သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကောလင်း ဝန်းသိုဒေသတွင်း ပစ်ခတ်မှုတွေ ဖြစ်ပွား


၀န်းသိုမြို့ တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)
၀န်းသိုမြို့ တနေရာ (ယခင်မှတ်တမ်းဓာတ်ပုံ)

စစ်ကိုင်းတိုင်း ကောလင်းမြို့မှာ အောက်တိုဘာ ၂ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင် မီးရထားရဲတချို့ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တဲ့အတွက် ရဲတဦးသေဆုံးခဲ့ရတဲ့နောက် စစ်ကောင်စီတပ်တွေဘက်က လက်နက်ကြီးတွေနဲ့ ကောလင်းနဲ့ဝန်းသိုမြို့နယ်ထဲကကျေးရွာတွေကို ပြန်လည်ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက် ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

အောက်တိုဘာ ၂ ရက် အင်္ဂါနေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် မီးရထားရဲတချို့ကို ဝန်းသိုနဲ့ ကောလင်းဒေသ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးတဦးသေဆုံးခဲ့ပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ကောလင်းဒေသကာကွယ်ရေး အဖွဲ့ဝင်တဦးက ပြောပါတယ်။

“အဲ့ဒီ mission လုပ်ဆောင်တာက ဝန်းသိုမြို့နယ် မိုင်းကြီး ပကဖ အဖွဲ့ကဗျ။ ကောလင်းနဲ့ ဝန်းသိုမြို့နယ်နဲ့အစပ်ပေါ့ အဲ့နားက ကျွန်းလှခုံရွာ ကန်ဘောင်ပေါ်က လက်ဖက်ရည်ဆိုင်မှာဖြစ်တာ။ အဲ့မှာက မီးရထားရဲတွေရှိတာရော၊ နောက်ပျူလုပ်နေတဲ့အဖွဲ့တွေပေါ့၊ အဲ့ဒီအဖွဲ့တွေကို လက်နက်တွေနဲ့ဝင်ပြီးမှ ပစ်ခတ်လိုက်တာ။ ပစ်လိုက်တော့ မီးရထားရဲလုပ်နေတဲ့ စကစဘက်က ကျော်အောင်ဆိုတဲ့ တယောက်ပဲကျတယ်ဗျ။ အဲ့တယောက်ပဲ ရတယ်။ သူ့ဆီက သေနတ်တလက် သိမ်းဆည်းရတယ်။”

အဲ့ဒီပစ်ခတ်မှုပြီးတဲ့နောက် ကောလင်းမြို့ စစ်ကောင်စီအထိုင်တပ်ကနေ ဝန်းသိုမြို့ဘက်ကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

“ကောလင်းက ကောလင်းမြို့ ဆုံးတာနဲ့ အဆုံးပဲ။ ဝန်းသိုနဲ့က ကပ်ရက်ဖြစ်နေတာ။ ဝန်းသိုက ကောလင်းမြို့အဝင်ထိတောင်ပါသွားတာကော။ အဲ့တော့ ကောလင်းထဲကပစ်ပေမယ့် ဝန်းသိုထဲကိုပဲရောက်သွားတာ။ ပစ်တာတွေက ဝန်းသိုမြို့နယ်ထဲကိုပဲ ရောက်တာ။ အဲ့ဘက်မှာက ရွာတွေဘာတွေက မရှိတော့ပါဘူး။ တဲတိုက်လေးတွေဘာလေးတွေပဲရှိတော့တယ်။ ရွာတွေက စစ်ကောင်စီက အကုန်မီးရှို့ခံထားရတာဗျ။ အဲ့နားလေးက ရွာတွေက။”

အောက်တိုဘာ ၂ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်ဘက်က ကောလင်းမြို့နယ်ထဲကနေ ဝန်းသိုမြို့ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့သလို မနေ့က အောက်တိုဘာ ၄ ရက်နေ့ ညပိုင်းကလည်း ထပ်မံ ပစ်ခတ်မှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလို လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံတွေ ထိခိုက်မှုနဲ့ ပျက်စီးမှုတွေကိုတော့ အတိအကျမသိရသေးဘူးလို့ ဆိုပါတယ်။

အခုလိုပစ်ခတ်မှုတွေ မဖြစ်ပွားခင်ကတည်းက ကောလင်းမြို့ အသွားအလာကို စစ်ကောင်စီတပ်တွေက ပိတ်ဆို့ထားတာတွေကြောင့် ဒေသခံတွေ သွားလာရေး အခက်အခဲရှိနေသလို ဆေးဆိုင်တချို့ကိုပါ ပိတ်ခိုင်းထားတာကြောင့် ကျန်းမာရေး အတွက်ပါ အခက်အခဲတွေရှိနေတာပါ။ ဒါကြောင့် မြွေအန္တရာယ်ကြီးတဲ့ ကောလင်း ဒေသခံတွေ အတွက် အစစ ပိုခက်ခဲလာတယ်လို့ စစ်ရှောင်ကူညီသူ တွေက ပြောပါတယ်။

“ကျန်းမာရေးအတွက်တော့ တော်တော်လိုအပ်တယ်ဗျ။ ကျနော်တို့ ကောလင်းမြို့နယ်က အမှန်ပြောရလို့ရှိရင် ဆေးအဖွဲ့အင်အား တော်တော်လေးကို နည်းပါးပါတယ်။ ကန့်ဘလူနယ်တွေနဲ့ ယှဉ်လိုက်လို့ရှိရင် ကျနော်တို့ ကောလင်းမြို့နယ်က ဘာမှကိုမဆိုင်တာ။ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ကျတော့။ အခု လောလောဆယ်လိုအပ်တာ ကျနော်တို့ ကြားနေရတဲ့ မြင်နေရတဲ့ အခြေအနေက မြွေဆိပ်ဖြေဆေးနဲ့ ပတ်သက်လို့ ဒုက္ခဖြစ်တာတွေတော့ အများကြီးရှိတယ်ဗျ။"

ဒီလပိုင်းတွေအတွင်း ကောလင်းမြို့နယ်ထဲမှာ မြွေကိုက်ခံရတဲ့လူနာက နှစ်ရက် သုံးရက်မှာ တယောက်နှုန်းလောက်ရှိပေမယ့် စပါးရိတ်သိမ်းချိန်မှာဆိုရင် တနေ့တည်းကို ၄-၅ ယောက်ဝန်းကျင်ထိရှိတယ်လို့လည်း ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေ၊ တိုက်ပွဲတွေအပြင် လေကြောင်းကပါ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကောလင်းမြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေတာပါ။ စစ်ကောင်စီကတော့ ဒီဒေသ ကျေးရွာတွေကို ပြည်သူ့ကာကွယ်ရေးတပ် PDF တွေ အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ သတင်းထုတ်ပြန်လေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG