သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီ လက်နက်ကြီးနဲ့တိုက်ခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ
ယခင်မှတ်တမ်းရုပ်ပုံ | ကချင်ပြည်နယ် လိုင်ဇာမြို့အနီးမှာတွေ့ရတဲ့ ကချင်လွတ်လပ်ရေးတပ် (KIA) တပ်သားများ

ဒီဇင်ဘာလ ၁ရက်နေ့ကို ကူးပြောင်းလာချိန် ညသန်းခေါင်ယံမှာ KIO ဌာနချုပ် လိုင်ဇာအနီးကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ရှိခဲ့သလို နေ့ခင်းဘက်မှာတော့ လိုင်ဇာမြို့ပေါ်ကို ဂျက်တိုက်လေယာဉ်တစီး ပျံသန်းလာတာကြောင့် စစ်ရေးအခြေအနေဟာ တင်းမာလာနေကြောင်း KIO က ပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာတော့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး TNLA က ဒီနေ့ မနက်အစောမှာ တပ်စခန်း ၂ခုကို သိမ်းယူလိုက်ပါတယ်။ ကချင်ဒေသမှာ စစ်ရေးတင်းမာလာတာနဲ့ ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေတဲ့အကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဌာနချုပ် အခြေစိုက်ရာ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ လိုင်ဇာအနီးမှာ ကာလအတော်ကြာ တိုက်ပွဲတွေ ငြိမ်သက်နေရာက မနေ့ည သန်းခေါင်ယံအချိန်မှာတော့ ပစ်ခတ်မှုတွေ ပြန်လည် စတင်ခဲ့တာပါ။ ဒီပစ်ခတ်မှုဟာ ဌာနချုပ် လိုင်ဇာအနီး ကျေးရွာဘက်တွေကို အဓိက ပစ်ခတ်ခဲ့တာဖြစ်ကြောင်းနဲ့ အနည်းဆုံး ၁၀ချက်ကျော်ခန့် ရှိနိုင်ကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ မနေ့က ညသန်းခေါင်ယံ ၁၂နာရီ ဝန်းကျင်လောက် ဒီဇင်ဘာ ၁ ရက် မနက်ပေါ့နော်။ ဒီ ခရာတောင်တို့ ဘွမ့်ရေ တောင်တို့ဖက်ကနေ ကျနော်တို့ လိုင်ဇာပတ်ဝန်းကျင် မိုင်ဆတ်ပါ၊ နမ့်ဆန်ယန်၊ နောက် မဒီးယန် စစ်မျက်နှာဖက်မှာ လက်နက်ကြီးနဲ့ ရမ်းပစ်တာတော့ ရှိပါတယ်။ အကြိမ်ကတော့ ၁၀ကျော်လောက် ရှိမယ် ထင်တယ်။ အတိအကျတော့ မသိဘူးနော်။ ညသန်းခေါင် အိပ်မောကျတဲ့အချိန်ဆိုတော့။ ”

ဒီနေ့ နေ့ခင်းပိုင်းမှာလည်း လိုင်ဇာမြို့ပေါ်ကို တိုက်လေယာဉ်တွေ လာရောက် ဝဲပျံတာရှိတာကြောင့် စစ်ရေးအခြေအနေဟာ ပြန်လည် တင်းမာနေကြောင်း အခုလို ဆက်ပြောပါတယ်။

“ ဒီနေ့ကတော့ ခုနက ၂ နာရီ ဝန်းကျင်လောက်မှာ လိုင်ဇာပေါ်ကနေ သူတို့ရဲ့ ဒီ Fighter တစီးလည်း ပျံသန်းနေတာတော့ တွေ့ရပါတယ်။ နောက်ကျနော်တို့ လိုင်စင်ဘွမ်ဘက်မှာလည်း အဲဒီလေယာဉ်ကတော့ တက်လိုက်၊ ဆင်းလိုက်ဖြစ်တာတော့ ရှိပါတယ်။ နည်းနည်းတော့ ဘယ်လို ပြောမလဲ စစ်ရေးအခြေအနေကတော့ နည်းနည်းတော့ တင်းမာတဲ့အနေအထားတော့ ရှိပါတယ်။ ”

နိုဝင်ဘာလ ၃၀ရက်နေ့ မိုးညှင်းမြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ရွှေငြိမ်းချမ်း အမည်ရှိ တပ်စခန်းတခုကို KIA တပ်ရင်း ၅က သိမ်းပိုက်ကြောင်း ကြားသိရပေမဲ့ အောက်ခြေက သတင်းပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။

KIA ဌာချုပ် လိုင်ဇာဒေသမှာ ဒီနှစ် ဇူလိုင်လဆန်းတည်းက တိုက်ပွဲတွေ စတင်ခဲ့ပြီး ရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေး မတိုင်မီအထိ ဝိုင်းမော်နဲ့ မိုးမောက်မြို့နယ် ဗန်းမော်- မြစ်ကြီးနား လမ်းတလျောက်မှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာတော့ လိုင်ဇာဒေသမှာ တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပြီး ဒီဇင်ဘာလ ၁ရက်နေ့ ကူးပြောင်းချိန်မှာ ပစ်ခတ်တာတွေ ပြန်လည် စတင်ခဲ့တာပါ။

ဒီဇင်ဘာလဟာ ခရစ်ယာန်ဘာသာဝင်တွေအတွက် အထွဋ်အမြတ်လ ဖြစ်တာကြောင့် အခုလို ဒီဇင်ဘာလ ၁ရက်နေ့ကို ကူးပြောင်းလာချိန် ပစ်ခတ်တဲ့အပေါ်မှာ ဝေဖန်တာတွေလည်း ရှိနေပါတယ်။ ရှမ်းမြောက်ဒေသဘက်မှာတော့ ဒီကနေ့လည်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေဆဲရှိပါတယ်။ ဒီမနက်ပိုင်းမှာတော့ တအာင်းတပ် TNLA က စစ်ကောင်စီစခန်း ၂ ခုကို ထပ်မံ သိမ်းယူခဲ့ကြောင်း PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက ပြောပါတယ်။

“ မူဆယ်မြို့ နမ့်ပေါ် တပ်စခန်းကို မနက်အစောပိုင်းမှာ ဝင်ရောက်ပြီးတော့မှ သိမ်းပိုက် ရှင်းလင်းနိုင်ခဲ့တယ်။ အဲဒီစခန်းကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၇ရက်နေ့ကတည်းက တိုက်ခဲ့တယ်ပေါ့နော်။ ဒီနေ့ ရောက်မှပဲ ကျမတို့ အပြတ်ရှင်းနိုင်ခဲ့တယ်။ အဲဒီမှာဆို စစ်သုံ့ပန်း ၂ဦးရှိမယ်။ ပြီးရင် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းမိတာတွေလည်း ရှိမယ်။ နောက်တခုက ဒီ သီပေါ၊ စဉ့်အင် ရဲစခန်းကို သိမ်းရမိတာ။ အဲဒီမှာလည်း ရဲသား ၂ဦးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာ ရှိတယ်။”

သီပေါမြို့နယ်ရှိ စစ်ကောင်စီ စဥ့်အင်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း TNLA ထုတ်ပြန် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)
သီပေါမြို့နယ်ရှိ စစ်ကောင်စီ စဥ့်အင်တပ်စခန်းကို ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း TNLA ထုတ်ပြန် (နိုဝင်ဘာ ၃၀၊ ၂၀၂၃)

ရှမ်းမြောက်ဒေသတွင်း သတင်းတွေကို အစဉ်တစိုက်ဖော်ပြနေတဲ့ ရွှေဖီမြေသတင်းဌာနကတော့ နမ့်ခမ်းမြို့ဘက်မှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်တာကြောင့်သားအမိ ၂ယောက် ထိခိုက်ကြောင်း ဖော်ပြပါတယ်။ TNLA ပြောခွင့်ရသူကတော့ နမ့်ခမ်းဘက်က တိုက်ပွဲသတင်း မရသေးကြောင်း ပြောပါတယ်။

ကိုးကန့်ဒေသဘက်က အခြေအနေကိုတော့ MNDAA က ဒီကနေ့ ထုတ်ပြန်တာမရှိသေးသလို ပြောရေးဆိုခွင့်ရှိသူကို ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့ မရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG