သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ရေးတင်းမာနေလို့ ခမ်းပတ်မြို့ခံတွေ နေရပ်မပြန်နိုင်သေး


တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)
တိုက်ပွဲကြောင့်စစ်ရှောင်နေရလို့ လူသူမရှိတဲ့ ခမ်းပတ်မြို့ (တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေး ဆက်တင်းမာနေပြီး စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်တဲ့ အခြေအနေမှာ အကူအညီတွေကလည်း လိုအပ်နေပါတယ်။ စစ်တပ်ဘက်က လက်နက်ကြီး ပစ်ခတ်တာတွေရှိပြီး နေအိမ်တွေအပေါ် ထိမှန်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ခမ်းပတ်မြို့ရဲ့ နောက်ဆုံး အခြေအနေတွေကို ကိုခင်မောင်စိုးမင်း က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ တိုက်ပွဲတွေ ဖြစ်ပြီး စစ်ရေးတင်းမာနေတာ ၅ ရက် ကြာမြင့်နေပြီ ဖြစ်ပါတယ်။ တိုက်ပွဲတွေ စဖြစ်တဲ့နေ့ကစလို့ ခမ်းပတ်မြို့လုံးကျွတ်နီးပါး စစ်ဘေး တိမ်းရှောင်နေကြရတာပါ။

သီတင်း တပတ်နီးပါး စစ်ရေးတင်းမာနေတာ ဖြစ်တဲ့အတွက် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ ဒေသခံတွေဟာ မြို့ကို မပြန်နိုင်တဲ့ အခြေအနေ ဖြစ်နေတာပါ။ တိုက်ပွဲစဖြစ်တဲ့ နေ့ကတည်းက တိမ်းရှောင်လာရတဲ့ ခမ်းပတ် အမှတ် (၁) ရပ်ကွက်က ဒေသခံတဦးက နေရပ်မပြန်နိုင်တဲ့ အခြေအနေကို အခုလို ပြောပြပါတယ်။

“ပြန်လို့တော့ မရဘူးခင်ဗျ။ စစ်တပ်တွေက အမှတ် (၁) နားမှာ အမှတ် (၁) တပ်စခန်း ၊ ဘုန်းကြီးကျောင်း ဘုရားကျောင်း အဲ့ဒီတွေမှာ တပ်စွဲထားတယ်။”

တိုက်ပွဲကြောင့် အမြန် တိမ်းရှောင်လာရတဲ့အတွက် အချို့စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေး အဆင်မပြေတာတွေလည်း ရှိတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူ တဦးကလည်း အခုလို ပြောပြပါတယ်။

“အချို့စစ်ဘေးရှောင်တွေ ပြည်သူထဲကတော့ အသိတွေရှိတဲ့ နေရာတွေဆို နည်းနည်းအဆင် ပြေတာပေါ့နော်။ အသိတွေမရှိတဲ့ ဆွေမျိုးတွေ မရှိတဲ့ တချို့တွေကြတော့ နည်းနည်းဒုက္ခရောက်တယ်။ ပြီးရင်သူတို့က စာဖို့သောက်ဖို့ကလည်း လုံး၀ အဆင်မပြေဘူးပေါ့နော်။ ဘာလို့ဆိုတော့ ကိုယ်အဝတ်တန်းလန်းနဲ့ပဲ ဘာမှ ပစ္စည်းလည်း မသယ်အားဘူးလေနော်။ အဲ့လိုလေးတွေအဝတ်အစားကအစ ဒုက္ခရောက်တဲ့သူ တော်တော်ရှိတယ်။”

ခမ်းပတ်မြို့နဲ့အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်ထဲမှာလည်း လူမျိုးရေး အထိကရုန်းတွေ ရှိနေတဲ့အတွက် အများစုဟာ ကလေးမြို့ ဘက်ကို တိမ်းရှောင်နေရပါတယ်။ ကလေးမြို့မှာ စစ်ဘေးရှောင်စခန်း ၅ ခု ဖွင့်လှစ်ထားပြီး ခရစ်ယာန် အသင်းတော်တွေအပြင် ဒေသခံတွေကလည်း စစ်ဘေးရှောင်တွေကို ကူညီပေးနေတာတွေ ရှိနေပါတယ်။

ကလေးမြို့ကို ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ကူညီပေးနေသူက အခုလို ပြောပါတယ်။

“ခန့်မှန်းခြေက အနည်းဆုံး ၃ ထောင်လို့ မှန်းထားတယ်ခင်ဗျ။ ခမ်းပတ်နဲ့ ပတ်ဝန်းကျင်မှာတင် စစ်ဘေးရှောင် စုစုပေါင်း ၁ ထောင်ကျော် ရှိတယ်ခင်ဗျ။ မြို့ထဲဝင်တာ ပိုများတာပေါ့။ ခရစ်ယာန် အဆောက်အဦးတွေမှာ နေထိုင်ပြီးကာမှ စုပေါင်းပြီးကာမှ ချက်ပြုတ်ကျွေးမွေးရတယ်။ ကျနော်တို့အနေနဲ့ကတော့ အတတ်နိုင်ဆုံး အကူညီလေးတွေ သွားရောက်ပြီးတော့ ကူညီပေးထားတယ်ခင်ဗျ။”

ခမ်းပတ်မြို့ထဲမှာတော့ စစ်တပ်နဲ့ကာကွယ်ရေး တပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပြီး စစ်တပ်ဘက်က လက်နက်ကြီးတွေ ပစ်ခတ်တာတွေရှိပါတယ်။ ဇူလိုင် ၂၆ ရက် ညပိုင်းမှာ အနီးကပ် တိုက်ပွဲဖြစ်တာမရှိပေမဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေဘက်က ပြောပါတယ်။

စစ်တပ်ဘက်က လက်နက်ကြီးတွေ နေအိမ်တွေပေါ် ကျရောက်တာ ရှိတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ တပ်ရင်းမှူးတဦးက ပြောပါတယ်။

ခမ်းပတ်မြို့ လက်နက်ကြီးကျခဲ့တဲ့ နေအိမ်တလုံး(တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)
ခမ်းပတ်မြို့ လက်နက်ကြီးကျခဲ့တဲ့ နေအိမ်တလုံး(တမူးခရိုင်၊ စစ်ကိုင်းတိုင်း) (ဇူလိုင် ၂၆၊ ၂၀၂၃)

“ညကတော့ အနီးကပ်ပစ်ခတ်မှုတွေတော့ မရှိဘူး။ ဟိုဘက်ဒီဘက် အသံကြား (ပစ်ခတ်) တာလောက်ပဲရှိတယ်။ တပ်စွဲထားတဲ့ နေရာကနေပေါ့။ သူတို့တပ်စွဲထားတဲ့ နေရာကနေပေါ့။ တိုက်ပွဲမဖြစ်ဘဲ ပစ်တာပေါ့။ လက်နက်ကြီးပစ်လို့ ထိတာ နေအိမ် ၁ လုံးထိတယ်။”

ဇူလိုင် ၂၂ ရက်က ခမ်းပတ်မြို့ အမှတ် (၁) ရပ်ကွက်နဲ့ ကနန်ကျေးရွာကြားမှာ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ဖမ်းဆီး သွားပြီးတဲ့နောက် ကာကွယ်ရေးအဖွဲ့တွေက စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ဝင်ရောက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင် ၄ ဦးအထိ ရှိနေပြီး ရိုက်နှက် နှိပ်စက်တာတွေရှိတယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

အဲ့ဒီနောက် ဇူလိုင် ၂၃ ရက်မှာ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး အမှတ် (၁) ရပ်ကွက်က နေအိမ် တအိမ်ပေါ် ကျရောက်တာကြောင့် အမျိုးသား ၁ ဦး လက်နက်ကြီးအစထိမှန်ပြီး သေဆုံးခဲ့ပါတယ်။ ဇူလိုင် ၂၅ ရက်မှာ စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်ရတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၁၃ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပြီး စစ်ကောင်စီဘက်ကတော့ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်တာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG