သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ်


ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)
ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)

မန္တလေးကနေ စစ်ကိုင်းဘက် ဧရာဝတီ မြစ်ကြောင်းတလျှောက် ဒီရက်ပိုင်း ဆန်တက်လာတဲ့ စစ်ကောင်စီ သင်္ဘောတွေက ဧရာဝတီ မြစ်ကမ်းဘေးက ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်း ပစ်ခတ်လို့ ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။ တပ်အင်အား အများအပြားနဲ့ စစ်ကောင်စီရဲ့ သင်္ဘော ၉ စီး တက်လာတာကြောင့် ဒေသခံတွေ စိုးရိမ် ထိတ်လန့် နေကြသလို၊ လိုအပ်ရင် ရှောင်တိမ်းပြီး သတိနဲ့ နေကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း သတိပေး ထုတ်ပြန်ထားကြပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အလိမ္မာက တင်ပြပေးပါမယ်။

မန္တလေး ဂေါဝန်ဆိပ်ကမ်းကနေ ဇူလိုင် ၂၆ ရက် မနက် ၆ နာရီဝန်းကျင်လောက်က စတင်ထွက်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော ၉ စီးဟာ ဒီကနေ့မှာတော့ သပိတ်ကျင်းမြို့နယ် မအူရွာအနီးကို ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြစ်ကမ်းတလျှောက်မှာ ရှိနေတဲ့ ကျေးရွာ တချို့ကို ဒီသင်္ဘောတွေပေါ်ကနေ စက်သေနတ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံနှစ်ဦး ထိခိုက်ခဲ့တယ်လို့ Welet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက ဗွီအိုအေကို ပြောပါတယ်။

“မန္တလေး ဂေါဝန်ဆိပ်ကမ်း ကနေမှ ဒီထောက်ကူ သင်္ဘော ၆ စီးနဲ့ စစ်သင်္ဘော ၃ စီး၊ မနက် ၆ နာရီလောက်မှာ မန္တလေး ဆိပ်ကမ်း ကနေ ခွာပြီး အထက်ကို ဆန်တက်လာတယ်။ အဲ့မှာမှ လမ်းတလျှောက်မှာ ပစ်တာမရှိသေးဘူး။ ဒါပေမဲ့ ဒီနေ့ ၁ နာရီခွဲ ဝန်းကျင်လောက်မှာ မတ္တရာမြို့နယ် နောက်ခြမ်း မြစ်ကမ်းဘေးက ပိုဝတောင် ရွာဘက်ကိုရောက်တော့ သင်္ဘောပေါ်ကနေမှ ပိုဝတောင်ရွာကို စက်သေနတ်နဲ့ ရမ်းသမ်းပစ်တယ်။ ပစ်ရင်းကနေမှ စိန်ပန်းကုန်း ရွာဘက်ကို ရောက်တော့မှ လက်နက်ငယ်နဲ့ စက်သေနတ်နဲ့ ပစ်တာမှာ မမာလာဆိုတဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦးနဲ့ တရုတ်ကြီးဆိုတဲ့ အသက် ၄ နှစ်အရွယ်ကလေးတဦး စက်သေနတ် ထိမှန်သွားတယ်ပေါ့နော်၊။ သူတို့ကိုတော့ သက်ဆိုင်ရာ ဆေးခန်းကို ပို့ထားခဲ့တယ်။”

ဝက်လက်နယ်ထဲက မြစ်ကမ်းဘေး ကျေးရွာတွေဖြစ်တဲ့ အင်ဒေါင်းနဲ့ ရွာသာကျေးရွာ အပါအဝင် လမ်းတလျှောက်က ကျေးရွာတချို့ကိုလည်း စစ်ကောင်စီရဲ့ စစ်သင်္ဘောတွေက လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)
ဧရာဝတီမြစ်ကို ဆန်တက်တဲ့ စစ်ကောင်စီသင်္ဘောတွေ အနီးနားရွာတချို့ကို ပစ်ခတ် (ဇူလိုင် ၂၆၊ ၂၀၂၃)

ထောက်ပို့သင်္ဘောအကြီး ၆ စီးနဲ့ စစ်သင်္ဘော ၃ စီးပါတဲ့ ဒီစစ်ကြောင်းမှာ အင်အား အများအပြား ပါလာနိုင်ပြီး စစ်ရေးအခြေအနေ တင်းမာမှုတွေ ဖြစ်လာနိုင်တာကြောင့် ဧရာဝတီမြစ်ကမ်းတလျှောက်က ကျေးရွာတွေ အားလုံးကို လိုအပ်ရင် ရှောင်တိမ်းပြီး မထိခိုက်အောင် နေထိုင်ကြဖို့ သက်ဆိုင်ရာမြို့နယ်အလိုက် ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးချက်တွေ ထုတ်ပြန်ထားကြပါတယ်။

“ထောက်ပို့ သင်္ဘောအကြီး ၆ စီးထဲမှာတော့ အင်အား စုစုပေါင်း ၁၅၀ ဝန်းကျင်လောက်ပါတယ်။ တစီးကို ၂၅ ယောက်နှုန်းပေါ့။ စစ်သင်္ဘော ပေါ်ကတော့ ကျနော်တို့ မသိရဘူးဗျ။ စစ်သင်္ဘောပေါ်မှာ ဆိုရင် မပါဘူးဆိုရင်တောင် ၇၀၊ ၈၀ လောက်တော့ ရှိမှာပဲဗျ။ (ပြည်သူတွေကို) သတိထားနေဖို့အတွက် ထုတ်ပြန်ခြင်းဖြစ်တယ်။ တချို့ကျတော့လည်း ကြားထဲမှာ ပေကပ်နေပြီးတော့မှ ကတုတ်ကျင်းသော်လည်းကောင်း၊ လက်နက်ကြီးကျရင် သူတို့ပေါ် မကျနိုင်အောင် အုတ်နံရံထူထူ၊ အဲ့လိုနေရာတွေမှာ နေကြဖို့ပေါ့။ မြစ်ကမ်းဘေးရွာတွေ အကုန်လုံးနီးပါး သတိထားနေရတယ်။ စစ်ရှောင်ကြ ရတာထက်စာရင် သတိထားပြီး ကမ်းရိုးတလျှောက်လုံး သတိထားနေရပြီး တိမ်းနေရတယ်ဆိုရင် ပိုမှန်တယ်။ စစ်ကြောင်းလာလို့ ပြေးရတာမျိုးမဟုတ်ဘဲ ခဏတိမ်းရတာပေါ့။”

ဒီကနေ့ ညနေမှာတော့ စစ်သင်္ဘောတွေဟာ သပိတ်ကျင်းမြို့နယ် မအူရွာအနီးမှာ ရှိနေကြတယ်လို့လည်း ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ကိုမိုးတိမ်ကတော့ မြို့နယ်အတွင်း မြစ်ကမ်းနဲ့နီးတဲ့ ကျေးရွာတွေ အားလုံးကို ပစ်ခတ်နိုင်ခြေ ရှိတာကြောင့် ဒေသခံတွေကို ရှောင်တိမ်းနေကြဖို့ သတိပေးထားတဲ့အကြောင်း ပြောပါတယ်။

“ကျနော်တို့ မြစ်ကမ်းဘေးနား တလျှောက်က ပြည်သူတွေကိုကတော့ အားလုံးကိုပေါ့နော်။ ပစ်မယ့် အကွာအဝေးရှိတဲ့ နေရာက ပြည်သူတွေကို တော့ ထွက်ခိုင်းထားတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ အခု သူတို့ဘက်က လာတာက စက်လှေနဲ့ တကြောလုံး ပစ်ခဲ့တယ်ဗျ။ သူတို့ ဒီအဘက်ဘက်ကို တက်ဖို့ပေါ့နော်။ စစ်ကြောင်းထိုးဖို့ စီစဥ်နေကြတယ် ထင်တယ်ဗျ။”

ခုလို စစ်ကောင်စီတပ်တွေက အင်အားအများအပြားနဲ့ ဆန်တက်လာတာကြောင့် စစ်ကိုင်းတိုင်းအတွင်းမှာ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ပိုဖြစ်လာမှာ၊ ကျေးရွာတွေကို ဝင်ရောက်ရှင်းလင်းတာတွေ ပိုကြုံလာရမှာကို ဒေသခံတွေကြား စိုးရိမ်နေကြပါတယ်။ တချို့ ကျေးရွာတွေမှာ ဒေသခံတွေ ကြိုတင် စစ်ရှောင်နေကြတာ ရှိသလို၊ တချို့တွေကလည်း အခြေအနေကို စောင့်ကြည့်ပြီး အသင့်ပြင်ထားတဲ့အကြောင်း ပြောပြကြပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်မှုတွေ၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက် တာတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ စစ်တပ်ဘက်ကတော့ ပြောဆိုလေ့ရှိပါတယ်။

စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ အခုဆိုရင် ၁ ဒဿမ ၉ သန်းနီးပါးအထိ ရှိလာတဲ့အကြောင်း ဒီလထဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG