သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်


ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်
ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်

ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက နိုဝင်ဘာ ၇ ရက်မှာ ၁၁၀၇ စစ်ဆင်ရေးကို စတင်လိုက်ပြီး ကယား ဒေသအခေါ် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီရဲ့ BGF စခန်း ၃ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်ပါတယ်။ ဒါဟာ ရှမ်းပြည်မြောက်ပိုင်းက ညီနောင် ၃ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေး ကို ကြိုဆိုပံ့ပိုး ဖို့ ဖြစ်ကြောင်းလည်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ပြောပါတယ်။ ဒီသတင်းအပြည့်အစုံကို ကိုဝင်းခန့်မောင် က တင်ပြပေးမှာပါ။

မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ BGF တပ်စခန်း ၃ ခုကို ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတွေက ၁၁၀၇ စစ်ဆင်ရေး ဖော်ဆောင်ပြီး တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူတဦးက VOA ကို အတည်းပြုပြောဆိုပါတယ်။

“ဒီနေ့ကတော့ ကျနော်တို့ မယ်စဲ့မြို့နယ်မှာရှိတဲ့ တော်လှန်ရေးတပ်ပေါင်းစုတွေကနေပြီးတော့မှ ဒီပန်တိန်းပေါ့နော်၊ ၁၁၀၄ BGF စခန်းဟောင်းမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို ဒါဝင်ရောက် တိုက်ခိုက်တာ ဖြစ်ပါတယ်ပေါ့နော်။ သူတို့ အထိုင်ချထားတဲ့ စခန်း ၃ခုကို သိမ်းလိုက်တာဖြစ်ပါတယ်။ ကျနော်တို့ ဒီတိုက်ခိုက်မှုမှာ ကျနော်တို့ လက်နက်ကြီးငယ် ၂၀ နီးပါး သိမ်းဆည်းရမိတာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးအသုံးပြုတာ ရှိပါတယ်။ ဒါပေမယ့် လေယာဉ်အသုံးပြုတာ တွေကတော့ မရှိပါဘူးခင်ဗျ။”

တိုက်ပွဲအတွင်းမှာ တော်လှန်ရေး အင်အားစုဘက်က ထိခိုက်မှုရှိသလို စစ်ကောင်စီဘက်က အယောက် ၂၀ ထက်မနည်း သေဆုံးခဲ့တယ်လို့ လည်း ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ လက်နက်ကြီး ပစ်ခတ်မှု တွေအပြင် လေကြောင်းကနေပါ ၂ ကြိမ် လာရောက်ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။

ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေဆိုတာမရှိသလို ကယားပြည်နယ်က တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်း တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။

ရှမ်းပြည်မြောက်ပိုင်းမှာ ညီနောင် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်တဲ့ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း အပါအဝင် နေရာ အတော်များများမှာ စစ်ကောင်စီကို တော်လှန်နေတဲ့ အဖွဲ့တွေက အဖက်ဖက်ကို ပိတ်ဆို့ ပြီး စစ်ဆင်ရေးတွေ လုပ်ဆောင်လာနေတာ ဖြစ်ပါတယ်။

ယခင်မှတ်တမ်းရုပ်ပုံ | ကယားပြည်နယ် ဒီးမော့ဆိုအနီး စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ ကရင်နီကာကွယ်ရေး KNDF တပ်ဖွဲ့ဝင်များ (အောက်တိုဘာ ၁၉၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ကယားပြည်နယ် ဒီးမော့ဆိုအနီး စစ်ဆေးရေးဂိတ်တခုမှာတွေ့ရတဲ့ ကရင်နီကာကွယ်ရေး KNDF တပ်ဖွဲ့ဝင်များ (အောက်တိုဘာ ၁၉၊ ၂၀၂၁)

(KNDF) ဗဟိုပြန်ကြားရေးတာဝန်ရှိသူကတော့ ၁၁၀၇ စစ်ဆင်ရေးကို အဓိက ဖော်ဆောင်ရတဲ့ ရည်ရွယ်ချက်ဟာ ရှမ်းပြည်မြောက်ပိုင်းက ညီနောင် ၃ဖွဲ့ ဦးဆောင်တဲ့ ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုပြီး ဝန်းရံ ကူညီတာဖြစ်တယ်လို့ ခုလို ပြောပါတယ်။

“၁၁၀၇ စစ်ဆင်ရေးကတော့ ဒီရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ဒီ ၁၀၂၇ စစ်ဆင်ရေးကို ဒါကြိုဆိုထောက်ခံတယ်၊ ဝန်းရံတဲ့ အနေနဲ့ ဒီ ၁၁၀၇ စစ်ဆင်ရေးကို ကရင်နီမှာရှိတဲ့ တော်လှန်ရေး တပ်ပေါင်းစုတွေက ဖော်ဆောင်တာဖြစ်ပါတယ်။ ကရင်နီပြည်ကလည်း ဒီမယ်စဲ့မြို့နယ်ကို၊ ဒါသိမ်းပိုက် နိုင်ခဲ့တဲ့ အနေအထားမျိုးရှိတယ်။ ဒီမယ်စဲ့မြို့နယ်မှာ အခု လက်ရှိပေါ့နော်၊ စစ်ကောင်စီက ထပ်ပြီးတော့ တပ်စွဲထားတဲ့ ဒီ BGF တပ်စခန်းကိုလည်း တိုက်ခိုက်ခဲ့တဲ့ အနေအထားမျိုးဖြစ်တယ် ပေါ့နော်။”

ပြီးခဲ့ ဇွန်လ ၁၃ ရက်နေ့တုန်း မယ်စဲ့မြို့နယ်မှာ စခန်းသိမ်းတိုက်ပွဲဖြစ်ပွားခဲ့ပြီတဲ့နောက် ခုချိန်ထိ ကြိုကြားကြိုကြား နှစ်ဖက် တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ တိုက်ပွဲကြောင့် ဒေသခံ အများစုက နယ်စပ်တလျှောက်က စစ်ရှောင်စခန်းမှာ နေထိုင်ကြသလို ထိုင်းနိုင်ငံဖက်ခြမ်းက မယ်ဟောင်ဆောင် ဒေသမှာ သွားရောက်ခိုလှုံနေသူတွေလည်း ရှိပါတယ်။ ဒေသတွင်းမှာ စစ်ကောင်စီက ဖုန်းလိုင်းဖြတ်တောက် ထားတာကြောင့် ဆက်သွယ်ရေးလည်း ခက်ခဲနေတာပါ။

အလားတူ ဖရူဆို-ဒီးမော့ဆိုကြားက ငွေတောင်ရွာသစ်မှာလည်း အောက်တိုဘာ ၃၁ ရက်နေကနေ နိုဝင်ဘာ ၆ ရက်အထိ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီကာကွယ်ရေး တပ် KNDF ကတော့ စစ်ကောင်စီတပ်က စစ်ယာဉ်တန်း ၄၀ ဝန်းကျင်လောက် လွိုင်ကော် မြို့နယ် ကနေ ဖရူဆိုမြို့နယ်ဖက်ကို ထိုးစစ်ဆင်ရာကနေ မကြာသေးခင်ကပဲ နှစ်ဖက် ထိတွေ့ တိုက်ပွဲ ဖြစ်ပွါးခဲ့ကြောင်းလည်း ဗွီအိုအေကို ပြောပါတယ်။

ကရင်နီဒေသ ၁၁၀၇ စစ်ဆင်ရေး စတင်
please wait

No media source currently available

0:00 0:03:23 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG