သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့က ဒုက္ခသည်တွေ ရိက္ခာပြတ်လပ်မှုနဲ့ကြုံ


မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)
မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင် ၂,၀၀၀ ကျော်လောက်မှာ ဆန်ရိက္ခာဝယ်ယူလို့ မရတာ ၁ လကျော်လောက် ကြာနေပြီဖြစ်တာမို့ လက်ရှိမှာ ရိက္ခာပြတ်သလောက် ဖြစ်နေကြပြီလို့ စစ်ဘေးရှောင် ကူညီသူတွေနဲ့ စစ်ဘေးရှောင်တွေက ပြောပါတယ်။ စစ်ကောင်စီဖက်က လမ်းပန်းဆက်သွယ်‌ရေးတွေကို ပိတ်ထားတာကြောင့် ဆန်ကို ဝယ်ယူ သယ်ဆောင်မရ ဖြစ်နေတာလို့ ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က ပြောပြပါမယ်။

ကလေးမြို့တောင်ပိုင်းက စစ်ဘေးရှောင်တွေ ဆန်ဝယ်ယူမရလို့ စားသောက်ရေး ခက်ခဲနေကြရတယ်လို့ စစ်ဘေးရှောင် ကူညီပေးသူတွေက ပြောပါတယ်။ စစ်ကောင်စီဖက်က ကလေးမြို့တောင်ပိုင်းကို လမ်းပန်းဆက်သွယ်‌ရေး ကန့်သတ် ပိတ်ဆို့ထားတာတွေ ရှိတာကြောင့် ရိက္ခာကို ဝယ်ယူပြီး မသယ်ယူနိုင်တာဖြစ်တယ်လို့ ကလေးမြို့တောင်ပိုင်း စစ်ဘေးရှောင်ကူညီသူ ဦးမောင်စိုးက ခုလိုပြောပါတယ်။

“လောလောဆယ်ကတော့ ကလေးတောင်ပိုင်းမှာ စစ်ဘေးရှောင်မှန်ရင် အားလုံးဟာ တော်တော်ကို ရိက္ခာပြတ်သလို ဖြစ်နေကြတာဗျ။ အခု စားနပ်ရိက္ခာ မရနိုင်တာက စစ်ကောင်စီကလည်းပဲ ဒီအလှူရှင်တွေက လှူတာတွေကိုလည်း နည်းနည်း ရိပ်မိပြီး ဖမ်းမိတယ်ထင်တယ်။ အဲ့တာကြောင့် သူတို့က နည်းနည်း အလှူအတန်းလေးကလည်း ၂ လလောက် ရပ်သွားလိုက်တဲ့ အခါကျတော့ တနေ့လုပ်မှ တနေ့စားရတဲ့သူတွေကတော့ မလွယ်ဘူး ဖြစ်နေတာဗျ။ လမ်းပန်းဆက်သွယ်ရေးတွေကလည်း ကလေးမြို့တောင်ပိုင်းက ကျွန်တော်တို့ သူတို့က GTI ကျောင်းနဲ့ အနီးမှာ လမ်းပိတ်ဆို့ထားတဲ့ခါကျ‌တော့ ဆန်တွေက ဝယ်လို့ မရဘူးဖြစ်နေတာ။ ပိုက်ဆံကတော့ ရှိတယ်ဗျ၊ ဆန်ကိုက ဝယ်လို့မရဘူး ဖြစ်နေတာ။”

စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ကျေးရွာ
စစ်ကိုင်းတိုင်းထဲမှ မီးဘေးသင့်ကျေးရွာ

ဒီလို ရိက္ခာပြတ်လပ်ပြီး စားသောက်ရေး အခက်အခဲဖြစ်နေကြတာဟာ တစ်လလောက်ရှိနေပြီဖြစ်တယ်လို့ ဦးမောင်စိုးက ပြောပါတယ်။ ကလေးမြို့တောင်ပိုင်းမှာ စစ်ဘေးရှောင် ၂,၀၀၀ ကျော်လောက်ရှိပြီး ဒီစစ်ဘေးရှောင်တွေဟာ ကျေးရွာကို ပြန်မဝင်နိုင်ဘဲ အမြဲတမ်း စစ်ရှောင်နေကြရတဲ့သူတွေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆန်အလှုရှင်လည်း လုံးဝမရှိတဲ့အပြင် ဝယ်ယူလို့ပါ မရနိုင်တဲ့ အခြေအနေကို ဦးမောင်စိုးက ခုလိုပြောပါတယ်။

