သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ ပညာရေးနောက်မကျအောင် ဒေသခံတွေ ကြိုးပမ်း


ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)
ကယားပြည်နယ်၊ ဒီမောဆိုမြို့နယ်အနီး Pu Phar ရွာက စစ်ဘေးရှောင်ကလေးတွေ ကျောင်းတက်နေတဲ့မြင်ကွင်း။ (ဇူလိုင် ၃၊ ၂၀၂၁)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီဒေသတွင်း နေရာအနှံ့မှာ တိုက်ပွဲတွေ ပြင်းထန်နေတာကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားရပါတယ်။ ဒါပေမယ့် အကြမ်းမဖက် အာဏာဖီဆန်နေသူတွေ၊ တက်ကြွလှုပ်ရှားသူတွေကတော့ ဒေသခံကလေးငယ်တွေ ပညာရေးအတွက် ကြိုးစားလုပ်ဆောင် နေကြတဲ့ အကြောင်း သတင်းပေးပို့ထားပါတယ်။

ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်နယ်ထဲမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေ မပြတ် ဖြစ်နေတာကြောင့် ကျောင်းနေအရွယ်ကလေးငယ်တွေ ပညာကောင်းကောင်းမသင်ကြရပါဘူး။ ဒါပေမယ့် ဒေသတွင်း အာဏာဖီဆန် တော်လှန်နေကြတဲ့အဖွဲ့တွေ စုပေါင်းပြီး ဖွင့်လှစ်ထားတဲ့ ကိုယ်ထူကိုယ်ထကျောင်းက စုစုပေါင်း ၄၀၀ ကျော်ရှိနေပြီး အဲဒီကျောင်းတွေမှာ ပညာကို ရသလို သင်ယူနေတဲ့ ကျောင်းသူကျောင်းသားက ၄၀,၀၀၀ ကျော် ရှိပါတယ်။

အဲ့ဒီကျောင်းသားတွေကို စာသင်ပေးနေသူတွေက CDM လုပ်ထားတဲ့ ကျောင်းဆရာ၊ ဆရာမတွေရော၊ ကျောင်းဆရာမဟုတ်တဲ့ CDM ဝန်ထမ်းတွေ ဖြစ်ပါတယ်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ကနေ CDM လုပ်လာတဲ့ အကြီးတန်း စာရေးကြီးတဦးကတော့ သူဟာ လက်ရှိ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်စခန်းတွေမှာ စာသင်ပေးနေတယ်လို့ ပြောပါတယ်။

“ကျနော်ကတော့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှာ အလုပ်လုပ်တယ်ပေါ့နော်။ ပြီးတော့မှ CDM စလုပ်ပြီးတော့မှ နယ်ဘက်မှာ ပြန်နေတော့ နယ်မှာ ကိုယ်ထူကိုယ်ထဖွင့်တဲ့ ကျောင်းတွေမှာ အဲ့မှာက ဆရာ ဆရာမ လိုအပ်ချက်တွေ ရှိတော့ အဲ့မှာ ဝင်ဖြစ်တယ်ဗျ ဟုတ်။ အဲ့ဒါနဲ့ စပြီးတော့မှ ကနေ့ထိပေါ့နော်။ ကလေးတွေကိုပေါ့နော် စပြီး စာသင်ပေးဖြစ်တယ်ပေါ့နော်။ တခြား ဌာနဆိုင်ရာ CDM လည်း ပညာရေးအပိုင်းမှာ ပါဝင် အားဖြည့် ပေးတာတွေ ရှိတယ်ဗျဟုတ်။”

ရွာသူရွာသားတွေနဲ့အတူ ရောထွေးနေထိုင်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေဟာ ရွာခံကလေးတွေနဲ့ စစ်ရှောင်ကလေးတွေကို စာသင်ပေးနေကြတာဖြစ်ပါတယ်။ ဒီကိုယ်ထူကိုယ်ထကျောင်းတွေမှာ တကျောင်းကို ကျောင်းသူ၊ကျောင်းသား ၃၀၀ ထက်မနည်း ရှိနေပြီး ကျောင်းသားဦးရေများတဲ့အတွက် ကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေလိုအပ်နေသလို ဆရာ၊ ဆရာမ မလုံလောက်တဲ့ ပြဿနာနဲ့လည်း ရင်ဆိုင်နေရတာပါ။ ဒါကြောင့် အဓိက ဘာသာရပ် ၅ ခုကို ဦးစားပေး သင်ကြားပေးရတယ်လို့ လည်း ပြောပါတယ်။

“တခါတလေကျတော့ ကျနော်တို့မှာ ဆရာ လုံလောက်မှုမရှိတဲ့အခါကျတော့ နည်းနည်းလေး ကျနော်တို့ အဓိက အားဖြည့်ထားပြီး သင်တာကတော့ သင်္ချာရယ်ပေါ့၊ မြန်မာရယ်။ အင်္ဂလိပ်ရယ် ပြီးတော့ မိခင်ဘာသာစကားရယ်၊ သိပ္ပံရယ်ပေ့ါနော်။ ကျနော်တို့ ၅ ဘာသာရပ်သင်တာပေါ့နော်။”

ဒီလို သင်ကြားနေရပေမယ့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကြား ရောက်နေတာကြောင့် အခြေအနေကြည့်ပြီးပဲ စာသင်နေရတာဖြစ်ကြောင်းပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်အရှေ့ပိုင်း ဒေသတွေမှာလည်း တိုက်ပွဲတွေကြားကပဲ စာသင်ဖြစ်အောင် ကြိုးစားနေကြတာဖြစ်ပြီး တချို့ကျောင်းတွေမှာ အထက်တန်းပညာတတ်သူတွေက မူလတန်းစာတွေ ပြန်သင်ပေးနေတာ ဖြစ်ပါတယ်။

ဖယ်ခုံမြို့နယ် အရှေ့ပိုင်း နောင်လိုင်အုပ်စု အပေါ်ကုန်းရွာက ကျန်းမာရေးစေတနာ့ဝန်ထမ်းတဦးကတော့ ကျောင်းကော်မတီဝင်တဦးအဖြစ် တာဝန်ယူထားသူပါ။ စစ်ရှောင်ရင်းနဲ့ပဲ ၂၀၂၂ ခုနှစ်ထဲမှာစပြီး ကလေးပညာရေးတွေ မဆုံးရှုံးစေဖို့ ကိုယ်ထူကိုယ်ထစနစ်နဲ့ ကျောင်းဖွင့်ထားတယ်လို့ ခုလို ပြောပါတယ်။

“နိုင်ငံရေး အခြေအနေ မကောင်းလို့ပေါ့နော်။ ဆရာ၊ ဆရာမလည်း မရှိဘူးရော။ နောက် စစ်ရှောင်လည်း တဘက်ကျတော့ ဘယ်သူမှလည်း မလုပ်ပေးနိုင်ဘူးလေ။ ကိုယ်ထူကိုယ်ထ၊ အဲ့လိုမျိုးပဲပေါ့နော်။ အရင်တုန်းက ၁၀ တန်းအောင်ခဲ့တဲ့ လူတွေရယ်၊ နောက်ပြီးတော့ ၁၀ တန်းရှုံးခဲ့တဲ့ လူတွေရယ် အဲ့လိုမျိုးပေါ့နော်။ ကျမတို့ရွာသားကို ကလေးတွေ စာနဲ့ အလှမ်းမဝေးအောင်ဆိုပြီး ပြန်ပြီးတော့ ထိန်းကျောင်းပေးခိုင်းတယ်ပေါ့နော်။ စာလေး ဘာလေ နည်းနည်း ပြန်ပြ ခိုင်းတာပေါ့နော်။”

အရင်တုန်းက မိဘမဲ့ဂေဟာကျောင်းမှာ သင်ပေးနေတဲ့ ဆရာမတဦးကလည်း အခု ကလေးတွေပညာရေးအတွက် ကူညီဆောင်ရွက်ပေးနေတာပါ။ ပြီးခဲ့တဲ့ မေလထဲ မိုးဗြဲမြို့ပေါ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွါးခဲ့တဲ့နောက် ဖယ်ခုံ နောင်လိုင်အုပ်စုဘက်ကို တိမ်းရှောင်လာရာကနေ လက်ရှိမှာတော့ ကလေးတွေပညာရေးအတွက် ဝိုင်းပြီး အကူညီပေးနေတယ်လို့ ပြောပါတယ်။

“ဒီရွာမှာ လာသင်ပေးတာပေါ့နော်။ စစ်ရှောင်ရင်းနဲ့ ရွာက လူကြီးတွေက ကော်မတီကစာသင်ပေးဖို့ မေတ္တာရပ်ခံတာနဲ့ အဲ့ဒါ ဝိုင်းဝန်းပြီးတော့ ကူညီပေးတဲ့ သဘောပေါ့နော်။ အရင်တုန်းကတော့ မိဘမဲ့ကျောင်းမှာ စေတနာ့ဝန်ထမ်းအနေနဲ့ပေါ့နော်၊ ဝင်ကူခဲ့တာပေါ့နော်။ အခုက လက်ရှိ ဒီမှာသင်ပေးတဲ့အနေနဲ့တော့ အခက်အခဲကတော့ သိပ်မရှိဘူးပေါ့နော်။ အရင်တုန်းကသင်တဲ့အစိုးရ စနစ်အတိုင်း သွားတာပေါ့နော်။ Grade-1 ကျတော့ မြန်မာစာ၊ Grade-2 ကျတော့ သင်္ချာနဲ့ Grade-4 ကျတော့ အင်္ဂလိပ်စာ သင်ပေးတယ်ဟုတ်။”

စစ်တပ်က အာဏာသိမ်းထားတဲ့ ကာလတလျှောက်လုံးမှာ ကရင်နီဒေသတကျောက ကျောင်းနေအရွယ်ကလေးတွေဟာ ပညာကောင်းကောင်းမသင်ကြရတဲ့အတွက် တက်ကြွလှုပ်ရှားသူတွေက ကြိုးစားသင်ကြားပေးနေကြပေမယ့် အသွားအလာပိတ်ပင်မှုတွေနဲ့ သင်ကြားရေးအထောက်အကူ အပြည့်အစုံမရဘဲ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

XS
SM
MD
LG