သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်လက်မြို့အနီး စစ်တပ်က အရပ်သား ၇ ဦးကို သတ်ဖြတ်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တောင်ဘက် ကျေးရွာတချို့ မီးရှို့ခံရ (မေ ၊ ၂၀၂၃)

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သမ္မာရိုးကျေးရွာကို မနက် ၅ နာရီ ဝန်းကျင်လောက်က စစ်ကောင်စီတပ်တွေက စစ်ကြောင်း ဝင်လာပြီး ဒေသခံ ၇ ဦးကို သတ်ဖြတ်ခဲ့သလို ရွာထဲက ဒေသခံ အတော်များများ ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကန့်ဘလူမြို့နယ်မှာလည်း အင်းမရွာနဲ့ မိဿလင်ကုန်းကျေးရွာတွေကို စစ်ကောင်စီတပ်တွေ မနေ့က ဝင်ရောက်ပြီး ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ စစ်ရေးတင်းမာနေတဲ့ စစ်ကိုင်းတိုင်းဘက်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို မမြသဇင်အောင်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်၊ ရသာကြီး (ရွာသာကြီး) ကျေးရွာမှာ စခန်းချနေခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒီကနေ့ မနက်ပိုင်း ၅ နာရီလောက်မှာ သမ္မာရိုးကျေးရွာကို လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်ပြီး ကျေးရွာအတွင်းမှာ ဈေးရောင်းနေကြတဲ့ ဒေသခံ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး ဒေသခံတချို့ကိုလည်း ဖမ်းဆီးသွားတယ်လို့ Welet Informational Network ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနဂါးလေးက ဗွီအိုအေကို ခုလိုပြောပါတယ်။

“သမ္မာရိုးရွာထဲကို လက်နက်ငယ်တွေနဲ့ ပစ်ဝင်တယ်။ ဝင်တဲ့ခါမှာမှ သမ္မာရိုးရွာထဲကို ရောက်တဲ့အခါမှာ သမ္မာရိုးရွာထဲက ပြည်သူတွေက မနက်ဆိုရင် သူတို့က ဆိုင်ကယ်တွေနဲ့ ဈေးလှည့်ရောင်းတယ်ပေါ့။ ရောင်းတဲ့ခါကျတော့ သူတို့ရောက်တဲ့အချိန်နဲ့ ဈေးလှည့်ရောင်းတဲ့ အချိန်နဲ့ ကွက်တိ တိုးတဲ့အခါကျတော့ အမျိုးသမီး ၄ ဦး အမျိုးသား ၃ ဦး သမ္မာရိုးရွာထဲမှာ ပစ်သတ်ခံရတယ်။ ပစ်သတ်ခံရပြီးတော့မှ သမ္မာရိုးရွာထဲမှာ ဓားစာခံ ပြည်သူ တော်တော်များများ မိတယ်တဲ့။ ပြည်သူတွေ တော်တော်များများ ကိုလည်း ဖမ်းသွားပြီးတော့ သူတို့ အရာတော်မြို့နယ်ဘက်ကို ကူးသွားတယ်ဗျ။”

အသက် ၄၀ ကနေ ၆၀ ဝန်းကျင် အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၄ ဦးကို ပစ်သတ်ခဲ့ရတာဖြစ်ပြီး သေဆုံးသူတွေဟာ သမ္မာရိုးရွာ၊ ကတော့ကိုင်းရွာနဲ့ ရွှေပန်းကုန်း ကျေးရွာတို့က ဖြစ်ကြတယ်လို့ ကိုနဂါးလေးက ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ ဒေသခံ အရေအတွက်ကိုတော့ ဗွီအိုအေအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်းဝင်လာတဲ့ ဒေသတလျှောက်က ကျေးရွာတွေကို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ် ဝင်လာတာဖြစ်ပြီး လက်ရှိမှာ ကျေးရွာ ၁၀ ရွာထက်မနည်း စစ်ဘေးရှောင်နေကြရတယ်လို့ ဒေသခံ နောက်တစ်ဦးကလည်း ပြောပါတယ်။

“ဒီစစ်ကြောင်းထိုးတဲ့ တလျှောက်လုံးမှာ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ချည်းပဲ ပစ်ဝင်တာချည်းပဲဗျ။ သူတို့ ကျနော်တို့ ဝက်လက်မြို့နယ်က ထွက်သွားပြီးတော့ ကတော့ကိုင်းတို့၊ မကျည်းစောက်တို့၊ ငါးအိုးရတို့ အဲ့ဘက်တွေမှာဆိုရင် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ချည်းပဲ ပစ်ဝင်တာဗျ။ ရွာသာကြီး၊ ရွှေပန်းကုန်း၊ ဘိုတဲကုန်း အဲ့လို ၁၀ ရွာလောက်ကတော့ ရှောင်ရဦးမယ်ဗျ။”

အလားတူ ကန့်ဘလူမြို့နယ်မှာလည်း မနေ့ ဇူလိုင် ၅ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့တွေ မိဿလင်ကုန်း ကျေးရွာကို ဝင်ရောက်ပြီး လယ်ယာစိုက်ပျိုး ထွန်ယက်နေတဲ့ ဒေသခံ ၅၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ ကန့်ဘလူ KB 3 ကာကွယ်ရေးအဖွဲ့ တာဝန်ခံ ကိုဇော်က ပြောပါတယ်။ ဒီ့မတိုင်ခင် ဇူလိုင်လ ၄ ရက်နေ့ကလည်း ခမရ ၃၆၁ နဲ့ ပျူစောထီးအဖွဲ့ ပူးပေါင်း စစ်ကြောင်းက အင်းမကျေးရွာကို ဝင်ရောက်ပြီး ပြောင်းစိုက်နေတဲ့ ဒေသခံ ၁၂ ယောက်ကို ဖမ်းဆီးပြီး စစ်ဆေးနေချိန်မှာ တယောက်သေဆုံးခဲ့သလို၊ တချို့ကိုတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ကန့်ဘလူ KB 3 ကာကွယ်ရေးအဖွဲ့ တာဝန်ခံကိုဇော်က ပြောပါတယ်။

“၅ ရက်နေ့မှာ ကိုးတောင်ဘို့က ခမရ ၃၆၃၊ ခမရ ၁၂၀ ဝန်းသိုတပ် သူတို့ ပူးပေါင်းပြီးတော့ ဖုန်းလိုင်းတွေ ဖြတ်ပြီးတော့ ဒေသခံတွေ လယ်ယာစိုက်ပျိုး ထွန်ယက်နေတဲ့အချိန်မှာ ဝင်ရောက်ပြီးတော့ ဖမ်းဆီးသွားတာ။ ၅၂ ယောက်ပါသွားတယ်ဗျ၊ မိဿလင်ကုန်းကပါ။ အင်းမကလည်း ဒီချက်ကြီးကနေ ထွက်လာတဲ့ ခမရ ၃၆၁ ဗျ၊ ခမရ ၃၆၁ နဲ့ ပျူတွေနဲ့ အင်အား ၁၀၀ ကျော်လောက်နဲ့ တောမှာ ထွက်လုပ်နေတဲ့ တောင်သူတွေက ကုန်းသီးနှံ စိုက်နေတုန်းကို ဝင်ပြီးတော့ ဖမ်းသွားတယ်။ နွားတွေလည်း ယူသွားတယ်ဗျ။ အကုန်လုံး ၁၂ ယောက် ဖမ်းခံရတယ်ဗျ။ ၈ ယောက် ပြန်လွှတ်လိုက်တယ်ဗျ။ ဖမ်းမိတဲ့နေ့ကပဲ ကျွန်းလှကနေ ၈ ယောက် ပြန်လွတ်လိုက်ပြီးတော့ ၆ ရက်နေ့က ၃ ယောက်ပြန်လွှတ်တယ်။ ၂ ယောက်ကျန်တယ်။ တယောက်ကတော့ လက်လွန်ပြီးတော့ ဆုံးသွားတယ်လို့ သတင်းရနေတယ်ဗျ။”

မိဿလင်ကုန်းကျေးရွာက ဖမ်းခံရတဲ့ ဒေသခံ ၅၂ ယောက်ကတော့ မနေ့က ၂၅ ယောက် ပြန်လွတ်ခဲ့ပြီး ဒီကနေ့မှာလည်း ၁၃ ယောက် ပြန်လွတ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကြောင်းဝင်ရောက်မယ့် ကျေးရွာတွေကို စစ်ကောင်စီဘက်က ဖုန်းဆက်သွယ်ရေး လိုင်းတွေ ဖြတ်တောက်ပြီးမှ ဝင်တဲ့အတွက် ဒေသခံတွေ ဘေးလွတ်ရာ ရှောင်နိုင်ဖို့ သတင်းပေးလို့မရ ဖြစ်ကြရတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေတဲ့ ဒေသကာကွယ်ရေး အဖွဲ့ဝင်တွေနဲ့ နီးတဲ့ ကျေးရွာတွေက ဒေသခံတွေကို သံသယကြောင့် ဖမ်းဆီးမှုတွေ လုပ်လာတာဖြစ်တယ်လို့လည်း ဒေသခံတစ်ဦးက ခုလိုပြောပါတယ်။

“သူတို့က ဒီအထင်အမြင်နဲ့ ဖမ်းဆီးခေါ်ဆောင်နေတာပေါ့။ သူတို့ဆီကို ဒီသူတို့ အထိုင်ချထားတဲ့ နေရာတွေကို ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေက ဝင်ရောက်ပြီးတော့ စီးနင်းတာတို့ ပစ်ခတ်တာတို့။ အဲ့လို့ သူတို့ ဒီ ဒေသခံပြည်သူတွေက အနီးမှာရှိမယ်။ သူတို့နဲ့နီးနေတဲ့ အတွက်ကြောင့် သူတို့နဲ့ အကုန်လုံး ဒီလိုထင်ပြီးတော့ သက်သက် လိုက်ဖမ်းနေတာလို့ ထင်တယ်။”

စစ်ကိုင်းတိုင်းအတွင်းမှာ နေ့စဉ်ဆိုသလို ထိုးစစ် တိုက်ပွဲတွေနဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ရှိနေတာပါ။ စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်တွေကြောင့် ကန့်ဘလူနဲ့ ဝက်လက် ဒေသတွေမှာ သေဆုံးသူ ဖမ်းဆီးခံရသူတွေနဲ့ စစ်ဘေးရှောင်ကြရတဲ့ ပြည်သူတွေ တနေ့တခြား ပိုများလာနေတာပါ။ စစ်ကောင်စီကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသက ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေး လုပ်နေတာဖြစ်တယ်လို့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG