သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံထောင်ချီ ဘေးလွတ်ရာတိမ်းရှောင်


ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့
ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ် မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ တိုက်တွေပွဲကြောင့် ဒေသခံ ၃,၄၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာကို တိမ်းရှောင်နေရပြီး တချို့က ထိုင်းနယ်စပ်ဖက်ကို တိမ်းရှောင်သွားကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ချက်ချင်းဆိုသလို ပြေးလွှားကြရတာမို့ ဘာပစ္စည်းမှ သယ်မသွားနိုင်ကြတာကြောင့် စားရေးသောက်ရေးနဲ့ နေထိုင်ခင်းအတွက် လိုအပ်ချက် ကြီးမားနေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး အလိမ္မာက ပြောပြပါမယ်။

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က စခန်းသိမ်းတိုက်ပွဲ ဖြစ်ခဲ့တာကြောင့် ဒေသခံ ၃,၄၀၀ လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ တချို့စစ်ရှောင်တွေက နီးစပ်ရာမြို့နယ်တွေကို ထွက်ပြေးသွားကြသလို၊​ တချို့သူတွေကတော့ ထိုင်းနယ်စပ်ဘက်ကို တိမ်းရှောင်သွားကြတယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ဒါရိုက်တာ ကိုဗညားက ဗွီအိုအေကို ခုလို ပြောပါတယ်။

“ကြိုတင်ရှောင်တာရှိသလိုပေါ့နော်၊ တိုက်ပွဲဖြစ်ပြီးတော့မှ ရှောင်ရှားလာတာ ရှိပါတယ်။ လောလောဆယ်တော့ ကျနော်တို့ သိသလောက်(စစ်ရှောင်) ၃,၃၀၀ ၊ ၃,၄၀၀ ဝန်းကျင်လောက်တော့ ထိုင်းနိုင်ငံရဲ့ ဒီဖက်ခြမ်းပေါ့နော် ကျနော်တို့ ခေါ်တာ ခွန်ရုံ၊ အန်ဖွေခွန်ရုံလို့ ခေါ်တာပေါ့နော်၊ ခွန်ရုံမြို့နယ်ဖက်ကို ပြေးလာတာရှိသလို၊ မဲစရီးရန်းဘက်ခြမ်းပေါ့နော်၊ ကျနော်တို့ဗမာလိုခေါ် မယ်လုံကြီးပေါ့နော်၊ မြို့နယ်ထဲကိုလည်း ပြေးတာရှိသလို၊ မယ်ရနွိုက် မြို့နယ်ထဲကိုပေါ့နော်။ ဒါကတော့ မဲဟောင်စောင် ခရိုင်မှာရှိတဲ့ အနည်းဆုံး ၂နေရာ ၃နေရာထဲကို ကနဦးရွှေ့ပြောင်း ဝင်ရောက်လာတယ်လို့ ကျနော်တို့ သတင်းကြားပါတယ်။”

ထိုင်းနယ်စပ်ဖြတ်ကျော်လာတဲ့ကရင်နီ ဒုက္ခသည်များ
ထိုင်းနယ်စပ်ဖြတ်ကျော်လာတဲ့ကရင်နီ ဒုက္ခသည်များ

မယ်စဲ့မြို့နယ်ရှိ စစ်ကောင်စီရဲ့ တောင်လတပ်စခန်းနဲ့ မယ်စဲ့မြို့မ ရဲစခန်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့က ကရင်နီပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး နှစ်ဖက် တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူတွေ အသုံးပြုခဲ့ပါတယ်။

မယ်စဲ့ဒေသခံတွေဟာ တိုက်ပွဲကြောင့် ဘေးလွတ်ရာကို ချက်ချင်းဆိုသလို ပြေးလွှားကြရတာမို့ တချို့ကတော့ ဘာပစ္စည်းမှ သယ်မလာနိုင်ကြပါဘူး။ ဒါကြောင့် စစ်ပြေးဒုက္ခသည် အများစုက စားရေးသောက်ရေးနဲ့ နေထိုင်ရေးအတွက် အကြီးမားဆုံး လိုအပ်ချက်ဖြစ်နေတယ်လို့ ဒါရိုက်တာ ကိုဗညားက ဆက်ပြောပါတယ်။

“စစ်ရှောင်ရတဲ့အတွက်ကြောင့်မို့ ကျနော်တို့ များများပေါ့နော် သယ်ယူလို့မှီတဲ့ အခြေအနေမရှိကြသလို၊ တချို့ကလည်း သယ်ယူပို့ဆောင်ဖို့ အခက်အခဲ အများကြီးရှိတာပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့ ကနဦးက စားရေးသောက်ရေး အခက်အခဲရှိနိုင်တယ်။ နောက်ပြီးတော့မှ နေရာထိုင်းခင်းပေါ့နော်၊ အထူးသဖြင့်တော့ ဒီရက်ပိုင်းကလည်း မိုးက ဆက်တိုက်ရွာနေတော့လေနော်၊ နေရာထိုင်ခင်းတွေ အခက်အခဲ ရှိနိုင်တယ်။ စားရေးသောက်ရေးပေါ့နော် အဲ့ဒီနှစ်ခုကတော့ ကနဦးလိုအပ်ချက် အကြီးမားဆုံးဖြစ်မှာပေါ့ ဟုတ်။”

စစ်ရှောင်အများစုက ကလေးသူငယ်နဲ့ အသက်အရွယ်ကြီးရင့်သူတွေ ဖြစ်ကြပြီး၊ ကျန်းမာရေးမကောင်းသူတွေလည်း ပါဝင်တာမို့ ကျန်းမာရေး စောင့်ရှောက်မှုလည်း လိုအပ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG