သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းပြည်နယ်မှာ စစ်ကောင်စီနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်


ချင်းအမျိုးသားတပ်ဦး CNF
ချင်းအမျိုးသားတပ်ဦး CNF

ချင်းပြည်နယ် ဟားခါးနဲ့ ထန်တလန်ကြားမှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး တပ်တွေအကြား တနင်္လာနေ့က တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ ဒီဒေသအတွင်း တိုက်ပွဲဖြစ်ပွားနေတာ တလကျော်လာနေပြီ ဖြစ်သလို၊ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့လည်း ချင်းအမျိုးသားတပ်ဦးက ပြောပါတယ်။ တချိန်တည်းမှာပဲ ချင်းပြည်နယ် တောင်ပိုင်း နဲ့ မြောက်ပိုင်း ဘက်တွေမှာလည်း စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေတဲ့အကြောင်း သတင်းပေးပို့ချက် အပြည့်စုံကို ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

ချင်းပြည်နယ် အလယ်ပိုင်း ဟားခါးနဲ့ ထန်တလန်အကြားမှာ မေလကုန်ပိုင်းက စလို့ တိုက်ပွဲတွေ ဖြစ်နေတာမှာ ဒီရက်ပိုင်း အတွင်းမှာတော့ ပိုပြီး ပြင်းထန်လာနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့ကတော့ စစ်ကောင်စီတပ်က လေကြောင်းက တိုက်ခိုက်ခဲ့သလို လက်နက်ကြီးနဲ့လည်း ပစ်ခတ်ခဲ့ကြောင်းနဲ့ ဒီဒေသတွင်း တိုက်ပွဲတွေဟာ ခုဆိုရင် တလကျော်ကြာလာပြီလို့ ချင်းအမျိုးသားတပ်ဦးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

“ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ပစ်တယ်။ လက်နက်ကြီးနဲ့ အဝေးကနေ လှမ်းထုတယ်။ အဲဒါ သူတို့က လမ်းကြောင်းရှင်းတဲ့သဘောပေါ့။ အဓိက ဟားခါးနဲ့ ထန်တလန်ကြား။ ပြီးခဲ့တဲ့ မေ နောက်ဆုံးပတ်ကနေ ဆိုတော့ တလတော့ ကျော်သွားပြီပေါ့နော်။ လေကြောင်း တိုက်ခိုက်မှုက အကြိမ် ၂၀ ကျော် တော့ ရှိတယ်ပေါ့နော်။ ဒါပေမဲ့ စစ်ရေး ငြိမ်နေတာက အခု ပြန်စလာတဲ့သဘောပေါ့နော်။”

ဒီလ ၃ ရက်နေ့က ဖြစ်ပွားတဲ့ တိုက်ပွဲမှာ ချင်းတပ်ဖွဲ့တွေဘက်က ရဲဘော် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၄ ယောက်လောက် ထိခိုက် ဒဏ်ရာရခဲ့ကြောင်းနဲ့ စစ်ကောင်စီဘက်က အထိအခိုက် အခြေအနေကိုတော့ မသိရကြောင်း ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီဘက်က ဟားခါး- ထန်တလန်လမ်းကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အခြေအနေရှိတာကြောင့် တိုက်ပွဲတွေ ဆက် ဖြစ်လာနိုင်တယ်လို့လည်း ချင်းတပ်ဖွဲ့တွေက သုံးသပ်ပြောဆိုပါတယ်။

“တိုက်ပွဲကတော့ ဒီနေ့ မဖြစ်ပေမဲ့ ဆက်လက်ဖြစ်လာမယ့် အနေအထားမှာ ရှိပါတယ်။ သူတို့က ဟားခါးနဲ့ ဒီထန်တလန်အကြားမှာရှိတဲ့ ကားလမ်းကို ပြန်ပြီးတော့ စိုးမိုးပြီးတော့မှ ထန်တလန်ကို တပ်အင်အားတွေ ပြန်လည်တည်ဆောက်ချင်တဲ့ အနေအထားမှာ ရှိနေတယ်ပေါ့နော်။ အဓိက ကတော့ အဲဒီလမ်းကြောင်းကို ကျနော်တို့ စိုးမိုးဖို့ ကျနော်တို့ နှစ်ဘက် တိုက်ပွဲတွေဖြစ်နေတာပါ။”

ဇွန်လ ၂၇ ရက်နေ့ ညပိုင်းကတော့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Hakha က ဟားခါးမြို့ပေါ်က နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးရုံးကို တိုက်ခိုက်တာတွေ ရှိခဲ့သလို ၂၈ ရက်နေ့မှာတော့ ထန်တလန်မြို့ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့မှာလည်း လေကြောင်းက တိုက်ခိုက်တာနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေ ရက်ဆက် ဖြစ်ပွားနေပြီး ဒေသခံတွေ လုံခြုံရေးအတွက် ဗုံးခိုကျင်းတွေ တူးဖို့ ဒေသအုပ်ချုပ်ရေး အဖွဲ့က တိုက်တွန်းနေတဲ့အကြောင်း မင်းတပ်ဒေသခံတဦးက ပြောပါတယ်။

“မင်းတပ်ကတော့ တပတ်ကျော်ပြီ။ နေ့တိုင်း၊ နေ့တိုင်းပေါ့။ ပစ်ခတ်မှုတွေကတော့ ရှိတယ်။ ဒါပေမဲ့ လက်နက်ကြီးလည်း ပစ်တယ်။ နောက်ပြီးတော့ လေယာဉ်လည်း လာတယ်။ မင်းတပ်CDF အဖွဲ့အစည်းကတော့ လိုင်းပေါ်မှာ သူတို့က ကျေညာတယ်။ မိမိ လုံခြုံဖို့အတွက် ပုန်းအောင်းလို့ရမယ့် ကျင်းတွေကို တူးဖို့ ဆော်သြတာပေါ့နော်။ လိုင်းပေါ်ကနေ။ တချို့တွေကတော့ တော်တော်လုပ်နေကြတယ်။ ရွာဘက်မှာတွေရော လုပ်တော့ လုပ်ကြပါတယ်။”

ဒီရက်ပိုင်းအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာနဲ့ လက်နက်ကြီးပစ်ခတ်တာတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် ပွဲလမ်းတွေ၊ လူစုလူဝေးတွေ မလုပ်ဖို့၊ ဗုံးခိုကျင်းတွေ တူးဖို့ မင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က စာထုတ်ပြန်ထားပါတယ်။
ဇွန်လ ၂၆ ရက်နေ့ကတော့ မင်းတပ်မြို့နယ် အောင်သာရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ CDF မင်းတပ်အကြား တိုက်ပွဲ ပြင်းထန်ခဲ့ပြီး လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နယ် သိုင်းငင်းရွာမှာလည်း စစ်ကောင်စီတပ်နဲ့ စစ်ရေးတင်းမာနေတာကြောင့် CDF CDM SIYIN အဖွဲ့က ချင်းတောင် အတက်အဆင်းကားတွေကို ဒီလ ၃ရက်နေ့ကစပြီး ပိတ်လိုက်ပါတယ်။ ကလေးမြို့ ဒေသခံတွေကတော့ ချင်းတောင်ပေါ်က ဆင်းလာတဲ့ မော်တော်ယာဉ်တွေကို ခွင့်ပြုပေးနေပြီး အတက်ကားတွေကိုသာ ပိတ်ထားတာဖြစ်ကြောင်း ပြောပါတယ်။ ဒီလို ပိတ်ထားတာဟာ ကလေးမြို့ကနေ သိုင်းငင်းရွာဘက်ကို စစ်ကောင်စီ စစ်ကြောင်းတွေ တက်လာတာကြောင့် ဖြစ်တယ်လို့ ချင်းသတင်းမီဒီယာတွေမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG