သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်နယ် စစ်ဒုက္ခသည်တွေ အရေးပေါ် ကျန်းမာရေးစောင့်ရှာက်မှု လိုအပ်


ဝက်လက်မြို့နယ်ထဲမှာ မီးဘေးသင့်ကျေးရွာတခု
ဝက်လက်မြို့နယ်ထဲမှာ မီးဘေးသင့်ကျေးရွာတခု
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြား ထွက်ပြေး တိမ်းရှောင်နေရသူ တွေထဲမှာ သက်ကြီးရွယ်အိုနဲ့ နာတာရှည် ရောဂါသည်တွေ အများအပြား ရှိနေပြီး၊ ပဋိပက္ခ အချိန်ကြာ လာတာနဲ့အမျှ နေရပ်မပြန်နိုင်ပဲ ကျန်းမာရေးစောင့်ရှောက်မှုအရေးတကြီးလိုအပ်ချက်တွေရှိနေပါတယ်။ ဝက်လက်နယ်အတွင်း စစ်ပြေးဒုက္ခသည်တွေအခြေအနေ သတင်းပေးပို့ချက်ကို နန်းလောဝ်ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အတွင်းက သုံးဆင့်ကန်ကျေးရွာအပါအဝင် ကျေးရွာတချို့ကို ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေ ဝင်ရောက် မီးရှို့ခဲ့ပြီးတဲ့နောက် ဒေသခံတွေ စစ်ဘေးရှောင်နေကြရသလို ဆေးဝါး၊ စားနပ်ရိက္ခာနဲ့ နေစရာ အခက်အခဲတွေ ကြုံနေကြရတာပါ။ ဒီအထဲမှာ သက်ကြီးရွယ်အိုနဲ့ နာတာရှည်ရောဂါသည်တွေလည်းပါဝင်ပြီး အသက်လု ထွက်ပြေးခဲ့ရချိန်မှာ လိုအပ်တဲ့ ဆေးဝါးတွေလည်း ယူမလာနိုင်ခဲ့ကြပါဘူး။ စစ်ကောင်စီက ရွာလုံးကျွတ် မီးရှို့သွားတဲ့ အတွက် ရွာထဲကိုလည်း ပြန်မဝင်နိုင်ကြ သလို လမ်းပန်းဆက်သွယ်ရေး အခက်အခဲတွေကြောင့် လတ်တလော ဆေးဝါးကုသမှု မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ ဒေသခံ ကိုမျိုးထွန်းက ပြောပြပါတယ်။

"သက်ကြီးရွယ်အိုတွေက အစကတော့ သူတို့ ဆေးဝါး အထောက်ပံ့လေးနဲ့ သူ့ဟာသူ လည်ပတ်နေတာပေါ့။ ခုကျတော့ ဆေးဝါးပစ္စည်းကအစ မယူနိုင်တဲ့ခါကျတော့ မီးထဲပါသွားတဲ့ခါကျတော့ သူတို့မှာ လမ်းပန်း ဆက်သွယ်ရေးကလည်း အခက်အခဲရှိတော့ အဆင်မပြေတာဗျ။ နောက်တချို့ဆိုရင် ဆေးနဲ့ အသက်ဆက် နေရတဲ့ ဒီကျောက်ကပ်သမားတို့ ဆေးနဲ့ အမြဲမှီဝဲနေရတဲ့ သက်ကြီးရွယ်အိုတွေ ဒီတချို့ကကျတော့ ကင်ဆာတို့ ဘာတို့ ဆေးနဲ့ အသက်ရှင်တဲ့သူတွေပေါ့။ အဲ့ဒါမျိုးတွေတော့ တော်တော်လေးတော့ ရှိတယ် ခင်ဗျ။ (ဆေးဝါးတွေက) ဒီလမ်းကြော အခက်အခဲတွေနဲ့ ကျတော့ လုံးဝကို မရတာဗျ။ ဒီစိတ်ပိုင်းဆိုင်ရာ တွေနဲ့ ဒီရောဂါအခြေအနေတွေနဲ့က နည်းနည်း ရောပြွန်းသွားတော့ နည်းနည်းတော့ အခြေအနေကတော့ ဆိုးတယ်ဗျ။ ဘေးကနေ ဝိုင်းဝန်းပြီးတော့ အားပေးစကားလေးဘာလေးနဲ့ ဝိုင်းဝန်းပြီး အားမငယ်ရအောင် အဲ့လိုနေရရုံပဲ ရှိတယ်ဗျ။ ဆေးအဖွဲ့ဘာညာက လာမယ်လို့တော့ ပြောတယ်။ ဒီနေ့ထိတော့ ရောက်မလာ သေးဘူးဗျ။"

သုံးဆင့်ကန်ကျေးရွာက စစ်ရှောင်ဒေသခံတွေထဲမှာ ဒီလို နာတာရှည်ရောဂါ ခံစားနေရသူတွေက သူသိသလောက် အနီးဝန်းကျင်မှာကိုပဲ အနည်းဆုံး ၇ ယောက် ၈ ယောက်လောက် ရှိတယ်လို့လည်း ကိုမျိုးထွန်းက ပြောပါတယ်။

ဒီလို နာတာရှည်နာမကျန်းဖြစ်နေသူတွေအပြင် ဝက်လက်မြို့နယ်အတွင်း စစ်ရှောင်နေကြရတဲ့ နေရာအ တော်များများမှာ ရာသီတုပ်ကွေး ဖျားနာသူတွေကလည်း အများအပြားရှိနေတယ်လို့ ဝက်လက်မြို့နယ် သပိတ်ကော်မတီဝင် ကိုငြိမ်းချမ်းနိုင်က ပြောပါတယ်။


"တုတ်ကွေးတွေက များတယ်ဗျ။ ဘာလို့ဆို မိုးရာသီဖြစ်တာက တကြောင်း၊ မိုးရေထဲမှာ ပြေးရလွှားရ တာက တကြောင်းဆိုတော့ တုပ်ကွေး ဖြစ်ကြတာတွေ ရှိတယ်။ အဲ့မှာ ကျေးရွာတရွာကို တခါတခါ ကျွန်တော်တို့ တွေ့လိုက်ရင်တော့ ၁၀၀ ကျော်လောက် ရှိတယ်။ ကျွန်တော်တို့ ဘက်က စစ်ရှောင်တွေက ရွာပေါင်းစုံတွေက တနေရာတည်းမှာ စုနေတာမျိုး ရှိတတ်တော့ ၁,၀၀၀ ကျော်လောက် ရှိတဲ့ နေရာရှိ တယ်ဗျ။ ဆေးဝါးနဲ့ ပတ်သက်ရင် (အရေးပေါ်က) အားဆေးတို့ တုပ်ကွေး ဖျားနာပျောက်ဆေးတို့ အဲ့ဒါမျိုးတွေ လိုနေတာပေါ့။ ကျွန်တော်တို့ ဆီမှာ အကူအညီတောင်းထားကြတဲ့ စစ်ရှောင်အရေအတွက် တွေကတော့ ရှိတယ်ဗျ။ နည်းနည်း ဆေးဝါးအခက်အခဲ ဖြစ်နေတာကြောင့်မို့လို့ ကျွန်တော်တို့ ခုတော့ မသွားနိုင်ကြသေးဘူး။ ဝက်လက် တမြို့နယ်လုံးစာကော၊ တခြားစစ်ဘေးရှောင်တွေ အတွက်ရော ဆိုတော့ ဆေးဝါး လိုအပ်တာကတော့ ရှိတယ်ဗျ။ ဒါပေမဲ့ တမြို့နယ်လုံးစာ ဆိုတော့ တခြားနေရာတွေအတွက်တော့ မလောက်သေးဘူးဗျ။"

သုံးဆင့်ကန်ကျေးရွာက စစ်ဘေးရှောင်တွေအတွက် ရာသီတုပ်ကွေး အပါအဝင် လိုအပ်နေတဲ့ ဆေးဝါးတွေ ကိုစစ်ရှောင် ၁၀၀ ကျော်စာ ဝန်းကျင်လောက်အတွက် ကူညီလိုက်နိုင်ပြီဖြစ်ပေမဲ့ ဝက်လက်နယ်ထဲက တခြားစစ်ဘေးရှောင်တွေအတွက် ဆေးဝါးတွေကတော့ လိုအပ်နေဆဲ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

သုံးဆင့်ကန်ကျေးရွာဒေသခံ ကိုမျိုးထွန်းကလည်း လက်ရှိမှာ တုပ်ကွေးအတွက် ကူညီပေးတဲ့ ဆေးဝါးတွေ ရှိပေမဲ့ နာတာရှည်လူနာတွေ အတွက် ဆေးဝါးတွေကတော့ လိုအပ်နေသေးတယ်လို့ ပြောပါတယ်။ ဆေးဝါးအပြင် စစ်ဘေးရှောင်တွေ နေထိုင် စားသောက်ရေးအတွက် အမိုးအကာနဲ့ စားနပ်ရိက္ခာ အထောက်အပံ့တွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။

"လက်ရှိ ဆေးဝါးကတော့ ရှိတာလေးနဲ့ပေါ့။ ဘေးကတော့ အကူအညီလေးတွေတော့ ရတယ်ဗျ။ ဒါပေမဲ့ လုံလောက်မှု အင်အားကတော့ မရှိတာခင်ဗျ။ (ရိက္ခာနဲ့ ဆေးက) ယူလည်း မလာနိုင်ကြဘူး။ လာလှုတဲ့ဟာတွေကလည်း နည်းနည်းမလုံလောက်ဘူး ဖြစ်နေလို့ပါဗျ။ ဒီလို တဦးနဲ့ တဦး မျှရတာပဲဗျ။ ရှိတဲ့သူတွေ တဦးနဲ့ တဦး မျှစားကြရတာပဲဗျ။ ဒီလိုကတော့ မရှိကြဘူး။ စပါးပုပ်တွေ ဘာတွေ အကုန်လုံးက ပါသွားကြတာဗျ။ တချို့တဝက် ယူလာနိုင်ကြတယ်၊။ ယူလာနိုင်တဲ့သူတွေနဲ့ပဲ မျှစားနေကြရ တယ်ဗျ။ ရေရှည်အတွက်ဆိုရင်တော့ အခက်အခဲက တအားဖြစ်တယ်ဗျ။ လာပေးလှူကြတာကလည်း တအိမ်ထောင်စုကို ၂ ပြည်လောက်ပဲ လာပေးနိုင်ကြတာကိုးဗျ။"

စစ်ရှောင်ကူညီရေး အဖွဲ့တွေကရိက္ခာ လာရောက် လှူဒါန်းတာတွေ ရှိပေမဲ့ လောက်ငှတဲ့ အခြေအနေတော့ မဟုတ်ဘူးလို သုံးဆင့်ကန်ကျေးရွာ ဒေသခံတွေက ပြောပါတယ်။ ဇူလိုင် ၁၂ ရက်နေ့က စစ်ကောင်စီရဲ့ စစ်ကြောင်း နယ်မြေရှင်းလင်း မီးရှို့တာတွေကြောင့် ကျေးရွာ ၇ ရွာလောက် စစ်ရှောင်ခဲ့ကြရပြီးစစ်ကြောင်း ပြန်ထွက်ချိန်မှာ ရွာထဲ ပြန်ဝင်လို့ရတဲ့ ကျေးရွာတွေ ရှိပေမဲ့ သုံးဆင့်ကန် ရွာကတော့ တရွာလုံးနီးပါး မီးရှို့ခံလိုက် ရတာကြောင့် ရွာထဲ ပြန်ဝင်မနေနိုင်ကြသေးတာ ဖြစ်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းမှာ ဒီလို ရွာထဲ ပြန်မဝင်နိုင်သေးလို့ တောထဲမှာစစ်ရှောင်နေကြရတဲ့ လူဦးရေက အနည်းဆုံး ၂,၀၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ စစ်ရှောင်ကူညီရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ရေး ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ အခုဆိုရင် ၁ ဒဿမ ၉ သန်းနီးပါးအထိ ရှိလာတဲ့အကြောင်း ဒီလထဲ ထုတ်ပြန်တဲ့ ကုလသမဂ္ဂရဲ့ နောက်ဆုံးအစီရင်ခံစာမှာဖော်ပြထားပါတယ်။ ဒီအထဲမှာ လူဦးရေ ၁ ဒဿမ ၆ သန်း နီးပါးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပဋိပက္ခတွေနဲ့ လုံခြုံမှုကင်းမဲ့လာတဲ့ အခြေအနေအောက်မှာ နေရပ်စွန့်ခွာ ထွက်ပေးလာကြသူတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂ UNOCHA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီက စစ်ကိုင်းတိုင်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု၊ ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေသလို ကျေးရွာတွေ မီးရှို့ခံရပြီး စစ်ဘေးရှောင်နေကြရတဲ့ ဒေသခံအရေအတွက်ကလည်း တဖြည်းဖြည်းပိုပြီးတိုးလာနေပါတယ်။ မြန်မာစစ်တပ်ကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG