သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားဆောင်းနဲ့ မယ်စဲမြို့နယ်တွေတွင်း တိုက်ပွဲ ပြင်းထန်


ကယား / ကရင်နီပြည်နယ် ဖားဆောင်း မယ်စဲ့ လေကြောင်းထိုးစစ် (Photo: Karenni Generation Youth)
ကယား / ကရင်နီပြည်နယ် ဖားဆောင်း မယ်စဲ့ လေကြောင်းထိုးစစ် (Photo: Karenni Generation Youth)

ပြီးခဲ့တဲ့လထဲ စစ်ကောင်စီလက်အောက် နယ်ခြားစောင့်တပ်ဖြစ်ခဲ့တဲ့ ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) ကဒေသခံတပ်တွေနဲ့ ပေါင်းပြီး ကယားပြည်နယ်အရှေ့ပိုင်းက မယ်စဲမြို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့နောက် ခုရက်ပိုင်း အတွင်းမှာတော့ စစ်ကောင်စီဘက်က ထိုးစစ်တွေ ဆင်လာတဲ့အတွက် မယ်စဲနဲ့ ဖားဆောင်း မြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲအခြေနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီကို ဆက်သွယ်ခဲ့ပေမယ့် မရသေးပါဘူး။ ကလလတ ပြောခွင့်ရ - တွဲဖက်အတွင်းရေးမူး ရဲဘော် လော်ရင်းစိုးကို VOA ဦးဝင်းမင်းက မေးရာမှာတော့ အခုလို စရှင်းပြပါတယ်။

ရဲဘော် လော်ရင်းစိုး ။ ။ အော် ဟုတ်ကဲ့၊ ခု သံလွင် အရှေ့ဖက်ခြမ်းက ဖားဆောင်းပေါ့နော်။ ဖားဆောင်းနဲ့ နမ့်ပါသိမ့်ကြားက တိုက်ပွဲကတော့ နေ့စဥ်လိုလို ဖြစ်နေတယ်။ လေယာဥ်နဲ့လည်း တောက်လျောက်ကြဲနေတယ်။ မနေ့ကနဲ့ တမြန်နေ့ဆို ၂ ရက်ဆက်တိုက် တနေကုန်ပဲ။ ဒီနေ့လည်း တိုက်ပွဲဆက်ဖြစ်တယ်။ အခုတော့ နှစ်ဖက်လုံး ြငိမ်နေတယ်။ ဒါပေမဲ့ လေယာဥ်ကတော့ တနေကုန် ဗုံးလာကြဲတာတော့ ၃ ရက်ရှိသွားပြီ။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ အခု ဒီတိုက်ပွဲမှာ အဓိက အထူးခြားဆုံး ဆိုရင် ဘာကိုထောက်ပြချင်လဲ။

ရဲဘော် လော်ရင်းစိုး ။ ။ တိုင်းမှူးကိုယ်တိုင် ဖားဆောင်းမှာ လာထိုင်တယ်ဗျာ။ လွိုင်ကော်မှာတော့ ကစထမှူး ထိုင်တယ်။ တိုင်းမှူးက ဒီမှာ ဘာကြောင့် လာထိုင်ရသလဲဆိုတာတော့ ရှင်းပါတယ်။ နယ်စပ်မြို့နယ် တခုလုံးကို ကျနော်တို့က ထိန်းချုပ်ထားတယ်ဆိုတော့ သူတို့ ဂုဏ်သိက္ခာကို ဆယ်ယူဖို့ပေါ့နော်။ ပြီးတော့ မယ်စဲ့ စစ်ဗျူဟာကုန်းကို သူတို့ သိမ်းချင်တယ်လေ။ သိမ်းလည်း မယ်စဲ့က ၇ မိုင်လောက် ေ၀းတာကိုး။ မယ်စဲ့ဆိုတာ ကျနော်တို့ အာဏာမသိမ်းခင်တုန်းကတော့ မြို့နယ်ပဲလေ။ အခု သူတို့အာဏာသိမ်းပြီးမှပဲ ကျနော်တို့ ကယားပြည်နယ်ကို ခရိုင်(၄)ခုဆိုပြီးတော့မှ ဖွဲ့လိုက်တာ။ မယ်စဲ့က ခရိုင်တခုဖြစ်နေတယ်။ အဲ့ဒီတော့ သူတို့ စစ်ကောင်စီ ဖက်ကတော့ ဒါ ခရိုင်ယန္တရား အကုန်ရှိတယ်လေ။ အဲဒီတော့ သူတို့ ခရိုင်ယန္တရားတခုလုံးကို ကျနော်တို့ ဖျက်ဆီး သိမ်းပိုက်လိုက်တော့ အဲဒါကို သူတို့ မရ ရအောင်ပြန်ယူမယ့်သဘောမျိုးနဲ့ပဲ တင်းခံနေတာပေါ့လေ။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ အင်အားတွေရော ဘယ်လို ထူးခြားလာတာ တွေ့ရလဲ။

ရဲဘော် လော်ရင်းစိုး ။ ။ သူ စစ်ကြောင်းထိုးတာ ကျနော်တို့ ပြန်သိမ်းလိုက်ကတည်းကပဲ။ ဒါပေမယ့် အင်အားကတော့ အဲလောက် မများဘူးရော်။ စခန်း ၆ ခုလုံးမှ (၁၂၀)လောက်ပဲ ရှိလိမ့်မယ်။ အင်အား များလာတာ ဒီတပတ်လောက်ပဲ ရှိသေးတယ်။ ခုက (ခွပ်မဲ့ရာ)ရွာသစ်မှာတော့ (၄၀၀)လောက်ရှိမယ်။ ဘော်လခဲမှာလည်း (၃၀၀)လောက်ရှိမယ်။ ဖားဆောင်းကတော့ ခန့်မှန်းအင်အား (၇၀၀ နဲ့ ၅၀၀)ကြားမှာ ရှိမယ်။ ခုက လေးဖက်လေးတန် ဝိုင်းထားတဲ့သဘောပဲ။ ဘော်လခဲမှာလည်း ဒီနေ့ အင်အား ထပ်တိုးတယ်။ ရွာသစ်ထဲမှာ ထပ်ထိုးဖို့ ပြင်နေတယ်။ အဲဒီတော့ ရွာသစ်ဘက်မှာ ထိုးမယ်၊ ဖားဆောင်းဘက်မှာ ထိုးမယ်။ ဖားဆောင်းဘက်မှာ စစ်ကြောင်း ၄ ကြောင်းလောက်ထိုးမယ်။ ရွာသစ်ဘက်မှာလည်း ၂ ကြောင်းလောက် ထိုးမယ်ဆိုရင် မယ်စဲ့ကို ရောက်နိုင်တယ်လို့ သူတို့ဘက်က အဲဒီလို တွက်ပြီး စစ်ပြင်နေတဲ့ သဘောပဲလေ။ အဲဒါကြောင့်မို့လို့ ဒီကနေ့ တိုက်ပွဲက ပြင်းထန်နေတာပေါ့။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ ဒီ မယ်စဲ့ကို သိမ်းပိုက်နိုင်ဖို့ အလားအလာ ဘယ်လို တွက်ထားလဲ။

ရဲဘော် လော်ရင်းစိုး ။ ။ ခုလက်ရှိ ဒီကနေ့ထိ စစ်မြေပြင် အခြေအနေအရ ပေါ့နော် သူသိမ်းနိုင်ဖို့ မရှိသေးဘူး။ ဒါပေမဲ့ ဒီအတိုင်း မဟုတ်ပဲနဲ့ ဒီထက်ပိုပြီးတော့ တခြားအင်အားနဲ့ လေကြောင်းတို့ အမြှောက်တို့နဲ့ ထပ်ထိုးလာရင်တော့ ကျနော်တို့ မပြောတတ်ဘူးဗျ။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ဒီတိုက်ပွဲမှာ လေကြောင်းကပါဆိုတော့ ထိခိုက်ဒဏ်ရာရမှု အနေထားရော ဘယ်လိုရှိသလဲ။

ရဲဘော် လော်ရင်းစိုး ။ ။ အော် လေကြောင်းကတော့ ဖာဆောင်းတခုထဲပဲဗျ။ ဖာဆောင်းအရှေ့ဘက် သံလွင်အရှေ့ဘက်ပေါ့။ ကျောက်စုရွာထဲမှာ။ ကျောက်စုရွာထဲမှာ စာသင်ကျောင်းတွေလည်း ပျက်ကုန်ပြီ။အိမ်ခြေ ၂ လုံး ၃ လုံးကတော့ ထိသွားတယ်။ လူတော့ မထိဘူးဗျ။ ရွာသားတော့ မရှိဘူး။ ၂ ရွာတော့ သူမီးရှို့ ပစ်လိုက်ပြီဗျ။ ကျောက်ပန်းညိုနဲ့ ဝါအောင်း။ ရှမ်းပေါ့။ ရှမ်းရွာ ၂ ရွာ။

ဦးဝင်းမင်း ။ ။ တပ်တွေဘက်က ထိခိုက်မှုရော။

ရဲဘော် လော်ရင်းစိုး ။ ။ လေယာဉ် ၃ ရက်ကြဲတာ၊ တယောက်မှ မထိဘူး။ ဒီကနေ့ အထိ ကျနော်တို့ ရဲဘော် ထိခိုက်ကျဆုံး ဒဏ်ရာရတာ တယောက်မှ မရှိသေးဘူး။ ကျနော်တို့နဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲ မရှိသေးဘူး။ ဘာလို့လဲ ဆိုတော့ ကျနော်တို့ ၁၂၀ မမနဲ့ ဒရုန်းနဲ့ ပဲ အဝေးကနေ ပစ်နေတာသူတို့ကို။ သူတို့ လောလောဆယ် တိုးမရဘူး။ ဒီလိုပဲ လုပ်ထားတယ်ဗျ။ သူတို့ ကျနော်တို့ကို ထိုးရင်တိုက်မယ် ဆိုတာ လောက်ပဲ။ ကျနော်တို့ ကာထားတယ်။

ဦးဝင်းမင်း ။ ။ ဟုတ်ကဲ့ ။ ကျေးဇူးအများကြီးတင်ပါတယ် ရဲဘော် လော်ရင်းစိုး ခင်ဗျ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG