သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူခရိုင်စစ်ဆင်ရေးကြောင့် ဒုက္ခသည်၇သောင်းနီးပါးရှိလာ


ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)
ကန့်ဘလူခရိုင်က ကျေးရွာနှစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးလို့ တိမ်းရှောင်နေရတဲ့ စစ်ရှောင်များ (ပုံ−ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့)

ကန့်ဘလူခရိုင်စစ်ဆင်ရေးကြောင့် ဒုက္ခသည်၇သောင်းနီးပါးရှိလာ

စစ်ကိုင်းတိုင်း ကန့်ဘလူခရိုင်အတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ ကျေးရွာ ၁၇ရွာက အိမ်ခြေ ၆၀၀ကျော်မီးလောင်ဆုံးရှုံးခဲ့ပြီး၊ အရပ်သားထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ ကန့်ဘလူခရိုင်တတ်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ အခု ဇွန်လအတွင်းမှာလည်း စစ်ကောင်စီ နယ်မြေရှင်းလင်း စစ်ဆင်ရေး ဆက်လုပ်နေတယ်လို့ဆိုပါတယ်။ ကန့်ဘလူဒေသအတွင်း လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အရပ်သားထိခိုက်မှုအခြေအနေ သတင်းပေးပို့ထားတာကို ကိုဉာဏ်ဝင်းအောင်ပြောပြပါမယ်။

မေလအတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေက နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီး ကန့်ဘလူခရိုင်အတွင်းက ကျေးရွာ ၁၇ ရွာက နေအိမ် ၆၅၃ လုံးကို မီးရှို့ခဲ့တယ်လို့ ကန့်ဘလူခရိုင်တက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန်ပါတယ်။ ကျွန်းလှမြို့နယ်အတွင်းက ကျေးရွာ ၄ ရွာက နေအိမ် ၂၅ လုံး၊ ကျေးလက်ဆေးပေးခန်း တစ်ခုနဲ့ စပါးတိုက် ၃ လုံးမီးရှို့ခဲ့ပြီး ကန့်ဘလူမြို့နယ်က ကျေးရွာ ၁၃ ရွာက နေအိမ် ၆၂၈ လုံးနဲ့ စာသင်ဆောင် ၂ ဆောင် မီးရှို့ခံခဲ့ရတယ်လို့ ထုတ်ပြန်ပါတယ်။ တချို့ကျေးရွာတွေဟာ တစ်ကြိမ်မက အကြိမ်ကြိမ် မီးရှို့ခံခဲ့ရတာြဖစ်တယ်လို့လည်း ကန့်ဘလူခရိုင် တိုင်းဒေသကြီးလွတ်တော် ကိုယ်စားလှယ် ဦးနေဇင်လတ်က ပြောပါတယ်။

“ပြီးခဲ့တဲ့လကတော့ စစ်ကောင်စီက ကန့်ဘလူမြို့နယ်ထဲမှာ မီးရှို့တာတွေ အများကြီးရှိခဲ့တယ်။ တချို့ရွာတွေဆိုရင် တစ်ကြိမ်တည်းမဟုတ်ဘဲနဲ့ ၂ ကြိမ်၊ ၃ ကြိမ် ပြန်ပြီးတော့မှ စစ်ကြောင်းထိုးတာတွေ ရှိတယ်။ ရွာတော်တော်များများကိုလည်း မီးရှို့သွားတယ်‌‌ပေါ့။ ဒီမေလ ကန့်ဘလူမြို့နယ်အတွင်းထဲမှာ အိမ်ခြေ ၆၀၀ ကျော်လောက်တော့ မီးလောင်ပျက်စီးကုန်တယ်လို့ ကျွန်တော်တို့ စာရင်းတွေအရ သိရတယ်ပေါ့နော်။ တချို့ရွာတွေဆိုရင်တော့ ၄ ၊ ၅၊ ၁၀ လုံးလောက် ရှို့ခံရတာတွေရှိတယ်။ တချို့ရွာတွေမှာ ဆိုလို့ရှိရင်လည်း ၄၀၊ ၅၀၊ ၆၀ ရှို့သွားတာတွေရှိတယ်။ ပြီးခဲ့တဲ့လ စာရင်းဇယားအရတော့ အိမ်ခြေ ၆၅၀ ကျော် မီးရှို့ခံခဲ့ရတာပေါ့။”

ကန့်ဘလူခရိုင်အတွင်း စစ်ဆင်ရေးတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ဒါပေမယ့် PDF တွေဟာ ကျေးရွာတွေကိုအခြေပြုပြီးလှုပ်ရှားနေတယ်လို့ဆိုပြီး၊ အရပ်သားထိခိုက်မှုတွေဖြစ်လာရင် PDF ကာကွယ်ရေးအဖွဲ့တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ စစ်ကောင်စီဖက်က တုန့်ပြန်ဖြေရှင်းလေ့ရှိပါတယ်။

ဒီဇွန်လမှာလည်း စစ်ကောင်စီတပ်တွေက ပင့်သာတိုက်နယ်နဲ့ ကိုးထောင်ဘို့တိုက်နယ်က ကျေးရွာတွေကို ဝင်ရောက် နယ်မြေရှင်းလင်း စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်လို့ ဦးနေဇင်လတ်ကပြောပါတယ်။

“ပြီးခဲ့တဲ့ ၂ ရက် ၃ ရက်လောက်ကပဲ ကန့်ဘလူမြို့နယ်ထဲက ဇင်ကျေးရွာကို စစ်ကြောင်းထိုးတယ်၊ စစ်ကြောင်းထိုးပြီးတော့မှ ပိတောက်ပင်ရွာက စစ်ရှောင်တစ်ဦး ဖြစ်တဲ့ ဦးသိန်းဝင်းကို ပစ်သတ်သွားတယ် ဆိုတာမျိုးတွေလည်း ရှိတယ်။ ဒါ ဇွန်လအတွင်းမှာ ဖြစ်ခဲ့တာတွေပေါ့နော်။ ပြီးတော့ ဇင်းကျေးရွာအနီးတဝိုက်မှာရှိနေတဲ့ တဲတိုက်တွေကို မီးရှို့ဖျက်ဆီးတာတွေလုပ်တယ်။ နောက်ပြီး ပင့်သာတိုက်နယ်ထဲက ရှမ်းကုန်း ကျေးရွာကိုလည်း မီးရှို့ဖျက်ဆီးတာတွေလုပ်တယ်ပေါ့နော်။ အဲ့လိုပဲ အလားတူ ကိုးတောင်ဘို့ တိုက်နယ်အတွင်းမှာလည်း အဲ့လိုပဲ စစ်ကြောင်းတွေ မကြာခဏ ကိုးတောင်ဘို့မှာ အထိုင်ချထားတဲ့ စကစ ကနေမှ မကြာခဏ စစ်ကြောင်းတွေထိုးပြီး မီးရှို့တာတွေ ရှိတယ်ဗျ။”

ကန့်ဘလူခရိုင်အတွင်း ကျေးရွာတွေမှာ စစ်ကြောင်းတွေ ပြန်ထွက်ချိန် ကျေးရွာကို ပြန်ဝင်လို့ ရတဲ့ ရွာတွေ ရှိသလို၊ လုံးဝရွာကို ပြန်မဝင်နိုင်တော့ဘဲ စစ်ဘေး‌ရှောင်ကြရတဲ့ ရွာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ခရိုင်တစ်ခုလုံးမှာ စစ်ရှောင်အရေအတွက်ဟာ ၆သောင်း ကနေ ၇သောင်း ကြားရှိနိုင်တယ်လို့ ဦးနေဇင်လတ်က ပြောပါတယ်။

“စစ်ဘေးရှောင်တွေကတော့ တချို့ရွာတွေက မီးရှို့ခံရပြီးတဲ့နောက် စစ်ကြောင်းထွက်သွားရင် ပြန်ဝင်တာတွေလည်းရှိတယ်။ တချို့ရွာတေွကျတော့ လုံးဝကို ပြန်ဝင်လို့မရတော့တဲ့ စစ်ဘေးရှောင်တွေလည်းရှိတယ်။ အဲ့ဒါက ကန့်ဘလူမြို့နယ်ထဲမှာကို လုံးဝကို ရွာပျက်သလိုဖြစ်သွားပြီးတော့မှ လုံးဝကို လူမနေတော့တဲ့ရွာတွေက အများကြီးရှိတယ်‌ပေါ့နော။ ဥပမာဆိုရင် ပဇီကြီးလိုရွာပေါ့၊ ပင့်သာလိုရွာမျိုးပေါ့၊ ရွာပျက်သလိုဖြစ်သွားတာ။ ကျွန်တော်တို့ခန့်မှန်းတာကတော့ တခရိုင်လုံးစာဆိုရင် စစ်ဘေးရှောင်ဦးရေက ၆၀၀၀၀၊ ၇၀၀၀၀ လောက်တော့ရှိမယ်ထင်တယ်ဗျ။”

လက်ရှိမှာတော့ မိုးရာသီဖြစ်တာကြောင့် စစ်ဘေးရှောင်တွေအတွက် မိုးကာတွေ လိုအပ်နေသလို သောက်သုံးရေးရှားပါးမှုလည်း ရှိနေပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေလည်း လိုအပ်‌နေတယ်လို့ ဒေသခံတွေနဲ့ စစ်ရှောင်ကူညီသူတွေက ပြောကြပါတယ်။ ကန့်ဘလူခရိုင်အတွင်းမှာ ဧပြီလကနေ မေလအတွင်း အခုအချိန်ထိ ထိုးစစ်၊ တိုက်ပွဲနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကြောင်းမပြတ်ဝင်ရောက်ပြီး နယ်မြေရှင်းခံနေရတာတွေကြောင့် စစ်ဘေးရှောင် ဦးရေ အရေအတွက်က တိုးသထက်တိုးလာနေတယ်လို့လည်း စစ်ရှောင်ကူညီရေး ဆောင်ရွက်ပေးနေကြသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG