သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖရူဆိုမြို့နယ်တိုက်ပွဲ ကျေးရွာ ၈ ရွာထက်မနည်း ထွက်ပြေးနေရ


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ (ယခင်ပုံဟောင်း)
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ (ယခင်ပုံဟောင်း)

ကယားပြည်နယ် ဒေသအခေါ် ကရင်နီနယ် ဖရူဆိုမြို့နယ် အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွါးတာကြောင့် ထားလဲ၊ ဒေါပိုရှေ့ အပါအဝင် ကျေးရွာ ၈ ရွာ ထက်မနည်းက ဒေသခံ ထောင်နဲ့ချီပြီး အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်ရှောင်နေကြရပါတယ်။ အဲဒီဒေသက စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေ ရန်ကုန်ကလာတဲ့သတင်းကို အခြေခံပြီး မမြသဇင်အောင်က ပြောပြပါမယ်။

ဖရူဆိုမြို့နယ်အရှေ့ခြမ်း ထားလဲကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား အောက်တိုဘာလ ၂ရက်နေ့က စတင်ပြီး ဒီနေ့ထိ ရက်ဆက်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ အဆမတန်အသုံးပြုပြီး နေ့နေ့ ညည ပစ်ခတ်တိုက်ခိုက်နေတာကြောင့် နေအိမ်ကို ပြန်လို့မရဘူးလို့ ဖရူဆိုအရှေ့ခြမ်းမှာ တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်တဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

“၂ ရက်နေ့မှာ စဖြစ်တယ်။ ရက်တိုင်းတိုက်ပွဲရှိတယ်။ နည်းနည်းပါးပါးပေါ့၊ နာရီဝက် တစ်နာရီလောက် အဲ့လောက်ပဲရှိတယ်။ ဒီဘက်မှာလည်း လက်နက်ကြီးတွေ တအားထုတယ်။ ညရော နေ့ရော လက်နက်ကြီးတွေ တအားထုတော့ ရွာပြန်လို့လည်း မရဘူး။ ရွာပြန်လို့ရတဲ့ ရွာလည်း နေလို့လည်း မပျော်ဘူး အဲ့လိုမျိုးဖြစ်နေတယ်။”

တိုက်ပွဲတွေကြား လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထားလဲကျေးရွာ ဒေါပိုရှေ့ကျေးရွာ အပါအဝင် ပတ်ဝန်းကျင် ကျေးရွာ ၈ ရွာထက်မနည်း နီးစပ်ရာ ရပ်ရွာနဲ့ တောတောင်ထဲမှာ ထွက်ပြေး တိမ်းရှောင်နေကြရတာ ဖြစ်ပြီး နာမကျန်းဖြစ်လာသူကလည်း များလာနေတယ် လို့ပြောပါတယ်။

“ဒီမှာ လုံခြုံမှုမရှိဘူး။ မနေ့ညကလည်း တအားပစ်တယ် ဟို… ၁၁ နာရီအထိ အိပ်လို့မရဘူး။ ထားလဲ၊ ဒေါပိုရှေ့၊ ကူခူ စစ်ရှောင်ရတယ်။ ၇ ရွာ ၈ရွာရှိတယ်၊ ၈ ရွာပေါ့။ စားဖို့အတွက် မလုံမလောက် သွားလာရေးတွေ ခက်ခဲဖြစ်တယ်။ ခုတလောဆို တုပ်ကွေးလည်း တအားဖြစ်တယ်။ တောင်ကြိုတောင်ကြားမှာပဲနေတာကျတော့ ဆေးဝါးလည်း မရှိပေါ့၊ ဝယ်လို့မရဘူး အဲ့လိုမျိုး။”

KA - ကရင်နီတပ်မတော် ၊ KNDF - ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် တို့နဲ့ အတူလက်တွဲတိုက်နေတဲ့ Karenni Revolution Union- KRU - ကရင်နီတော်လှန်ရေးတပ်ပေါင်းစု အဖွဲ့က ပြန်ကြားရေးတာဝန်ခံ တဦးကတော့ ထားလဲကျေးရွာမှာ ဖြစ်ပွါးနေတဲ့ တိုက်ပွဲမှာ သူတို့အဖွဲ့က စစ်ကူအနေနဲ့ပဲ ဝိုင်းဝန်တိုက်ခိုက်နေတာ ဖြစ်ပြီး စစ်ရေးသတင်း အသေးစိတ်ကိုတော့ ထုတ်ပြောလို့ မရဘူးလို့ ဆိုပါတယ်။

“အဲ့ဘက်ကျ ကျနော်တို့ ဘယ်လိုခေါ်မလဲ၊ စစ်ကူအနေနဲ့ သွားတယ်ဆိုတော့ စစ်ရေးအခြေအနေကို ကျနော်တို့ အများကြီး သုံးသပ်ပေးလို့မရဘူးပေါ့နော်။ ဘာလို့ဆို အဲ့မှာ လက်ရှိမိခင်အဖွဲ့အစည်းတွေဖြစ်တဲ့ KA တို့ KNDF တို့က ဖြေတာပိုအဆင်ပြေမှာပေါ့နော်။ ကျနော်တို့က ဒါစစ်ကူအနေနဲ့ပဲ သွားတယ်ဆိုတော့ စစ်ရေအမြင်တွေ ကျနော်တို့ သုံးသပ်ပေးရင် မကောင်းလို့ပေါ့ သိပ်ပြီးတော့ဟုတ်။ တိုက်ပွဲတွေကတော့ ဖြစ်နေတယ်ဗျ။ တိုက်ပွဲကဖြစ်နေတယ် သူတို့စစ်ကောင်စီဘက်ကလည်း အင်အားအလုံးအရင်းနဲ့ကို ဖြည့်ထားတယ်ပေါ့။ ပြီးခဲ့တဲ့တလောတုန်းကပဲ (စစ်ကောင်စီ) ကားအစီးတွေ ထပ်ဖြတ်တာရှိတယ်ပေါ့ဟုတ်။”

လတ်တလော ဖရူဆိုတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြောရေဆိုခွင့်ရှိသူ လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းဦးကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံပြောဆိုတာမရှိသလို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။

KNDF ဘက်ကတော့ ဖရူဆိုတိုက်ပွဲ အခြေအနေ အတိအကျမပြောပေမဲ့ အောက်တိုဘာလ ၄ ရက်နဲ့ ၅ ရက်နေ့မှာ ဖရူဆိုမြို့နယ်အနောက်ခြမ်း လူနေကျေးရွာတွေဘက်ကို စစ်ကောင်စီရဲ့ အမှတ် (၁၄) တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသမီးတဦးဒဏ်ရာရခဲ့သလို နေအိမ်လည်း ၅ လုံး ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ပြေးဒုက္ခသည်အများစုက စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီမရပဲ ဖြစ်နေကြသလို ဆန်စပါးနဲ့ ဆန်စက်ရှိပေမယ့် တိုက်ခိုက်ခံရမှာ စိုးတဲ့အတွက် စက်မလည်ရဲပဲ ဖြစ်နေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲ ကြုံနေတာဖြစ်ကြောင်း လက်ရှိလွိုင်ကော်မြို့မှာ ခိုလှုံနေတဲ့ ဖရူဆိုအနောက်ဖက်ခြမ်း စစ်ရှောင်တဦးက ခုလို ပြောပါတယ်။

“အခု အဲ့ဒီထားလဲမှာ ဖြစ်တဲ့ဟာလည်း တချို့က ဆန်စပါးတွေ ရှိရဲ့သားနဲ့ ဆန်စက်က မလည်ပေးနိုင်ဘူး၊ မလည်ရဲဘူး၊ အသံကြားမှာဆိုတော့ မလည်ရဲဘူးခါကျတော့ သူတို့က ဆန်တွေ ပြတ်သွားတာတို့ တချို့ကျတော့လည်း စပါးက မရတဲ့ခါကျတော့ သူတို့က ဝယ်စားရတယ်။ ဝယ်စားတော့ အဲ့လိုမျိုးလမ်းပိတ်လိုက် ပြတ်သွားတယ်။ အဲ့လိုမျိုးတော့ ကျမကြားရတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ စစ်ကောင်စီတပ်တွေ နယ်မြေထိန်းချုပ်နိုင်ဖို့ ဒီးမော့ဆိုနဲ့ဖရူဆို လမ်းမကြီးတလျှောက် ထိုးစစ်ဆင်လာရာကနေ ကရင်နီပူးပေါင်းတပ်တွေနဲ့ နေ့စဉ်ဆိုသလို နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲတည်ငြိမ်သလောက် ဖြစ်လာချိန်မှာလည်း စစ်ပွဲအတွင်း ချထားတဲ့ မြေမြှုပ်မိုင်းနင်းမိမှာ ကြောက်တဲ့အတွက် ဒေသခံတွေကလည်း နေရပ်မပြန်ရဲကြသေးဘူးလို့ လွိုင်ကော်မြို့မှာ ခိုလှုံနေတဲ့ ဖရူဆိုအနောက်ဘက်ခြမ်း စစ်ပြေးဒုက္ခသည်တယောက်က ပြောပါတယ်။

“ ပြန်လို့မရဘူး။ နောက် ဟို… စစ်ကောင်စီဖက်ကပဲပေါ့ သူတို့နေထိုင်ခဲ့တယ်၊ တိုက်ပွဲတွေ ဖြစ်ခဲ့တော့ သူတို့လာနေသွားတယ်ဆိုတော့ မိုင်တွေ ထောင်ထားတယ်၊ ကိုယ်က မမြင်ရဘူး၊ သတင်းပဲရတယ်ပေါ့နော်၊ ရက်တိုင်းပဲ ကျွဲတွေ နွားတွေတော့ နင်းမိလို့ ပေါက်တာပေါ့နော် အသံကြားနေရတယ်။”

စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း ကရင်နီဒေသမှာ တနေ့တခြား တိုက်ပွဲဧရိယာ ပိုမိုကျယ်ပြန့်လာသလို စစ်ပြေးဒုက္ခသည် အရေအတွက်လည်း မြင့်တက်နေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG