သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာမှုကြောင့် ကရင်နီဒေသ တောင်သူတွေအခက်ကြုံ


 (ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)
(ကယား) ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်း ရွာခံနဲ့ စစ်ရှောင်နေထိုင်တဲ့နေရာမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကိုတွေ့ရစဉ် (ဓါတ်ပုံ - KNDF)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ရေးပဋိပက္ခပြင်းထန်တဲ့ ကရင်နီဒေသမှာ လက်ရှိချိန်ထိလည်း တည်ငြိမ်မှုမရှိသေးပေမဲ့ တိုက်ပွဲတွေကြား စိုက်ပျိုးထားတဲ့စပါးတွေ ရိတ်သိမ်းချိန် ရောက်လာတာကြောင့် စိုးရိမ်ရတဲ့ အခြေအနေအောက်မှာပဲ စစ်ရှောင်တောင်သူတွေ လုပ်ကိုင်ကြနေရပါတယ်။ ကယားပြည်နယ် ဒေသအခေါ် ကရင်နီဒေသက စပါးစိုက်တောင်သူရဲ့ အခြေအနေ သတင်းပေးပို့ထားတာကို မမြသဇင်အောင်က တင်ပြမှာပါ။

လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို အပါအဝင် ကရင်နီပြည်နယ်ထဲမှာ တိုက်ပွဲတွေ ကြိုကြားဖြစ်ပွါး နေပေမယ့် ဝမ်းစာအတွက် စပါးစိုက်ကြတဲ့ တောင်သူတွေဟာ ပစ်ခတ်မှုတွေကို ရှောင်ရင်းတိမ်းရင်း စိုက်ပျိုးခဲ့ရသလို အခု မိုးစပါးရိတ်သိမ်းတဲ့အချိန်မှာလည်း အန္တရာယ်ကြားထဲကပဲ နောက်နှစ်ဝမ်းစာ အတွက် လုပ်ကိုင်နေကြတယ်လို့ လွိုင်ကော်မြို့နယ် ကုန်းသာ ရွာခံတဦးက ပြောပါတယ်။

“တောင်သူတွေက တောင်ယာ ရိတ်သိမ်းမယ်ဆိုရင် စပါးသိမ်းမယ့်လမ်းက သူတို့ စခန်းချထားတဲ့ နေရာဖြတ်သွားရတော့ အဲ့ဒါဆိုရင်တော့ ခွင့်တောင်းရတာတို့ ဘာတို့ရှိတယ်ပေါ့နော်။ သူတို့က အရမ်းကြီး အခြေအနေ မရှုပ်ထွေးဘူးဆိုရင် ကြည်ကြည်ဖြူဖြူ ခွင့်ပေးပါတယ်။ ဒီလူဦးရေ အရမ်းများလာလို့ စက်တွေ နှစ်စီး သုံးစီးလာရင် လက်နက်ကြီး တချက် နှစ်ချက် ပေးပြီးတော့ သတိပေးပြီးမှ အဲ့လို လူစုခွဲ ခံရတာမျိုးတွေလည်း ရှိတယ်ပေါ့နော်။ ကျနော်တို့လည်း တနှစ်တာလုံး အတွက် ဒီတခုပဲ ကိုယ်က လုပ်ထားတယ်ပေါ့နော်၊ နောက်တနှစ်အတွက် အို… စားဝတ်နေရေး အတွက်တော့ ဒီဟာကိုပဲ ဖြေရှင်းရမယ်ဆိုတော့ ကျနော်တို့လည်း ဒီအန္တရာယ်ကြားနေ လုပ်စားရတာ ပေါ့နော်။”

လွိုင်ကော် ကုန်းသာရွာ တောင်ပေါ်နဲ့ ဆောင်းကန် ကျေးရွာဖက်မှာ စစ်ကောင်စီတပ်တွေက ကာလကြာရှည် အထိုင်ချ တပ်စွဲထားပြီး လက်နက်ကြီးတွေနဲ့ မကြာမကြာ ပစ်ခတ်နေတာပါ။ ဒီလို အခြေအနေအောက်မှာပဲ စပါးစိုက်တဲ့ တောင်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ရေရှည်စားနပ်ရိက္ခာ ဖူလုံရေးအတွက် ရုန်းကန်နေကြရတာ ဖြစ်ပါတယ်။

ကရင်နီဒေသမှာ အဓိက မိုးစပါး၊ မြေပဲ၊ ပြောင်း စတဲ့ သီးနှံတွေ စိုက်ပျိုးကြလေ့ရှိပါတယ်။ ဒါပေမယ့် စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ဒီလုပ်ငန်းတွေ အတည်တကျ မလုပ်ကိုင်နိုင်ကြဘဲ ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်လိုက် ဒေသတည်ငြိမ်အစပြုရင် နေရပ်ပြန်လာလိုက်နဲ့ ပြေးလွှားနေရတာ အခုဆိုရင် ၃နှစ်ထဲ ဝင်လာပါပြီ။ အခုဆိုရင် တိုက်ပွဲနဲ့ ကင်းဝေးတဲ့ နေရာလောက်သာ လယ်ယာလုပ်ငန်းတွေ လုပ်ကိုင်နိုင်ကြတယ်လို့ ဆိုပါတယ်။

လယ်ယာဧက သုံးသောင်းလောက် ရှိတဲ့ ဒီမော့ဆိုမြို့နယ် အရှေ့ပိုင်းမှာတော့ ဒီနှစ်ဆိုရင် ထောင်ဂဏန်းလောက်သာ စိုက်ပျိုးနိုင်သလို ကရင်နီ ပြည်နယ်တွင်း တခြားမြို့နယ် တွေလည်း ဒီလို အလားတူ သိပ်မစိုက်ပျိုးနိုင်ပဲ ဖြစ်နေတယ်လို့ ဒေသတွင်း အခြေနေကို အမြဲမပြတ် လေ့လာစောင့်ကြည့်နေတဲ့ ကရင်နီ လူ့အခွင့်ရေး ကွန်ယက်အဖွဲ့က ပြောပါတယ်။
ဘောလခဲနဲ့ ဖရူဆို ကြားမှာလည်း စစ်ကောင်စီတပ်တွေရဲ့ ထိုးစစ်ဆင် လှုပ်ရှားမှုကြောင့် ကရင်နီ ပူးပေါင်း တပ်ဖွဲ့နဲ့ စစ်ကောင်စီကြား ကြိုကြားကြိုကြား နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေပြီး ကျေးရွာအများစုက ဘေးလွတ်ရာမှာ တိမ်းရှောင်နေကြရတာပါ။

စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် လေကြောင်းပါ အသုံးပြု တိုက်ခိုက်နေတာကြောင့် အန္တရာယ်တွေ ကြားကနေပဲ စစ်ရှောင်ရွာခံတွေ အသက်စွန့်ပြီး စပါးရိတ်သိမ်း နေကြရတယ်လို့ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“တချို့ ဒီတောင်ပေါ်က ရှိတဲ့ ရွာတွေက နေ့ခင်းကျ စပါးနည်းနည်း ပြန်လာရိတ်တယ်လေ၊ လုံခြုံတော့ ဘယ်လုံခြုံမလဲ (စစ်ကောင်စီ) သူတို့က တခါကျရင် သူက လေယာဉ်နဲ့လည်း ပတ်ကျဲတာကိုး၊ ပတ်ကျဲတော့ ကိုယ်ကလည်း လုံခြုံတော့ မလုံခြုံပါဘူး၊ စပါးရိတ်ဖို့ကလည်း အချိန်တန်ပြီးဆိုတော့ အသက်စွန့်ပြီး ပြန်လာရိတ်လိုက်၊ လေယာဉ်လာရင်လည်း ထွက်ပြေးလိုက် အဲ့လိုပဲ လုပ်ရတာပေါ့။ အခြေအနေကတော့ ဆိုးတဲ့အချိန်တော့ မရိတ်ရဲဘူးပေါ့၊ လောလောဆယ် မဆိုးတဲ့အချိန်တော့ နေ့ခင်းအချိန်တော့ ပြန်လာရိတ်လို့ရရင်လည်း ပြန်လာရိတ်ကြတာပေါ့။ ခုက ကျနော်တို့ အုပ်စုကတော့ စပါးတခုပါပဲ လုပ်လို့ရပါတယ်။ ဒီအပြင် ဘာမှလုပ်လို့မရပါဘူး။ အခုကတော့ ကြောက်ကြောက်လန့်လန့်နဲ့ လုပ်တဲ့ အခြေအနေပါပဲလေ။”

ဖရူဆိုမြို့နယ် အရှေ့ပိုင်းမှာ နေတဲ့ စစ်ရှောင်တဦးကတော့ စစ်ကောင်စီက ဝင်ရောက်တပ်စခန်း ချထားတဲ့ ကျေးရွာတွေက တောင်ယာလုပ်ကိုင်လို့မရပေမယ့် သူတို့နဲ့ ဝေးတဲ့နေရာတွေက ဒေသအခြေအနေပေါ် မူတည်ပြီး လုပ်နေတယ်လို့ ပြောပါတယ်။

“စကစ မဝင်တဲ့ ရွာတွေတော့ ပြန်လာလုပ်ရတယ်။ ဒါမယ့် နေ့ခင်းပဲလုပ်ရင်း နားထောင်ရင်းအဲ့လိုမျိုးပေါ့နော်။ အခြေအနေက နည်းနည်းငြိမ်ဆိုလို့ရှိရင်တော့ ရွာမှာ ပြန်လာအိပ်လုပ်ကြတယ်။ အခြေအနေမငြိမ်လို့ရှိရင် တောမှာပဲ ကိုယ်ပြန်အိပ်တယ် အဲ့လိုမျိုး၊ လက်နက်ကြီး သူတို့ စကစထုတာတော့ တစ်ရက်မှ မလွတ်ဘူး ပြောရမှာပေါ့။”

ယခုနှစ် ကရင်နီဒေသမှာ မိုးများရေကြီးလို့ မိုးစပါး ဧကထောင်ပေါင်းများစွာ နစ်မြှုပ်ပျက်စီးသွားပြီး အထွက်နှုန်း ကျဆင်းမယ့် အခြေအနေနဲ့လည်း ရင်ဆိုင်ကြရတယ်လို့ တောင်သူတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ ဒုတိယပတ်လောက်က မိုးဗြဲဆည် စိုးရိမ်ရေမှတ်အထက် ကျော်လွန် တယ်ဆိုပြီး ဆည်ရေ ထုတ်လွှတ်မှုကြောင့် ကယားပြည်နယ် ဘီလူးချောင်း တလျှောက်က ခန့်မှန်း လယ်ဧက တစ်သောင်းဝန်ကျင်း နစ်မြှုပ်ပျက်စီးသွားတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

XS
SM
MD
LG