သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ဆားလင်းကြီးဒေသ စစ်ဘေးရှောင်များ နေရပ်မပြန်နိုင်သေး


စစ်ဘေးရှောင် ကချင်ဒုက္ခသည်များ
စစ်ဘေးရှောင် ကချင်ဒုက္ခသည်များ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ ကျေးရွာတွေ မီးရှို့ခံနေရတာ ၁ လနီးပါးရှိလာပြီလို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေ မကြာခန မီးရှို့ခံရလို့ ရွာထဲမနေရဲဘဲ ထွက်ပြေးနေသူတွေလည်း ၇၀၀၀ ဝန်းကျင်လောက် ရှိလာနေပြီး သူတို့အတွက် အကူအညီတွေ လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဆားလင်းကြီးမြို့နယ်ဖက်က အခြေအနေ သတင်းပေးပို့ထားတာကို မသိဂီင်္ထိုက် တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှာရှိတဲ့ ရွာရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့တုန်းက ဒေသခံကာကွယ်ရေးအဖွဲ့တွေဝင်ရောက် တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ညောင်ပင်ကြီး ကျေးရွာထဲမှာ လူနေအိမ်တချို့စတင် မီးရှို့ခံခဲ့ရတာပါ။ အဲ့ဒီနောက်ပိုင်းကစလို့ ကျေးရွာတွေ မကြာခဏ မီးရှို့ခံနေရတာ အခုဆိုရင် တလ နီးပါးလောက်ကို ရှိလာနေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ညောင်ပင်ကြီးရွာထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေ အခြေချနေထိုင်ပြီး အနီးဝန်းကျင်က ကျေးရွာတွေကိုလည်း နောက်ပိုင်းမှာ မီးရှို့ခြောက်လှန့်တာ၊ စစ်ကြောင်းထိုးတာတွေ ရှိတာကြောင့် ဒေသခံတွေ မနေရဲတော့ဘဲ ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေတဲ့ ပြည်သူမှပြည်သူသို့ ပရဟိတအဖွဲ့ဝင်တဦးက ပြောပါတယ်။

"ဇူလိုင်လ ၁ ရက်နေ့တုန်းကတော့ အိမ်အနည်းငယ် မီးရှို့သေးတယ်ဗျ။ အဲဒီနောက်တော့ မမြင်သေးဘူး။ လောလောဆယ်တော့ တချို့လည်း ရွာထဲပြန်ပြီးတော့ စမ်းပြီးဝင်တာတွေ ရှိတယ်ပေါ့နော်။ နေတော့ နေထိုင်ရဲတဲ့ အနေအထားမှာတော့ မရှိသေးဘူးဗျ။ လက်ရှိလည်း ဆားလင်းကြီးမြို့ထဲမှာ စစ်ကြောင်း ထိုးနေတာလည်း ရှိတယ်။ ချင်းတွင်းမြစ်ဘေး ပေါင်းဝရွာမှာရှိတယ်လို့ သိရတယ်ဗျ။"

ထွက်ပြေးနေကြတဲ့ ဒေသခံတွေထဲက တချို့ဟာ ရွာလယ်ကွင်းထဲမှာပဲ ဖြစ်သလိုနေရတဲ့ အခြေအနေမှာ ရှိနေပြီး လတ်တလောစားသောက်ရေးအတွက် ကူညီပေးနေသူတွေကပဲ ချက်ပြုတ် ကျွေးနေတာလို့လည်း သိရပါတယ်။ စစ်ဘေးဒုက္ခသည်တွေ အတွက် စားနပ်ရိက္ခာ အဆင်ပြေစေဖို့ ကုန်စိမ်းတွေ ကူညီပေးနေတဲ့ မုံရွာ-အမြင့်လမ်း သပိတ်ဦးဆောင် ကော်မတီဝင်တဦးက စစ်ရှောင်တွေရဲ့ လတ်တလော အခက်အခဲတွေကို ခုလို ပြောပြပါတယ်။

"ညောင်ပင်ကြီးဘက်မှာရှိတဲ့ အဖွဲ့တွေက ထမင်း၊ ဟင်းချက်ပြုတ်တာ တာဝန်ယူထားပြီးတော့ ချက်ကျွေး ရတယ်။ စစ်ရှောင်နေတာက ၁၈ နေရာလောက် ရှိတယ်ဗျ။ လူဦးရေကတော့ ၇ ထောင်ဝန်းကျင်လောက် အထိ ရှိတယ်။ တချို့ကတော့ နီးစပ်ရာ ကိုယ့်ဆွေမျိုးသားချင်းဒေသတွေဆီကို သွားပြီးတော့ နေကြတာ ပေါ့၊ အဲဒါကတော့ ၁ ထောင်ဝန်းကျင်လောက်ရှိတယ်။ တရက် တရက်ကို ဆန်နဲ့ဆီဆိုရင် ... ဆန်အိတ် ၄၀-၅၀ အထိကို ကုန်တယ်လို့ ပြောတယ်ဗျ။"

ဆားလင်းကြီးမြို့နယ်မှာ စစ်ရှောင်နေရတဲ့ ကျေးရွာ ၈ ရွာဝန်းကျင် ရှိနေပြီး၊ စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေတယ်လို့လည်း သူက ပြောပါတယ်။

ဒီအတောအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းတိုင်း၊ မုံရွာကနေ ညောင်ပင်ကြီးဆီကို ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့ကတည်းက ရေကြောင်းကနေတဆင့် အသွားအပြန် လုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုနောက်ပိုင်း ထိတွေ့တိုက်ပွဲတွေ သိပ်မရှိပေမဲ့ ချင်းတွင်းမြစ်ကမ်းဘေးမှာရှိတဲ့ ရွာတွေ မကြာခန မီးရှို့ခံရတဲ့ အခြေအနေကြောင့် ရွာထဲပြန်မဝင်ရဲဘဲ၊ နေထိုင်စားသောက်ရေးအတွက် အကူအညီ တွေ လိုအပ်နေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG