သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့က စစ်ရှောင်တွေ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်


မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)
မှတ်တမ်းဓါတ်ပုံ | ကလေးဒေသအတွင်း စစ်ဘေးရှောင်ဒုက္ခသည်များ (ဓါတ်ပုံ - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ)

စစ်ကိုင်းတိုင်း ကလေးမြို့တောင်ပိုင်း ရေရှင်ရွာနဲ့ကုက္ကိုရွာက စစ်ဘေးရှောင်တချို့ မိုးဦးကာလ ရာသီဥတုကြောင့် ဝမ်းပျက်ဝမ်းလျောတာ၊ နာမကျန်းဖြစ်တာတွေ ဖြစ်နေပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးကြီး လိုအပ်နေတယ်လို့ ဒေသခံတွေနဲ့ ကူညီပေးနေသူတွေက ပြောပါတယ်။ စားနပ်ရိက္ခာနဲ့ ဆေးဝါး ပြတ်လပ်မှုကြောင့် စစ်ရှောင် အိမ်ထောင်စု ၁၀၀ ကျော်လောက် ဒုက္ခရောက်နေကြရတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို မဆုမွန် က ပြောပြပါမယ်။

ကလေးမြို့ တောင်ပိုင်းက ရေရှင်ရွာအပါအဝင် အနီးဝန်းကျင်က ကျေးရွာတချို့ စစ်ဘေးရှောင်နေကြရတာ ၁၈ လ လောက် ရှိနေပါပြီ။ မြန်မာစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပြင်းထန်နေတဲ့ စစ်ကိုင်းတွင်းက အဲ့ဒီရွာတွေမှာ စစ်ဘေးရှောင် ၂,၀၀၀ ဝန်းကျင်ရှိပြီး တနေရာတည်းမှာ စုဝေးရှိနေတာမျိုး မဟုတ်ဘဲ အယောက် ၇၀၊ ၈၀ ဝန်းကျင်လောက်စီ စုဖွဲ့ပြီး တောထဲမှာ စစ်ရှောင်နေကြရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မိုးဦးကာလ ဖြစ်တာနဲ့အမျှ ဒီလို စစ်ဘေး ဒုက္ခသည်တွေကြားမှာ ဒီရက်ပိုင်း ဝမ်းပျက်ဝမ်းလျှောတာတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ရေရှင်ရွာသား ဦးမောင်စိုးက ပြောပါတယ်။

“စစ်ရှောင်တွေ ကျန်းမာရေးက ဒီနေ့တောင်မှ ပြည်သူ့ကာကွယ်ရေး အဖွဲ့က တပ်မတော်လေးတွေက နေပြီးတော့မှ Medical လေးတွေက ဆေးခေါ်ထိုးတာတော့ ရှိတယ်ဗျ။ ဒါပေမဲ့ ဆေးစုံ ဝါးစုံတော့ မဟုတ်ဘူးပေါ့လေ၊ တချို့ကျတော့လည်း ကိုယ်မေးတဲ့ဆေး မပါတာမျိုးတွေလည်း ရှိတာပေါ့။ လောလောဆယ်ကတော့ မိုးရာသီကာလမှာ ကလေးတွေမှာ ဝမ်းပျက်ဝမ်းလျောဖြစ်တာမျိုးတို့ သက်ကြီးရွယ်အိုတွေမှာ နေမကောင်း ထိုင်မသာမျိုးတွေတော့ တော်တော်များတာပေါ့။ လောလောဆယ် ဒီမှာကတော့ ဝမ်းပျက်ဝမ်းလျောဖြစ်တာမျိုးတို့၊ နှာစေးတာတို့ ချောင်းဆိုးတာမျိုးတို့ အဲ့ဒါမျိုးတွေ ရာသီဥတုကလည်း ပုံမှန်မဟုတ်တဲ့ခါကျတော့ အဲ့ဒါမျိုးလေးတွေ တော်တော်များနေတယ်။ သွေးလွန်တုတ်ကွေးကတော့ ဒီလောက်ထိမဟုတ်ဘူးဗျ။ ၂၀ လောက်တော့ တွေ့ထားတာရှိတယ်ဗျ အကုန်လုံးတော့ မသိဘူးဗျ။”

စစ်ဘေးရှောင် ၇၀ ဝန်းကျင်လောက်မှာ ၂၀ လောက်က ဝမ်းပျက်ဝမ်းလျောဖြစ်နေတယ်လို့ စစ်ဘေးရှောင်ကူညီသူက ပြောပါတယ်။ စစ်ဘေးရှောင်တွေက ဟိုတစု ဒီတစု နေကြတာဖြစ်တဲ့အတွက် စစ်ရှောင်အားလုံးရဲ့ အခြေအနေတွေကိုတော့ မသိနိုင်ပါဘူး။ ကလေးတချို့မှာ သွေးလွန်တုတ်ကွေး လက္ခဏာတချို့ ရှိပေမဲ့ လက်ရှိမှာ စိုးရိမ်ရလောက်တဲ့ အနေအထားတော့ မဟုတ်သေးဘူးလို့လည်း ဦးမောင်စိုးက ပြောပါတယ်။

ဒီလို ကျန်းမာရေး ပြဿနာတွေ ကြုံနေရတဲ့ တချိန်တည်းမှာပဲ ကုသဖို့ ဆေးဝါး အလုံအလောက် မရှိသလို၊ ဆန်ရိက္ခာ ပြတ်လတ်မှု ကလည်း အတော်လေး အခြေအနေဆိုးနေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။ အလှူရှင်တွေ လှူထားတဲ့ ငွေတွေ ရှိပေမဲ့ ဆန် ဝယ်လို့ မရတဲ့ အခြေအနေ ဖြစ်နေတာပါ။ စက်ရုံတွေမှာတောင် ဆန် ပြတ်နေပြီး လက်ရှိ ဆန် ၁ တင်းကို ၄၈,၀၀၀ စျေးပေါက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကလေးမြို့ပေါ်ကို တက်ပြီး ဝယ်မယ်ဆိုရင်လည်း စစ်ကောင်စီတပ်တွေက စစ်ဆေးပြီး သိမ်းဆည်း လိုက်တာမျိုးတွေ ရှိတာကြောင့် သွားမဝယ်ရဲကြသလို၊ လက်ရှိမှာ အိမ်ထောင်စု ၁၅၀ လောက်က လုံးဝ စားစရာ မရှိတော့တဲ့ အခြေအနေ ဖြစ်တယ်လို့ ဦးမောင်စိုးက ပြောပါတယ်။

“ဆန်က မရတော့ တစ်ရက်ထက် တစ်ရက် ပိုဆိုးမှာပဲရှိတယ်ဗျ။ ခုလိုမျိုး ပိုက်ဆံအလှူရှင်က ရှိနေပေမယ့် ဆန်က ဝယ်မရတဲ့ခါကျတော့ ဆန်ကတော့ အတော့ကို အရေးကြီးပြီး ဒုက္ခရောက်နေတာဖြစ်နေတယ်ဗျ။ ကျွန်တော်တို့ ကလေးမြို့ဘက်ကို သွားဝယ်ရမယ် ဆိုရင်လည်းပဲ စစ်ကောင်စီက စီးပြီးမှ သိမ်းတာမျိုးတွေ အဲ့ဒါမျိုးတွေရှိတော့ ကျွန်တော်တို့က သယ်ယူဖို့ရာ အင်မတန်မှ ခက်ခဲနေတာ။ တစ်ရက် နှစ်ရက်စာ မကုန်ခင်စပ်ကြားလေးမှာ လျောက်တော့ ဝယ်တော့ ဝယ်နေကြတယ်။ ရတဲ့လူလည်း ရတယ် မရတဲ့လူလည်း မရဘူး။ ခုလောလောဆယ််တော့ ပိုက်ဆံရှိပြီးတောင်မှ ဆန်ဝယ်လို့မရလို့ ငတ်တဲ့သူလည်း ရှိတယ်ဗျ။ လုံးလုံးကို စားစရာမရှိတဲ့သူက (အိမ်ခြေ) ၁၅၀ လောက်တော့ ရှိမယ်ဗျ။ ကျွန်တော်တို့ အိမ်ခြေ ၃၅၇ အိမ် ၈ အိမ်လောက် ရှိတဲ့ထဲမှာ အဲ့လို စားစရာ လုံးဝ ပြတ်တာကတော့ ၁၅၀၊ ၁၆၀ လောက်တော့ ရှိမယ်။”

ဆန်အခက်အခဲ ကြုံနေရတာကြောင့် ကိုသန်းစိုးတို့ မိသားစုကတော့ တစ်နေ့ ထမင်း ၃ နပ်စားတာကနေ ၂ နပ်သာ စားနိုင်တော့သလို တစ်နပ်စာ ဆန် ၄ လုံး ချက်ရာက ခု ဆန် ၂ လုံးခွဲ ၃ လုံးလောက်ပဲ ချက်ပြီး စားရတော့တယ်လို့ ဆိုပါတယ်။

“အားလုံးပေါင်း မိသားစု ၅ ယောက်ရှိတာဗျ။ တနပ်ကို ၄ ဗူးချက်ရတာ၊ ခုက ပုံမှန်အတိုင်း မချက်နိုင်တော့ဘူး။ အခု ကျွန်တော်တို့လည်း စားဝတ်နေရေး ခက်ခဲတဲ့ခါကျတော့ ကျွန်တော်တို့ ၂ ဗူးခွဲ၊ ၃ ဗူး အဲ့လိုလေးတွေ ချက်ရတော့တာ။ မချက်နိုင်တော့ဘူး ကျွန်တော်တို့ ပုံမှန်အတိုင်း မချက်နိုင်တော့ဘူး။ ခု ၂ နပ်ပဲ စားရတော့တာ၊ အရင်က ၃ နပ်စားတာ မနက်စာစောစောစာ စားသေးတယ်။ အခုက စောစောစာ မစားနိုင်တော့တဲ့အတွက် တစ်နေ့မှ ၂ နပ်ပဲ စားရတော့တာ ကျွန်တော်တို့မှာ။”

ကလေးမြို့နယ်တခုလုံးမှာ စစ်ဘေးရှောင်အရေအတွက်ဟာ ၅၀,၀၀၀ ဝန်းကျင်ရှိတယ်လို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ တွဲဖက်တာဝန်ခံက ပြောပါတယ်။ ကလေးဒေသက စစ်ရှောင်တွေအတွက် အကူအညီလိုအပ်တာတွေ များနေပြီး လုံလောက်အောင် ထောက်ပံ့ ကူညီနိုင်တာမျိုး မရှိသေးဘူးလို့ ပြောပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်နဲ့ တိုက်ပွဲတွေကြောင့် စစ်ကိုင်းအတွင်းမှာ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်က တနေ့ထက်တနေ့ ပိုပြီးတိုးလာနေပါတယ်။ ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ်ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲပါတယ်။ စစ်ကိုင်းတိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ကျေးရွာတွေရှိသလို၊ စစ်ကောင်စီကိုလိုလားတဲ့ ကျေးရွာတချို့လည်းရှိနေပြီး အဲဒီကျေးရွာတွေကို စစ်ကောင်စီက ပြည်သူ့စစ်အဖြစ် လက်နက်တပ်ဆင်ပေးတာတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG