သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ကြား အပစ်ရပ်ရေးသဘောတူ


SSPP/SSA  နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ၂  ဖွဲ့ကြား အပစ်ရပ်စဲရေး သဘောတူစာချုပ် (Crd: SSPP SSA's fb/နိုဝင်ဘာ ၂၉၊ ၂၀၂၃)
SSPP/SSA  နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ၂  ဖွဲ့ကြား အပစ်ရပ်စဲရေး သဘောတူစာချုပ် (Crd: SSPP SSA's fb/နိုဝင်ဘာ ၂၉၊ ၂၀၂၃)

နယ်မြေအငြင်းပွားမှုနဲ့တခြားသဘောကွဲလွဲမှုတွေကြောင့် စစ်ရေးတင်းမာနေတဲ့ SSPP/SSA နဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် ၂ ဖွဲ့ကြား အပစ်ရပ်စဲရေး သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ကြပါတယ်။ ဒီ သဘောတူညီချက်အရ နှစ်ဘက် စစ်သုံ့ပန်းလဲလှယ်ရေးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

ရှမ်းစစ်တပ် ၂ ဖွဲ့ စည်းလုံးညီညွတ်ဖို့အတွက် ရှမ်းပြည်သူလူထုက နှစ်ရှည်လများ တစိုက်မတ်မတ် တောင်းဆိုလာတဲ့အပေါ် အဖွဲ့ နှစ်ဖွဲ့စလုံးက ခေါင်းဆောင်တွေက စဉ်းစားဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့စလုံးဘက်က ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA အဖွဲ့က ဗိုလ်မှူး စိုင်းဖုန်းဟန်က အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ၂ ဘက်တပ်တွေ သွားလာလှုပ်ရှားမှုနဲ့ပတ်သက်တာ၊ စစ်သုံပန်းလဲလှယ်ရေးပါ ပါဝင်တယ်လို့ ပြောပါတယ်။

“ပထမဆုံးကတော့ ကျနော်တို့ ၂ ဘက်လုံးအပစ်ရပ်တာပေါ့နော်။ အပစ်ရပ်စဲဖို့ပေါ့နော်။ အားလုံးသဘောတူပါတယ်။ နောက်ပြီးတော့မှ ၂ ဘက်ဖမ်းထားတဲ့တပ်ဖွဲ့ဝင်တွေကို အပြန်အလှန်ပြန်လွှတ်ပေးဖို့ပေါ့။ နောက်တခုက သက်ဆိုင်ရာအုပ်ချုပ်ရေးနယ်မြေမှာရှိနေတဲ့ ကျနော်တို့ပြည်သူတွေ လှုပ်ရှားသွားလာခွင့် ပေါ့။ လွတ်လွတ်လပ်လပ် သွားလာနိုင်အောင် သဘောတူလက်မှတ်ထိုးပါတယ်။ နောက် အချင်းချင်း သတင်းဖလှယ်ရေးပေါ့။ ကျနော်တို့တပ်ဖွဲ့တွေ RCSS နယ်မြေထဲသွားလာရင် ကြိုတင်အကြောင်းကြားပေးဖို့ ဟိုဘက်ကလာရင်လည်းဒီလိုပါပဲ။ ညီညွှတ်ရေးကို ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ အခြေခံမူကိုလေ၊ ယုံကြည်မှုကိုပြန်လည်တည်ဆောက်တာက အချိန်ယူရမှာပေါ့လေ။ အချင်းချင်း ပဋိပက္ခမဖြစ်ဖို့၊ဒါကို ထိန်းရမှာဖြစ်တယ်။”

နှစ်ဘက်ခေါင်းဆောင်တွေဟာ ဒီနှစ် ဩဂုတ်လထဲမှာ စတင် တွေ့ဆုံဆွေးနွေးခဲ့ပြီး အခုရရှိတဲ့သဘောတူညီချက်ထဲမှာ တပ်ဖွဲ့ဝင်တွေကြား ပစ်ခတ်မှုတွေရပ်တန့်ဖို့နဲ့ လူမှုကွန်ရက်ပေါ်မှာ ညီညွတ်ရေးကိုထိခိုက်စေမယ့် ဝေဖန်ပုတ်ခတ်ပြောဆိုမှုတွေ ရှောင်ကျဥ်ဖို့လည်းပါဝင်တယ်လို့ ၂ ဘက်အဖွဲ့တွေက ပြောပါတယ်။

ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSA ဘက်က ကိုယ်စားလှယ် ၃ ဦးနဲ့ ရှမ်းပြည် ပြန်လည် ထူထောင် ရေးကောင်စီ RCSS/SSA ဘက်က ကိုယ်စားလှယ် ၄ ဦးတို့ အကြိတ်အနယ် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA က ဒုဗိုလ်မှူးကြီး စိုင်းအုမ်ခမ်းကတော့ ဒီအပစ်ရပ်ရေးကနေ ရှမ်းပြည်တခုလုံး ငြိမ်းအေးသွားစေဖို့ထိ ရည်ရွယ်ထားတယ်လို့ ပြောပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးအပေါ် RCSS မျှော်မှန်းချက်နဲ့ပတ်သက်လို့ သူက ခုလိုပြောပြလာတာပါ။

“အရင်ကတည်းက အဆင်မပြေမှုတွေ၊ တဖွဲ့နဲ့တဖွဲ့က မတည့်ကြတာတွေ၊ နောက်ဆုံးတော့ တိုက်ခိုက်တဲ့ အထိဖြစ်ရတော့ တော်တော် အခြေအနေဆိုးတာပေါ့။ ကြားထဲကပြည်သူလူထု စစ်ပွဲဒဏ်ခံနေရတာ မနည်းတော့ဘူးလေ။ အဲတော့ ပြည်သူလူထုကကော၊ ရဟန်းသံဃာတွေကကော ပစ်ခတ်ကြ တိုက် ကြတာကို ရပ်သင့်ပြီ။ ပြည်သူတွေ တအားနာနေပြီ-ဆိုတဲ့တောင်းဆိုချက်တွေ မနည်းတော့ဘူးပေါ့နော်။ လူထုတောင်းဆိုချက်အရ ကျနော်တို့ ၂ ဖွဲ့ကလည်းစဉ်းစားသင့်ပြီ။ ဖြစ်နိုင်ရင်တော့ ရေရှည် တောက် လျှောက်မျှော်မှန်းထားတယ်ပေါ့နော်။ ရှမ်းတပ် ၂ ဘက်လုံးကလည်း ရှမ်းတပ်ဖွဲ့တွေဖြစ်နေတော့ ပိုညီညွတ်ရမယ်ဆိုတဲ့ အမြင်ရှိပါတယ်။”

SSPP/SSA ကို ‘ရှမ်းပြည်တပ်မတော်မြောက်ပိုင်းတပ်’လို့ သိကြပြီး RCSS/SSA ကို ‘ရှမ်းပြည် တပ် မတော် တောင်ပိုင်းတပ်’ လို့ သိကြပါတယ်။ ၂၀၁၁ ခုနှစ်မှာ နှစ်ဖွဲ့ပူးပေါင်းကြောင်း ထုတ်ပြန်ခဲ့ဖူးပေမယ့် မြေပြင်မှာ အဆင်မပြေမှုတွေကြောင့် ၂၀၁၅ ခုနှစ်မှာ နယ်မြေပိုင်းခြားမှုနဲ့ပတ်သက်လို့ တဘက်နဲ့တဘက် ပစ်ခတ်တိုက်ခိုက်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းကတည်းက အခုတကြိမ်ဟာ ပထမဆုံး ရှမ်းအဖွဲ့ ၂ ဖွဲ့ အပစ်ခတ်ရပ်စဲတာ ဖြစ်ပါတယ်။

SSPP/SSA တပ်ဖွဲ့ကို ၁၉၆၄ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်ရဲ့ ကြင်ယာတော် စဝ်နန်းဟိန်းခမ်းဦး က ဦးဆောင်စတင်တည်ထောင်ခဲ့ပြီး လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ပန်ဖ ကတာဝန်ယူထားတာပါတယ်။ SSPP/SSA ကတော့ အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA)စာချုပ်မှာ ပါဝင် လက်မှတ်ထိုးခြင်းမရှိပါဘူး။

RCSS/SSA ကတော့ ၁၉၉၆ ခုနှစ် ဇန်နဝါရီ ၂၆ မှာ တည်ထောင်ခဲ့ပြီး ၂၀၀၀ ခုနှစ်မှာနိုင်ငံရေးဦးဆောင်မှုကောင်စီဖြစ်တဲ့ ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ(RCSS)ကို ထပ်မံဖွဲ့ခဲ့ပါတယ်။ လက်ရှိခေါင်းဆောင်မှာ ဗိုလ်ချုပ်ကြီး ရွက်စစ် ဖြစ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် မှာ ဦးသိန်းစိန်အစိုးရနဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ် (NCA) ကို လက်မှတ် ရေးထိုးခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ အပစ်ရပ်လက်မှတ်ထိုးထားပြီး လက်ရှိ စစ်ကောင်စီနဲ့လည်း ငြိမ်းချမ်း ရေးဆွေးနွေးပွဲတွေ ဆက်လုပ်နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG