သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နယ်မြေရှင်းလင်းရာ ပင်လည်ဘူးမြို့နယ်မှာ ၆ ဦးအသတ်ခံရ


စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မြင်ကွင်း (ဓာတ်ပုံ-
ရွှေဘူးမြေ ဆရာတော် အရှင်နန္ဒောဘာသ)
စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်မြင်ကွင်း (ဓာတ်ပုံ- ရွှေဘူးမြေ ဆရာတော် အရှင်နန္ဒောဘာသ)

စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့နယ် ကောလင်း- ပင်လည်ဘူး ကားလမ်းဘေး ရွှေညောင်ပင် ရွှေလုပ်ကွက်ထဲက ဒေသခံ ၆ ဦးကို စစ်ကောင်စီရဲ့ အင်အား ၁၀၀ ဝန်းကျင်ပါတဲ့စစ်ကြောင်းက သြဂုတ်လ ၁၅ ရက်နေ့က သတ်ဖြတ်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ အမျိုးသမီးတချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပြတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို နန်းလောဝ်က တင်ပြပေးထားပါတယ်။

သြဂုတ်လ ၁၃ ရက်နေ့ကတည်းက ပင်လည်ဘူးမြို့ထဲက ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ဝန်းကျင်ဟာ ရွှေညောင်ပင်အနီးက ရွှေလုပ်သား ဒေသခံတွေကို ဖမ်းဆီးခဲ့ပြီး အမျိုးသား ၆ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။ အမျိုးသမီး ၇ ယောက်ကိုတော့ ဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပင်လည်ဘူး ဒေသခံတဦးက ခုလိုပြောပါတယ်။

“စစ်ကြောင်းထွက်တာကတော့ ၁၃ ရက်နေ့ကထွက်တာ။ ၈ လပိုင်း ၁၃ ရက်နေ့က ထွက်လာတာပေါ့။ ၁၃ ရက်နေ့ကထွက်ပြီးတော့မှ ရွှေကျင်းက လုပ်သားတွေကို ဓားစာခံအနေနဲ့ ခေါ်သွားပြီးတော့ ယောက်ျားလေး ၆ ယောက်ကို သတ်ထားခဲ့တာ။ မိန်းကလေး ၇ ယောက်ကိုက ပြန်လွှတ်လိုက်တယ်။ ၁၄ ရက်နေ့ကကြားတော့ ယောကျ်ားလေး ၄ ယောက် အသတ်ခံရတယ်ပေါ့။ မိန်းကလေးတွေရော ပါသွားတယ်။ ဖမ်းသွားတယ်လို့ ကြားတာ။ နောက်နေ့ အတည်ပြုတာကျတော့ ယောက်ျားလေး ၆ ယောက် အသတ်ခံလိုက်ရတယ်။ ပြီးတော့ မိန်းကလေး ၇ ယောက် ပြန်လွှတ်ခဲ့တယ်။ အင်အားကတော့ ၁၀၀ လောက် ရှိတယ်။”

ရွှေညောင်ပင် ဒေသဟာ ကောလင်း-ပင်လည်ဘူး ကားလမ်းမဘေးက ဒေသခံတွေ တနိုင်တပိုင် ရွှေတူးကြတဲ့နေရာဖြစ်ပါတယ်။ ဖမ်းဆီးသတ်ဖြတ်ခံရသူတွေက ဘယ်ကျေးရွာက ဒေသခံတွေလဲဆိုတာကိုတော့ အတိအကျ အတည်မပြုနိုင်ကြသေးဘူးလို့ ေ့ဒသခံတဦးက ခုလိုပြောပါတယ်။

“ဘယ်ရွာက လူတွေလဲဆိုတော့ မေးတော့မေးကြည့်တယ်ဗျ၊ ဒါပေမယ့် အတည်ပြုလို့မရဘူးဖြစ်နေတာ။ အဲ့လိုကလည်း မေးလို့ မရပြန်ဘူး။ ကျနော်တို့က ဖုန်းနဲ့ ဆက်သွယ်ရတာလည်း မဟုတ်တော့ ဂဃနဏ မပြောနိုင်တာ။ မူးလဲနဲ့ ကျင်းလောင်မှာနေတဲ့ ဒီဘက်ကို အလုပ်လာလုပ်တဲ့ ရွှေလုပ်သားတွေလို့တော့ ပြောတယ်ဗျ။”

ပင်လည်ဘူးမြို့နယ်ကို စစ်ကောင်စီက ဖုန်းဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားတာကြောင့် ဆက်သွယ်အတည်ပြုတာတွေလုပ်နိုင်ဖို့ ခက်ခဲနေကြရတယ်လို့လည်းဒေသခံတွေက ပြောပါတယ်။ ပင်လည်ဘူးမြို့ထဲမှာ စစ်ကောင်စီတပ်တွေက စခန်းချတပ်စွဲနေကြတာကြောင့် မြို့ထဲက ဒေသခံ ၈၀ ရာခိုင်နှုန်းလောက်က ထွက်ပြေး စစ်ရှောင်နေကြရသလို အနီးဝန်းကျင် ကျေးရွာတွေကလည်း မကြာခဏ စစ်ဘေရှောင်ကြရတယ်လို့ ဒေသခံက ပြောပါတယ်။ စစ်ကောင်စီရဲ့ ပင်လည်ဘူးမြို့အနီးဝန်းကျင်တွေက စစ်ရေးလှုပ်ရှားမှုအခြေအနေတွေကို ခုလိုပြောပါတယ်။

“အဲ့နားမှာ ကပ်နေတဲ့ ရွာာလေးတွေ ရှိတယ်ဗျ။ အဲ့ဒီရွာလေးတွေကိုပဲ သူတို့ စစ်ကြောင်းထိုးတာဗျ။ အဲ့ထက် ဝေးတဲ့ နေရာတွေကို သူတို့ မထိုးဘူး။ ပြောရမယ်ဆိုရင်တော့ သူတို့က ၃ မိုင် ၄ မိုင်အတွင်းလောက်ပဲ သူတို့ စစ်ကြောင်းထိုးတယ်။ အဲ့ထက်ပိုပြီး သူတို့ မထိုးဘူး။ စစ်ကြောင်းကို။ မြို့ထဲကလူတွေလည်း အကုန်အပြင်ထွက်ပြီးတော့မှ နေကြတယ်။ မြို့ထဲမှာပိတ်မိနေတာဆိုလို့ နည်းနည်းပဲရှိတာ။ ပင်လည်ဘူးကတော့ တမြို့လုံးနီးပါး ၁၀ ပုံ ပုံရင် ၈ ပုံလောက်က အပြင်ရောက်နေတာ။ အဲ့လိုပဲ ရွာာက လူတွေကလည်း အဲ့လို စစ်ကြောင်းလာရင် ပြေးလိုက် ပြီးရင် ပြန်ဝင်လိုက် လုပ်စရာရှိတာလုပ်လိုက်ပေါ့၊ ရွာပြင်မှာပဲ နေကြရတာ။ ရွာထဲတော့ ပြန်မဝင်နိုင်ကြဘူး။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။

ပင်လည်ဘူးဒေသတွင်း နယ်မြေရှင်းလင်းရေးလုပ်နေတာနဲ့ အခုလို လူသေဆုံးမှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းမထုတ်ပြန်သေးပါဘူး။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက်လုပ်ငန်းတွေလုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးလုပ်နေတာဖြစ်တယ်လို့ စစ်တပ်ရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG