သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မော်လိုက် တိုက်ပွဲတွေကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်


မော်လိုက်မြို့
မော်လိုက်မြို့

စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ PDF တပ်ဖွဲ့တွေအကြား ရက်သတ္တ ၂ ပတ်ခန့် တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားရာ ချင်းတွင်းမြစ်အရှေ့ခြမ်းက ကျေးရွာ ၂၀လောက်က ဒေသခံတွေ ထွက်ပြေး တိမ်းရှောင်နေရပါတယ်။ ဒီရက်ပိုင်းတွေ အတွင်းမှာတော့ မော်လိုက်မြို့ပေါ်မှာ ပေါ်တာဆွဲတာတွေလည်း ရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မော်လိုက်မြို့နယ်အတွင်းက တိုက်ပွဲတွေဟာ ဒီလ ၁၂ရက်နေ့မှာ ချင်းတွင်းမြစ်ရှေ့ဘက်ကမ်း ထော်သာရွာက ပျူစောထီးစခန်းကို ဒေသခံ PDF တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ပြီးတဲ့နောက် ပြင်းထန်လာတာပါ။

မော်လိုက်မြို့နယ်အတွင်း တိုက်ပွဲအခြေအနေကို ဒေသခံတစ်ဦးက အခုလို ပြောပါတယ်။

“တိုက်ပွဲတွေဖြစ်တာ ဒီနေ့ပါဆိုရင် ၁၃ရက်ရှိပြီရှင့်။ ၁၂ရက်နေ့ကနေ စပြီးတော့မှ ၂၂ရက်နေ့အထိ အပြင်းအထန် ဖြစ်တယ်ရှင့်။ မော်လိုက်မြို့နယ် အရှေ့ခြမ်း ထော်သာ၊ သာနန်းတော၊ တောင်းအင်၊ တောင်တွင်း အဲဒီနားတဝိုက်မှာ ဖြစ်တယ်ရှင့်။ မြေပြင်ကလည်း ထိုးနေသလို လေကြောင်းကလည်း တောက်လျှောက်ကို လုပ်တယ်ရှင့်။”

မေလ ၁၂ရက်နေ့က ပျူစောထီးစခန်းကို တိုက်ခိုက်ချိန်မှာ ထော်သာကျေးရွာကို လေယာဉ် ၃စီးလာပြီး ၂စီးနဲ့ ဗုံးကြဲ တိုက်ခိုက်ကြောင်း၊ အဲဒီနောက် မေလ ၁၆ရက်နေ့မှာ လေယာဉ် ၁ စီး၊ ၂၀ရက်နေ့မှာ လေယာဉ် ၂ စီး၊ ၂၁ရက်နေ့မှာ ၂စီး လာရောက်ဗုံးကြဲခဲ့ကြောင်းနဲ့ မော်လိုက်မြို့ ဒီပင်္ကရာဘုရားကုန်းပေါ်ကနေ အမြှောက်နဲ့ မြစ်အရှေ့ဘက်ကမ်း တိုက်ပွဲဖြစ်ပွားရာ နေရာတွေဘက်ကို ပစ်ခတ်တာရှိကြောင်းလည်း ပြောပါတယ်။

ဒီလိုပစ်ခတ်တာကြောင့် မြစ်အရှေ့ဘက်ကမ်းက ကျေးရွာ ၂၀နီးပါးက ပြည်သူတွေ တိမ်းရှောင်နေရကြောင်းနဲ့ ထိခိုက် ပျက်ဆီးသွားတဲ့အိမ်တွေကိုတော့ စာရင်းကောက်ယူ မရသေးကြောင်းလည်း အဲဒီ မော်လိုက် ဒေသခံက အခုလို ဆက်ပြောပါတယ်။

“အခုလောလောဆည် လက်ရှိအနေအထားကတော့ အဲဒီဘက်ခြမ်းမှာရှိတဲ့ ရွာတွေအကုန်လုံး ရှောင်နေရတယ်လို့ ပြောလို့ ရပါတယ်ရှင့်။ ရွာပေါင်း၂၀ ရှိပါတယ်ရှင့်။ ပြည်သူတစ်ဦးတော့ ထိခိုက်တယ်လို့ ပြောတယ်။ နာမည်ကတော့ မရသေးဘူး။ လေယာဉ်နဲ့ ဗုံးကြဲလို့ ထိခိုက်တဲ့ အိမ်တွေကတော့ ကျမတို့ စာရင်းအခုချိန်ထိ ယူလို့ မရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ စစ်ကောင်စီက နယ်မြေစိုးမိုးမှုကို အဲဒီအထိ ယူထားတဲ့အတွက် စာရင်းတွေ အတိအကျ ကောက်လို့မရသေးဘူး ဖြစ်နေတယ်ရှင့်။”

တိမ်းရှောင်နေသူတွေထဲက ငွေကြေးတတ်နိုင်သူတွေဟာ မော်လိုက်နဲ့ မုံရွာလို့ မြို့ပေါ်တွေကို သွားရောက်ပြီး ကျန်သူတွေကတော့ တောတောင်တွေနဲ့ စစ်ကောင်စီတပ်နဲ့ အလှမ်းဝေးရာ ကျေးရွာတွေမှာ တိမ်းရှောင်နေကြရကြောင်း ပြောပါတယ်။

ဒီလ ၂၂ရက်နဲ့ ၂၃ရက်နေ့တွေမှာတော့ မော်လိုက်မြို့မှာ ပေါ်တာဆွဲတောတွေလည်းရှိပြီး စုစုပေါင်း ၄၅ဦးလောက်ကို ပေါ်တာအဖြစ် ခေါ်ဆောင်သွားကြောင်း ပြောပါတယ်။

စစ်ကိုင်းတိုင်းအထက်ပိုင်း အင်းတော်၊ ဗန်းမောက်၊ ကောလင်း၊ ဝန်းသို၊ ပင်လည်ဘူး စတဲ့ ဒေသဘက်တွေမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံ PDF တွေအကြား တိုက်ပွဲတွေ ဖြစ်ပွားနေသလို ချင်းတွင်းမြစ်ရိုးတလျောက် ကနီ၊ မင်းကင်း စတဲ့ ဒေသတွေမှာလည်း ဒီလပိုင်းတွေအတွင်း တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG