မြန်မာနိုင်ငံတွင်းတိုက်ပွဲတွေကြောင့် မယ်ဟောင်ဆောင်ပြည်နယ်ဘက် ထွက်ပြေး ခိုလှုံနေကြရတဲ့ မြန်မာဒုက္ခသည်တွေအတွက် ရတက်မအေးကြောင်း ထိုင်းနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် (NHRC) က ဖော်ပြလိုက််််တယ် လို့ ဘန်ကောက်ပို့စ် သတင်းစာက ပြောပါတယ်။
ကရင်နီစစ်တပ်နဲ့ စစ်ကောင်စီစစ်တပ်တို့ကြား တိုက်ပွဲတွေပြင်းထန်လာတာကြောင့် နယ်စပ်ဖြတ်ပြီး ဒုက္ခသည် ၉,၄၀၀ ကျော် ထွက်ပြေးလာခဲ့ကြရတယ်လို့ ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က အင်္ဂါနေ့က ပြောလိုက်တာပါ။ မယ်ဟောင်ဆောင်က ခရိုင် ၃ ခု မှာရှိတဲ့စခန်း ၅ ခုမှာ သူတို့က ခိုလှုံနေကြရတာ ဖြစ်ပါတယ်။ စားနပ်ရိက္ခာပို့နိုင်တဲ့လမ်းတွေအပါအဝင် နေရာတချို့ကို စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်ခဲ့တဲ့နောက်ပိုင်း အခြေအနေက ပိုဆိုးလာတယ်လို့ ထိုင်းလူ့အခွင့်အရေးကော်မရှင်က ဆိုပါတယ်။
ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ၊ ထိုင်း ကြက်ခြေနီနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက မြန်မာဒုက္ခသည်တွေအတွက် စခန်းမှာ နေထိုင်နေစဥ်အတွင်း နေစရာ၊ စားစရာ၊ ဝတ်စရာနဲ့ ကျန်းမာရေးအတွက် လိုအပ်တာတွေ ကို ပံ့ပိုးပေးဖို့လိုအပ်နေတယ်လို့ ကော်မရှင်က ဆော်ဩလိုက်ပါတယ်။ လူတွေရဲ့အခွင့်အရေး၊ ဘဝတွေနဲ့ လုံခြုံရေးအန္တရာယ်ရှိနေတဲ့ တိုင်းပြည် ကို ဒုက္ခသည်တွေနဲ့ အခြားလူတွေကို ပြန်မပို့ရဆိုတဲ့ နိုင်ငံတကာလက်ခံထားတဲ့ မူ ကို ထိုင်းနိုင်ငံတော် အဖွဲ့အစည်းတွေက လက်ခံဆောင်ရွက်ကြဖို့လည်း ကော်မရှင် က တောင်းဆိုလိုက်ပါတယ်။ ဒီ မူကိုပဲ ထိုင်းနိုင်ငံမှာ ဒီ နှစ်အစောပိုင်းက ပြဌာန်းလိုက်တဲ့ ညှင်းပန်းနှိပ်စက်မှု အင်အားသုံး လူဖျောက်မှုများ ကာကွယ်ရေးနဲ့ နှိပ်ကွပ်ရေး ဥပဒေမှာ အမြတ်တနိုးနဲ့ ဖော်ပြထားခဲ့တာပါ။
ဒုက္ခသည်တွေရဲ့ လူသားဂုဏ်ရည်ကို အာဏာပိုင်တွေကလေးစားဖို့ ထိုင်း လူ့အခွင့်ကော်မရှင်က ပြောလိုက်သလို ဘယ်နိုင်ငံသား၊ ဘယ်လိုသတ်မှတ်ချက်မျိုး ဆိုတာကို မကြည့်ဘဲ ဒုက္ခသည်တွေအားလုံးကို တန်းတူညီမျှဆက်ဆံပံ့ပိုးဖို့လည်း ထိုင်း အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။