သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖာပွန်အခြေစိုက် စစ်ကောင်စီစခန်းတချို့ တိုက်ခိုက်ခံရ


ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA
ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA

ကရင်ပြည်နယ် ဖာပွန်ခရိုင်မှာ အခြေစိုက်တဲ့ စစ်ကောင်စီ စခန်းတချို့ကို ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စီးနင်းတိုက်ခိုက်မှုမှာ စစ်ကောင်စီဖက်က ထိခိုက်ကျဆုံးမှုတချို့ ရှိခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒေသအခေါ် မူတြော်ခရိုင်က မြို့နယ် ၂ ခုမှာ တိုက်ခိုက်ခဲ့တာနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းပြီး ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်) ခရိုင်၊ လူသောမြို့နယ်နဲ့ ဒွယ်လိုး မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၈ ခုကို ဇွန်လ ၇ ရက်ကနေ ၉ ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ထိခိုက် ကျဆုံးတာနဲ့ ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ KNU က သတင်းထုတ်ပြန်ထားပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ (၅) ထိမ်းချုပ်ရာနယ်မြေထဲက ထိုကီဒေး၊ မော်ဖူး၊ နားထီးနို၊ မဲတပယ်တူ၊ ပေါ်ဘွေကျိုး၊ ခူးသူးထာ့၊ ကဟီးလူ၊ ကဟီးကျိုး၊ ကူးဆိပ်၊ ထိုကီနဲ့ ဒဲသီးကျိုး ဒေသတွေက စစ်ကောင်စီရဲ့တပ်စခန်းတွေကို KNLA တပ်ဖွဲ့ဝင်တွေက ပြောက်ကျားစနစ်နဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက ပြောပါတယ်။

“စခန်း ၈ ခုဆိုတာ တပ်မဟာ (၅)ထဲမှာ မြို့နယ် နှစ်မြို့နယ်ထဲမှ ာဖြစ်တာပေါ့နော်။ ဒါကတော့ စကစရဲ့ ကျူးကျော်ဝင်ရောက်မှုကို တားဆီးတဲ့ အနေနဲ့သော်လည်းကောင်း၊ စကစ တပ်စခန်းတွေရှိရင်တော့ ပြည်သူလူထုက အေးအေးဆေးဆေး မနေရတဲ့အတွက်လည်း ဝင်ရောက် တိုက်ခိုက်ခဲ့ရတာ ဖြစ်ပါတယ်။”

ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုစောမွန်ကလည်း ဒီတိုက်ခိုက်မူအတွင်း စစ်ကောင်စီဘက်က ကျဆုံးမူတွေရှိတယ်လို့ ပြောပါတယ်။

“ဝင်တိုက်တော့ရန်သူ ၄ ဦး သေဆုံးတယ်လို့တော့ သတင်းရထားပါတယ်။”

ကရင်အမျိုးသားအစည်းအရုံးတပ်မဟာ (၅) နယ်မြေမှာ ဇွန်လနှစ်ပတ်တာအတွင်း စစ်ကောင်စီတပ်တွေ ကြားဖြတ်တိုက်ခိုက်ခံရမှု ၃၁ ကြိမ်ရှိခဲ့ပြီး ၂၀ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့ကြောင်းလည်း KNU က ထုတ်ပြန်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

တပ်မဟာ ၅ နယ်မြေအတွင်း စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တွေအကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီ ဖာပွန်ခရိုင်တခုလုံးက ကျေးရွာအကုန်လုံးနီးပါး စစ်ဘေးရှောင်နေရပါတယ်။စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေကို နေ့စဉ်မပြတ် ပြုလုပ်နေတယ်လို့ ဒေသခံတွေကလည်း ပြောပါတယ် ။

မေလအတွင်းမှာတော့ တပ်မဟာ (၅) ထိမ်းချုပ်နယ်မြေမှာ တိုက်ပွဲပေါင်း ၂၀၀ ထိဖြစ်ခဲ့ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ် အင်အား ၁၂၀ကျော် ကျဆုံးခဲ့တယ် လို့လည်း KNU က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG