှန်းချက်အတိုင်းသာ သွားနေတာဖြစ်ပါတယ်။ ”
စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ ဆွေးနွေးတာနဲ့ ပတ်သက်လို့တော့ ထုတ်ဖော်ပြောဆိုတာ မရှိပါဘူး။ TNLA ရဲ့သတင်းထုတ်ပြန်ချက်မှာတော့ နမ့်ခမ်း စခန်းသစ်ကုန်း တိုက်ပွဲမှာ စစ်ကောင်စီက လေကြောင်းက ၁၇ကြိမ်၊ ဗုံး အလုံး ၁၀၀ ကျော် ကြဲချခဲ့ပြီး လက်နက်ကြီးနဲ့ ၂၃ ကြိမ် ပစ်ခတ်ခဲ့ကြောင်းနဲ့ မူဆယ်မြို့ ၁၀၅မိုင် စခန်း တိုက်ပွဲမှာတော့ လေကြောင်းက ၁၃ ကြိမ် ၊ အတွဲလိုက်ဒုံးကျည်နဲ့ ၃ ကြိမ်၊ ၁၂ လုံး ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကိုးကန့်ဒေသအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော် MNDAA က သတင်းထုတ်ပြန်တာ မရှိသလို ပြောရေးဆိုခွင့်ရှိသူကိုလည်း ဆက်သွယ်လို့ မရပါဘူး။ စစ်ကောင်စီ ဘက်ကတော့ ရှမ်းမြောက်ဒေသမှာ နမ့်ခမ်းနဲ့ ၁၀၅ မိုင်ကြားမှာ TNLA နဲ့ ထိတွေ့မှုရှိကြောင်း သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ဖော်ပြတာတော့မရှိပါဘူး။