“လောလောဆယ်ကတော့ ဒီနေ့မနက်စားဖို့ကိုက မရှိတော့လို့ ရောက်လာတယ်၊ ညမနက်စာလေးပဲရရပါတဲ့ မျှပေးပါအုံး၊ လှုပေးပါအုံး ဆိုပြီးတော့ ကျွန်တော်ဆီကို အဲလိုလာတာမျိုးတွေ ကြုံနေရတယ်ဗျ။ ကူညီမယ့်လူကလည်း လောလောဆယ် ဆန်ကတော့ လုံးဝ မရှိဘူးဖြစ်နေတယ်၊ ဒီလို ဒီမှာတော့ ငွေရေးကြေးရေးလေးတွေကတော့ နှမ်းပေါင်းထိုးချိန်လေးတွေ တောင်သူလုပ်တဲ့အချိန်လေးတွေဆိုတော့ ငွေကြေးလေးတွေကတော့ သူတို့လက်ထဲမှာရှိတယ်။ ဆန်က ဝယ်လို့မရဘူး ဖြစ်နေတာ။ ဆန်ကတော့ ဘယ်လိုမှကို ကျွန်တော်တို့ ကူညီပေးလို့ မရဘူးဖြစ်နေတယ်ဗျ။ လောလောဆယ် လုံးဝ ပြတ်တာကတော့ သူ့လဲမကယ်နိုင် ကိုယ့်လဲမကယ်နိုင်တာကတော့ တစ်လ ကျော်သွားပြီဗျ။ စစ်ရှောင်လူဦးရေ အားလုံးဆိုရင်တော့ ၂,၀၀၀နဲ့ ၂၀၀ လောက် နေမှာပေါ့။”

စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက လက်ရှိ သူတို့မိသားစု ၅ ဦးဟာ ဆန်မရနိုင်တဲ့ အခြေအနေကြောင့် ပုံမှန်စားသောက်တဲ့ နှုန်းထက် ဆန်ကို လျှော့ချက်နေရပြီး မဝစာ မသေရုံသာ စားနေကြရတယ်လို့ ခုလိုပြောပါတယ်။

“ကျွန်မတို့ မိသားစုက ၅ ယောက်ရှိတာရှင့်။ မနက်စာ ၄ဗူး၊ ညနေစာ ၄ ဗူး ချက်ရတာရှင့် အရင်က။ ခုတော့ မရတော့ဘူးရှင့်။ လျော့ချက်ရတာရှင့်။ ခုကတော့ ၂ဗူးခွဲ အဲ့လိုချက်ရတာ။ အရင်လို့လောက်ငှအောင် မချက်နိုင်တော့ဘူးရှင့်။ နဂိုကတော့ မနက်စာတစ်နပ်၊ နေ့လယ် တစ်နပ်၊ ညစာတစ်နပ် အဲ့လိုစားကြတာ။ ခုကျတော့ အဲ့လို မနက်စာကို မစားနိုင်ကြတော့ဘူး။ နေ့လယ်စာတစ်နပ်နဲ့ ညနေစာ တစ်နပ်ကိုမှ မသေရုံလေး စားနိုင်ကြတော့တာ။”

ဆန်တွေ ဝယ်လို့မရတာကြောင့် ရှိတဲ့သူတွေဆီကနေ မျှပြီး စားသောက်နေကြရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

ကလေးမြို့နယ်တခုလုံးမှာ စစ်ဘေးရှောင်အရေအတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံက ပြောပါတယ်။ ကလေးဒေသက စစ်ရှောင်တွေအတွက် အကူအညီလိုအပ်တာတွေ များပေမယ့် လုံလောက်အောင် ထောက်ပံ့ ကူညီနိုင်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်က တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG