သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ဆင်ရေးများနဲ့ စစ်ကောင်စီအခြေအနေအပေါ် NUG အမြင်


NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် နဲ့​ရှမ်းပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲအကြောင်း Zoom ကနေ ဆက်သွယ်မေးမြန်းချက်။ (နိုဝင်ဘာ ၈၊ ၂၀၂၃/ Zoom screenshot)
NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် နဲ့​ရှမ်းပြည်မြောက်ပိုင်း မြို့သိမ်းတိုက်ပွဲအကြောင်း Zoom ကနေ ဆက်သွယ်မေးမြန်းချက်။ (နိုဝင်ဘာ ၈၊ ၂၀၂၃/ Zoom screenshot)

စစ်ကိုင်းနဲ့ ရှမ်းမြောက်က မြို့သိမ်းတိုက်ပွဲတွေကို ကြည့်ရင် အင်အားကောင်းပါတယ်ဆိုတဲ့ စစ်ကောင်စီတပ်တွေ အလျင်အမြန်ပြိုကွဲလာတာ တွေ့ရကြောင်း NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော် က ဗွီအိုအေကိုပြောပါတယ်။ NUG ဦးဆောင်တဲ့ တပ်တွေ၊ ဒေသခံ ကာကွယ်ရေးတပ်တွေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေရဲ့ စစ်ဆင်ရေးနဲ့ လက်ရှိစစ်ကောင်စီရဲ့ အခြေအနေအပေါ် NUG ရဲ့အမြင်နဲ့ပတ်သက်လို့ ဦးကျော်ဇော်ကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ အခု စစ်ကိုင်းတိုင်း၊ကောလင်းမြို့ကိုသိမ်းပိုက်တဲ့တိုက်ပွဲမှာ NUG က ဘယ်လိုအခန်းကဏ္ဍမှာ ပါဝင်ခဲ့လဲရှင့်။

ဖြေ။ ။ ဟုတ်ကဲ့၊ အခု စစ်ကိုင်းတိုင်း ကောလင်းမြို့ဆိုတာထက် ခရိုင်အဆင့်ရှိတဲ့မြို့ပေါ့နော်။ ပထမဦးဆုံးအနေနဲ့ ကျနော်တို့တော်လှန်ရေးအင်အားစုတွေက ခရိုင်အဆင့်ရှိတဲ့မြို့တမြို့ကို အပြီးအပိုင်သိမ်းလိုက်တာပေါ့နော်၊ အဲဒီမှာ ပူးပေါင်းစစ်ဆင်ရေးပါ။​ KIA ပါပါတယ်။ NUG အောက်မှာရှိတဲ့ PDF အဖွဲ့တွေ ပါပါတယ်။ တခြား မဟာမိတ်လက်နက်ကိုင်အဖွဲ့တွေ၊ အမှတ် (၁) စစ်ဒေသရဲ့ ကွပ်ကဲမှုအောက်မှာရှိနေတဲ့တပ်ဖွဲ့တွေ ပူးပေါင်းပါဝင်တိုက်ခိုက်ကြတာဖြစ်ပါတယ်။

မေး။ ။​ဆိုတော့ ရေရှည်မှာ ဒီအခြေအနေကို ဘယ်လိုဆက်ထိန်းထားနိုင်မလဲ။ ဥပမာ မြို့တွေ၊ နယ်မြေတွေကို သိမ်းပိုက်ထားတဲ့အခြေအနေကို NUG ဘက်က ဘယ်လောက်အထိ၊ မဟာမိတ်တပ်ပေါင်းစုတွေအနေနဲ့ကရော ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မလဲ။

ဖြေ။ ။ အဲဒါကိုပြောရမယ်ဆိုရင်တော့ ပြောင်းပြန် ပြန်ပြောချင်ပါတယ်။ ဒီအကြမ်းဖက်စစ်တပ်ကို လူတော်တော်များများက မြန်မာနိုင်ငံမှာ အင်အားအကောင်းဆုံးအဖွဲ့အစည်းအနေနဲ့ သတ်မှတ်ခဲ့ကြတယ်၊ ယုံကြည်ခဲ့ကြတယ်။ ဘယ်တော့မှမပြိုလဲနိုင်ဘူးလို့ ထင်ခဲ့ကြ၊ ပြောခဲ့ကြတယ်။ အခု တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေဦးဆောင်ပြီးတော့ တော်လှန်ရေးအင်အားစုတွေ အချက်ကျကျ တညီတညွတ်တည်း ပူးတွဲပြီး တိုက်ပွဲတွေဝင်တဲ့အခါမှာ မပြိုကွဲနိုင်ဘူးလို့ သူများတွေ ထင်ခဲ့ကြတဲ့ အင်အားအကောင်းဆုံး အင်စတီကျူးရှင်းလို့ထင်ခဲ့တဲ့စစ်တပ်က အချိန်တိုအတွင်းမှာ ပြိုကွဲကျဆင်းသွားတာကို တွေ့ရတယ်။ ဒီစစ်တပ်က ကျနော်တို့ တော်လှန်ရေးအင်အားစုတွေ၊ ပြည်သူတွေညီညွတ်ရင် မကြာခင်မှာ ပြိုကွဲနိုင်တယ်ဆိုတာ အခုရက်ပိုင်းမှာလုပ်တဲ့၊ တပတ်နှစ်ပတ်အတွင်းမှာဖြစ်နေတဲ့ ထိုးစစ်တွေက သက်သေပြနေတယ်။ ထို့အတူပဲ ကျနော်တို့အင်အားစုတွေက မြို့သိမ်းတိုက်ပွဲဆင်နွဲတဲ့အခါမှာ မြို့သိမ်းတိုက်ပွဲဆိုကတည်းက အရင်တုန်းက မြို့တွင်းတိုက်ပွဲတွေ ဖော်ဆောင်ခဲ့တယ်။ မြို့တွင်းမှာဝင်တိုက်တယ်။ စခန်းတွေကိုမီးရှို့တယ်၊ ပြန်ထွက်သွားတယ်။ အခုက မြို့သိမ်းတိုက်ပွဲ။ မြို့တွင်းတိုက်ပွဲပဲ မဟုတ်တော့ဘူး။ မြို့သိမ်းတိုက်ပွဲဆိုတာ တော်လှန်ရေးအင်အားစုတွေက ဒီအချိန် ဒီမြို့ကို ထိန်းချုပ်ထားမယ်။ အုပ်ချုပ်မယ်။ အခု ကောလင်းခရိုင်မှာဆိုလည်း ခရိုင် အရေးပေါ်အုပ်ချုပ်ရေးအဖွဲ့ ကို ကျနော်တို့အစိုးရက ဖွဲ့စည်းပြီးတော့ မဟာမိတ်တွေနဲ့ပူးတွဲပြီးတော့ ဒီခရိုင်ကိုအုပ်ချုပ်ဖို့ စီစဥ်နေကြတယ်။ ဖွဲ့စည်းထားပြီးဖြစ်တယ်။ ဒီဟာက ကျနော်တို့အနေနဲ့ ရှေ့ဆက်သွားဖို့ပဲ ရှိပါတယ်ဆိုတာ ပြောကြားချင်ပါတယ်။

မေး။ ။ အဲဒီတော့ အခု ရှမ်းပြည်မြောက်ပိုင်းက တိုင်းရင်းသားညီနောင် မဟာမိတ်သုံးဖွဲ့စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ပတ်သက်လို့ရှိရင် ဒီနေ့လုပ်သွားတဲ့ ကာလုံအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပြောသွားတာကတော့ “ဒါက လောင်းကစားကစခဲ့တဲ့- မူးယစ်ဆေးဝါးကစခဲ့တဲ့ပြဿနာပေါ့။ အဲဒီကနေ ရတဲ့ငွေကြေးတွေ၊ လောင်းကစားကနေ ရတဲ့ငွေကြေးတွေ - တရားမဝင်လုပ်ငန်းတွေနဲ့လည်ပတ်ရင်းနဲ့မှ ကိုးကန့်မြို့နယ်စုတွေအချင်းချင်း တိုက်ခိုက်ကြတာပေါ့နော်၊ တိုက်ပွဲတွေဖြစ်တယ်ဆိုတဲ့အနေအထားမျိုး- ပြောသွားတဲ့အပေါ်မှာရော ဘယ်လို သုံးသပ်လဲရှင့်၊ ဘယ်လိုမြင်လဲရှင့်။

ဖြေ။ ။ အကြမ်းဖက်မင်းအောင်လှိုင်က တော်လှန်ရေးအင်အားစုကြားထဲမှာ သွေးကွဲအောင်၊ နောက် တော်လှန်ရေးအင်အားစုတွေရဲ့သိက္ခာချဖို့ကြိုးစားတာ။ ဒါ လိမ်လည်ပြီး ပြောကြားတာဖြစ်တယ်။ ဒီဟာက အရာရောက်မှာမဟုတ်ပါဘူး။ ကိုးကန့်ဆိုတာ ကျနော်တို့ မြန်မာနိုင်ငံထဲမှာနေလာတာ နှစ်ပေါင်းများစွာ ရာနဲ့ချီပြီးနေလာခဲ့တဲ့ လူမျိုးတမျိုး။ နောက်ပီးတော့ ညီနောင်သုံးဖော်-အထူးသဖြင့် ကိုးကန့်ဆိုရင်လည်း နွေဦးတော်လှန်ရေးစကတည်းကိုက နွေဦးတော်လှန်ရေးအင်အားစုတွေကို ကူညီထောက်ပံ့ခဲ့ပြီးတော့ နွေဦးတော်လှန်ရေးထဲမှာပါဝင်နေတဲ့ အဖွဲ့အစည်းတခု။ အရင်ကတော့ အကြောင်းအမျိုးမျိုးကြောင့် တိတ်တိတ်ဆိတ်ဆိတ် No profile နဲ့ကူညီနေတယ်။ အခုမှာတော့ ထွက်လာပြီး ထိုးစစ်တွေဆင်ပြီး အတူတကွတိုက်ပွဲဝင်တယ်။ ဘာလဲဆိုတော့ ဒါက စစ်ရေးတခုတည်းမဟုတ်ပါဘူး။ နိုင်ငံရေးအတွက် တိုက်ပွဲဝင်နေတာ။ ညီနောင်သုံးဖော်ရဲ့ Statement ထဲမှာ ပါပါတယ်။ ဒီစစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက်၊ နောက်ပီးတော့ စစ်ကောင်စီရဲ့ လက်ကိုင်ဒုတ်တွေဖြစ်တဲ့ ပြည်သူ့စစ်တွေအုပ်ချုပ်တဲ့နေရာတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွေမှာ အွန်လိုင်း လောင်းကစား၊ အွန်လိုင်းလိမ်ညာမှုတွေအများကြီးဖြစ်နေတယ်။ အဲဒီ transmission of crimes တွေကို တိုက်ဖျက်ဖို့အတွက် ကိုးကန့်အပါအဝင် တိုင်းရင်းသားအင်အားစုတွေက တိုက်တာ။​ နောက်ပြီးတော့ အဲဒီမှာ ပိတ်မိနေတဲ့သူတွေရှိတယ်။ အဲဒီလူတွေကို ကယ်ထုတ်ဖို့။​ အဲဒါကို မူးယစ်ဆေးဝါးဆိုတာလည်း အခုချိန်မှာ စစ်ကောင်စီက အားပေးအားမြှောက် ပြုနေတာဖြစ်တယ်။ ဆိုတော့ ဒီထိုးစစ်တွေ၊ တော်လှန်ရေးအင်အားစုတွေ- ကိုးကန့်၊ တအာင်း နဲ့ ရခိုင်အပါအဝင် ရှမ်းမြောက်မှာ ထိုးစစ်ဆင်နေတဲ့ဟာတွေက ဒီစစ်အာဏာရှင်စနစ်ကနေပြီးတော့ လွတ်မြောက်ဖို့အတွက် ထိုးစစ်ဆင်နေတာ။ မြို့သိမ်းတိုက်ပွဲတွေ ဆင်နွဲနေတာ။ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွဲနေတာ။ နောက် အဓိကရည်ရွယ်ချက်က မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်ဖို့အတွက် တိုက်ခိုက်နေတဲ့ ထိုးစစ်ထဲက အစိတ်အပိုင်းတခုဖြစ်တယ်ဆိုတာ ပြောကြားချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG