သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ဒေသတွင်း တိုက်ပွဲပြင်းထန်ဆဲ


TNLA သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံ
TNLA သတင်းပြန်ကြားရေး Facebook စာမျက်နှာတွင် နိုဝင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ထားသည့် တိုက်ပွဲသတင်းဓါတ်ပုံ

ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၁၄ရက်မြောက်နေ့မှာ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ သံချပ်ကာကား ၃စီး နဲ့စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းတပ်မတော် TNLA ၊ MDY PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး သံချပ်ကာကားတစီးကို ဖျက်ဆီးခဲ့တယ်လို့ TNLA က ပြောပါတယ်။ တချိန်တည်းမှာပဲ စစ်ကောင်စီတပ်တွေနဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆယ်ဇင်းကျေးရွာဘက်မှာ လည်း တိုက်ပွဲဖြစ်ပွားနေပေမယ့် ကချင် KIO နဲ့ ၁၀၂၇ စစ်ဆင်ရေးတွေ တိုက်ရိုက်ဆက်သွယ်မှု မရှိဘူးလို့ KIO ကပြောပါတယ်။ ရှမ်းမြောက်နဲ့ ကချင်ပြည်နယ်အတွင်းက ဒီနေ့ တိုက်ပွဲအခြေအနေကို ကိုရန်နိုင်က တင်ပြထားပါတယ်။

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွား နေတာ ဖြစ်ပါတယ်။ ဒီနေ့ တိုက်ပွဲကတော့ မနက်အစောပိုင်းတည်းက စတင်ဖြစ်ပွားခဲ့တယ်လို့ TNLA ပြန်ကြားရေး တာဝန်ခံ ဒုဗိုလ်မှူးကြီး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့က နောင်ချိုမြို့နယ် အုမ္မခါးကျေးရွာနားမှာ ဒီမနက် ၆နာရီလောက်ကနေ စပြီးမှ တိုက်ပွဲဖြစ်ပွား တာ ရှိတယ်။ ထိုးစစ်ဆင် တက်လာတဲ့ စကစနဲ့ ကျနော်တို့ အဖွဲ့နဲ့ MDY PDF ပူးပေါင်းတပ်ဖွဲ့တို့ ။ အဲဒီမှာကတော့ သံချပ်ကာ ကားသုံးစီးပါလာတယ်။ တစီးကတော့ ကျနော်တို့ အဖွဲ့က ပစ်ခတ်ပြီးမှ ပျက်စီးသွားတာတော့ ရှိတယ်။ ကျနော်တို့ မနက်အစောပိုင်းတည်းကဖြစ်တယ်။ တိုက်ပွဲကတော့ လုံးဝရပ်သွားတာ မဟုတ်ဘူး။ နှစ်ဘက်ဆိုင်နေတဲ့ အနေအထားပဲ ရှိသေးတယ်။ ”

တိုက်ပွဲဖြစ်ပွားရာနေရာကို လေယာဉ်ပျံဝဲလာတာရှိပေမယ့် လေကြောင်းက တိုက်ခိုက်တယ်ဆိုတဲ့ သတင်း မရကြောင်းနဲ့ ဂုတ်ထိပ်ဘက်မှာလည်း ၂ ဘက်တပ်တွေ ဆိုင်ထားပြီး တိုက်ပွဲဖြစ်တာ မရှိကြောင်းလည်း ပြောပါတယ်။

ကိုးကန့်ဒေသဘက်က အခြေအနေနဲ့ပတ်သက်ပြီး MNDAA က ဒီကနေ့ သတင်းထုတ်ပြန်တာ မရှိသလို MNDAA ပြောခွင့်ရကို ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့ မရပါဘူး။ MNDAA ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာတော့ ဒီလ ၈ရက် နေ့က စခန်း ၄ခု သိမ်းယူခဲ့ကြောင်း ဖော်ပြထားသလို မုံးကိုးဒေသ အုပ်ချုပ်ရေးအတွက်လည်း ပြင်ဆင်ဆောင်ရွက်တာတွေ ရှိနေကြောင်း ဖော်ပြထားပါတယ်။

ကချင်ပြည်နယ်ထဲမှာတော့ ဒီကနေ့ မနက်ပိုင်းက ဖားကန့်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာရှိကြောင်းနဲ့ စခန်း သိမ်းပိုက်နိုင်တာတွေရှိကြောင်း လူမှုကွန်ယက်တွေမှာ သတင်းဖော်ပြနေပေမဲ့ အတည်ပြုလို့ မရသေးကြောင်း KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“ ဒီမနက်အစောကြီးပေါ့နော်။ ဖားကန့်မြို့နယ် ဆယ်ဇင်းဘက်မှာ စစ်ကောင်စီရဲ့ တပ်စခန်း ၃ခုကို ကျနော်တို့ KIA ဘက်ကနေ လာပစ်တယ်ဆိုတဲ့ သတင်းကတော့ ကြားပါတယ်။ ဆိုတော့ အဲဒီစခန်းတွေ အားလုံးအပြီးအပိုင် သိမ်းရပြီလားဆိုတဲ့ အပိုင်းကတော့ ကျနော် အတည်ပြု ပြောလို့တော့ မရဘူး။ ဆိုရှယ်မီဒီယာမှာ ကတော့ အားလုံး သိမ်းလို့ ရပြီဆိုတဲ့သတင်းတွေကတော့ ထွက်နေပါတယ်။ တရားဝင် သတင်းကတော့ ကျနော်တို့ ဌာနမှာ မရောက်သေးတဲ့အခါကျတော့ ကျနော်လည်း အတည်ပြုပြောလို့ မရသေးပါဘူး။ ”

ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်တပ်စခန်းကို KIA က ဒရုန်းနဲ့ တိုက်ခိုက်တယ်ဆိုတဲ့ သတင်းအတွက် လည်း အတည်မပြုနိုင် သေးကြောင်း ပြောပါတယ်။ ဒေသတွင်း သတင်းမီဒီယာတွေမှာတော့ ဆယ်ဇင်းကျေးရွာ တဘက်ကမ်းက ရှမ်းနီ SNA တပ်စခန်းနဲ့ စစ်ကောင်စီ စခန်း ၃ ခုကို KIA နဲ့ PDF ပူးပေါင်းတိုက်ခိုက်ရာမှာ စခန်း ၂ခု သိမ်းယူနိုင်ခဲ့ပြီး ရွှေတွင်းရွာမှာတော့ တိုက်ပွဲပြင်းထန်နေကြောင်း ဖော်ပြကြပါတယ်။

လက်ရှိ KIA ဘက်က တိုက်ပွဲတွေဟာ ရှမ်းမြောက်ဒေသက ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့ ဆက်စပ် ဖော်ဆောင်နေတာဖြစ်ကြောင်း သတင်းဖော်ပြနေကြတဲ့ အပေါ်မှာတော့ ဗိုလ်မှူးကြီးနော်ဘူက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ KIO/ KIA နဲ့ ရှမ်းမြောက်ဘက်က စစ်ဆင်ရေးတွေ တိုက်ရိုက် ဆက်သွယ်မှုတွေ ကတော့ မရှိဘူးခင်ဗျ။ ကျနော်တို့လည်း ကျနော်တို့ ဒေသမှာ ကျနော်တို့ အတတ်နိုင်ဆုံး လုပ်ဆောင်နေတာပဲ ဖြစ်ပါတယ်။ ”

ဒီကနေ့မှာတော့ လိုင်ဇာအနီး နမ့်ဆမ်ယန်ဘက်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ ရှိနေကြောင်းလည်း ပြောပါတယ်။

ရှမ်းမြောက်ဒေသ တိုက်ပွဲတွေဖြစ်ပွားပြီး ၁၃ရက်မြောက်နေ့မှာတော့ စစ်ကောင်စီက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းဝေးကို နေပြည်တော်မှာခေါ်ယူခဲ့ပါတယ်။ ဒီအစည်းအဝေး မှာ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က MNDAA က တိုက်ခိုက်ဖို့ ၂၀၂၂ ခုနှစ်တည်းက ပြင်ဆင်ခဲ့တာကို သိသလို MNDAA ရဲ့ မဟာမိတ်အဖွဲ့တွေ ကလည်း သိရှိခဲ့ကြောင်း၊ ဒါပေမယ့် ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားတာနဲ့ ဆူပူမှုများကို ဖြေရှင်းနေရတာကြောင့် လောက်ကိုင်ဒေသကို အာရုံသိပ်မစိုက်နိုင်ခဲ့ကြောင်း ပြောကြားခဲ့တာပါ။

ဒါ့အပြင် တရုတ်ဘက်ကို ကျည်ဆံတွေကျကြောင်း ပြောဆိုမှုကြောင့် နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးဖြေရှင်း နေရသလို၊ နယ်စပ်ဒေသဖြစ်တာကြောင့် စစ်ဆင်ရေးကို စစ်ကောင်စီက အထူး ထိန်းသိမ်းလုပ်ဆောင်ခဲ့ပေမယ့် တဘက်အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုက နှစ်နိုင်ငံ အထင်လွဲစရာ ဖြစ်နေတဲ့အပြင် အရပ်သားတွေထိခိုက်အောင် လုပ်နေတာလည်း ရှိတယ်လို့ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ကချင်သတင်းဌာနတွေကတော့ ဒီလ ၄ရက်နေ့က စစ်ကောင်စီတပ်က KIO ဌာနချုပ် လိုင်ဇာကို ပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ တရုတ်နိုင်ငံဘက်ကို ကျရောက်ခဲ့တဲ့ အတွက် တဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြကြပါတယ်။ ဗိုလ်မှုးကြီးနော်ဘူကလည်း သေဆုံး ဒဏ်ရာရမှု သတင်းတွေ ရကြောင်း ပြောပါတယ်။

“လိုင်ဇာနဲ့ ကပ်လျက် တရုတ်ပြည်ဘက်အခြမ်းမှာ တလုံးကျပြီးမှ ၃ယောက် ဒဏ်ရာရတာပေါ့။ အဲဒီမှာ တယောက်ကတော့ သေသွားတယ်လို့ ကျနော်တို့လည်း ကြားရပါတယ်။ ၂ယောက်ကတော့ ဆေးကုသမှုခံနေတယ်ဆိုတဲ့ သတင်းကတော့ ကြားရပါတယ်။”

ဒီလ ၇ ရက် နေ့မှာပဲ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Wang Wenbin က မြန်မာနိုင်ငံမြောက်ပိုင်း တရုတ်နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေက မြန်မာစစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်ချိန်မှာ တရုတ်လူမျိုးတွေ ထိခိုက်တာရှိခဲ့ကြောင်းနဲ့ လက်နက်ကိုင်တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့ တရုတ်လူမျိုးတွေ ထိခိုက်မှုအတွက် အလွန် မကျေမနပ်ဖြစ်ရကြောင်း ပြောဆိုထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမြောက်ပိုင်းက ပဋိပက္ခမှာ ပါဝင်ပတ်သက်နေသူအားလုံး အနေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ အမြန်ရပ်ဆိုင်းဖို့ တရုတ်အစိုးရက ထပ်မံတောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG