ကရင်နီဒေသမှာ မကြာသေးခင်က တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဖက် တိမ်းရှောင်ခဲ့ရသူတွေကို အခုအခါ မြန်မာနိုင်ငံဖက် ပြန်လာနေရပေမဲ့ လုံခြုံရေး စိုးရိမ်ရတာကြောင့် နေရပ်မပြန်နိုင်ကြသေးဘူးလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ အကူအညီပေးသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ အရှိန်လျော့သွားတာကြောင့် ထိုင်းနိုင်ငံမှာ ဆက်လက် ခိုလှုံခွင့်မရတော့တဲ့ ဒုက္ခသည်တွေဟာ နယ်စပ်ဒေသမှာ ဖြစ်သလို နေထိုင်နေကြရတယ်လို့လည်း ပြောပါတယ်။ ထိုင်းနယ်စပ်က ဒုက္ခသည်တွေရဲ့ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြပေးပါမယ်။
ကရင်နီဒေသ မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လလယ်က တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ရာက ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ဖက် တိမ်းရှောင်ခိုလှုံကြတဲ့ ထောင်နဲ့ချီတဲ့ ဒုက္ခသည်တွေ အခုအခါ မြန်မာနိုင်ငံဖက် ပြန်ဖို့ ဖိအားပေးခံနေရတာလို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ပြောပါတယ်။
“ထိုင်းနိုင်ငံအစိုးရရဲ့ ဖိအားပေးမှုကြောင့်ပေါ့နော်။ ပြန်ရတယ်လို့တော့ ကျနော်ပြောတာ အတင်းအဓမ္မပဲပြောပြောပေါ့နော်။ ပြန်ပို့ခြင်းခံရတယ် ပြောလို့ရတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတော့ ထိုင်းနိုင်ငံအစိုးရမှာလည်း သူ့မှာပေါ်လစီတခုရှိတယ်ပေါ့နော။ ခဏလေးတိုက်ပွဲကြောင့် ယာယီရှောင်ခွင့်ဘဲ ခိုလှုံခွင့်ကို သူတို့ပေးတယ်။ ပြီးရင် တိုက်ပွဲတစုံတရာပြန်ငြိမ်သွားပြီးဆိုရင် သာမန်နည်းနည်းလေး စိတ်ချလုံခြုံပြီဆိုရင်တော့ အဲ့ဒီသူတို့ဆီမှာ မှတ်ချက်ရှိတယ်။ အဲ့ဒီမှတ်ချက်အရ သူက ပြန်ပို့တဲ့ပုံစံမျိုးဖြစ်ပါတယ်။ ပြီးတော့မှ လောလောဆယ် သူတို့ပြန်တာကလေ ကိုယ့်ရွာကိုယ်ပြန်တာ မဟုတ်ဘူး။ ဒီမယ်စဲ့မြို့နယ်ထဲမှာ နယ်စပ်လောက်အထိပဲ သူတို့ပြန်နေတာပါ။ ရွာတွေကတော့ ပြန်နေလို့မရတော့ မယ်စဲ့မြို့ပေါ်လည်း နေလို့မရတဲ့အပြင် ဘယ်ရွာမှနေလို့ မရတော့ဘူးပေါ့နော် လုံခြုံမှုလုံးဝမရှိတော့ဘူးပေါ့နော်။”
ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်မှာ ခိုလှုံကြတဲ့ ဒုက္ခသည် ၄၀၀၀ ကျော် ရှိမယ်လို့ ခန့်မှန်းထားပြီး ကိုယ့်သဘောဆန္ဒနဲ့ ပြန်လာသူတွေ အပါအဝင် အခုဆိုရင် မြန်မာနိုင်ငံဖက် ပြန်လာသူ ၆၀၀ လောက် ရှိပြီလို့လည်း ကိုဗညားက ပြောပါတယ်။ ဒုက္ခသည်တွေကိုတော့ ပြည်တွင်းအဖွဲ့အစည်းနဲ့ နိုင်ငံတကာအဖွဲ့တချို့က လက်ရှိ စားနပ်ရိက္ခာကူညီပေးနေပါတယ်။
မယ်စဲ့မြို့နယ်မှာ လက်ရှိ ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားတာမရှိတော့ပေမဲ့ လုံခြုံမှုအတွက်တော့ စိုးရိမ်ကြတာကြောင့် နယ်စပ်ဒေသမှာပဲ ယာယီတဲထိုးပြီး နေထိုင်ကြတယ်လို့ ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ စားဝတ်နေရေးတွေအတွက် စိန်ခေါ်မှုမြင့်မားနေတယ်လို့ ကရင်နီလူ့အခွင့်အရေးတည်ထောင်သူ ကိုဗညားက ပြောဆိုပါတယ်။ မြေပြင်မှာ လှုပ်ရှားနေတဲ့ စစ်ရှောင်ကူညီသူတဦးက လုံခြုံးရေးနဲ့ စားရေးသောက်ရေးအတွက် စိုးရိမ်နေကြတာလို့ ပြောပါတယ်။
“စိုးရိမ်စိတ်နဲ့ပဲ ပြန်နေကြရတယ်ပေါ့။ ဘာဖြစ်လဲဆို ပေးပြန်နေတာရော စိုးတော့ စိုးရိမ်ကြတယ်ပေါ့။ ဒါပေမယ့် နေရတာပဲရော။ လုံခြုံးရေးကျတော့ ဘယ်အချိန်မှာ လက်နက်ကြီးလာမလဲ ဘယ်အချိန်မှာ အပေါ်ကနေ ကြဲချမလဲ အဲ့လိုမျိုးစိုးရိမ်စိတ်ရှိကြတယ်။”
စစ်ရေးပဋိပက္ခကြောင့် ကရင်နီဒေသတခွင်မှာ စစ်ကောင်စီဘက်က လမ်းကြောင်းပိတ်ဆို့ တင်းကြပ်ထားတာမို့ စားနပ်ရိက္ခာအကူအညီပေးဖို့ အခက်အခဲရှိတာကြောင့် ထိုင်းနိုင်ငံကနေ နယ်စပ်ဖြတ်ကျော်ပြီး ပို့ဆောင်ရတယ်လို့ စစ်ရှောင်ကူညီသူက ပြောပါတယ်။ ဒီလိုသယ်ဆောင်ခွင့်ရဖို့ သက်ဆိုင်ရာ ထိုင်းအာဏာကို ခွင့်ပြုချက်တောင်းခံပြီးမှ ဆောင်ရွက်ရတာမို့ အမြဲတမ်း မပို့ဆောင်နိုင်ဘူးလို့ ပြောပါတယ်။ စစ်ရှောင်ရတာ အချိန်ကြာတာနဲ့အမျှ စားနပ်ရိက္ခာ ခက်ခဲလာနိုင်တယ်လို့ ပြောဆိုပါတယ်။