သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးမြို့တောင်ပိုင်း ကြားကာလ ပညာရေးကျောင်း ဖွင့်လှစ်


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ
credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာ စစ်ဘေးရှောင် ၃,၀၀၀ ဝန်းကျင်လောက်ရှိ credit - စစ်ဘေးရှောင်ကူညီရေးအဖွဲ့ ကလေးဒေသ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းနဲ့ စာသင်ဆောင်တွေမှာ စစ်ရှောင်ကလေးငယ်တွေ ကျောင်းပြန်တက်နေကြပါပြီ။ မုန်တိုင်းအလွန်ကာလမှာ ကျောင်းပြန်တက်နိုင်ပြီ ဆိုပေမယ့် မိုးဦးကျချိန်မှာ ဖြစ်လေ့ရှိတဲ့ သွေးလွန်တုတ်ကွေးလို ရောဂါမျိုး မဖြစ်စေဖို့ကိုလည်း ကြိုတင်ပြင်ဆင်တာတွေ ဆောင်ရွက်ဖို့လိုတယ်လို့ စစ်ရှောင်တွေကို ကူညီနေသူတွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ အထက်တန်းကျောင်းနဲ့ စာသင်ဆောင်မှာ စစ်ရှောင်ကလေးငယ်တွေ အခုနှစ် ကျောင်းဖွင့်ရာသီအမီ တက်ရောက်ပညာ သင်ကြားနေတယ်လို့ ကလေးတောင်ပိုင်းက စစ်ရှောင်သူတွေကို ကူညီပေးနေတဲ့ CDM ကျောင်းဆရာတဦးက ပြောပါတယ်။

" ကျောင်းသား ၃၀၀ လောက်ရှိတဲ့ အထက်တန်းကျောင်းတကျောင်းရယ်၊ စနစ်ဟောင်းတွေသင်တဲ့ ၁၀၀ ကျော်လောက်ရှိတဲ့ အဆောင်တဆောင်ရယ်။ အဲဒါတွေက အခုလောလောဆယ်တော့ အဆင်ပြေနေပါတယ်။ အဆင်ပြေတယ်ဆိုတာ မုန်တိုင်းကြောင့် ဖြစ်တာတော့ ကျနော်တို့ ပြန်ပြင်ပြီးပြီပေါ့။"

ကလေးတွေ ကျောင်းပြန်တက်နေကြပြီ ဆိုပေမယ့် စစ်ကြောင်းသတင်းကိုတော့ အမြဲတမ်းနားစွင့်နေရတယ် လို့ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့တွေ စာသင်ကျောင်းနဲ့ ၆ မိုင်အကွာလောက် ရောက်ပြီဆိုရင် လူစုခွဲပြီး၊ မိဘတွေဆီ ပြန်လွှတ်ရတာမျိုးတွေ ရှိတယ်လို့ ပြောပါတယ်။ နယ်မြေအခြေအနေပေါ် မူတည်ပြီး လေကြောင်းသတိပေးချက် ရှိရင်လည်း အရေးပေါ် ရွှေ့ပြောင်းရတာမျိုးတွေ ရှိတဲ့အနေအထားပါ။

အာဏာသိမ်းကာလမှာ ပညာသင်ကြားနေတဲ့ကလေးငယ်တွေအခုလိုအခြေအနေမျိုးနဲ့ ဖြတ်သန်းရတာမျိုးရှိသလို အခုမိုးတွင်းကာလရောက်လာချိန်မှာလည်း စစ်ရှောင်နေရသူတွေဟာ ရှေ့နှစ်က အတွေ့အကြုံတွေရှိလို့ အခက်အခဲတွေကို အသားကျနေလောက်ပြီလို့ စစ်ရှောင်ကူညီနေသူက ပြောပါတယ်။

"စစ်ရှောင်စခန်း ဆိုတာလည်း ကျနော်တို့က Camp ကြီးတွေဖွင့်ပြီး နေတဲ့အနေအထား မဟုတ်ဘူးရယ်။ ဆွေမျိုးတဲတွေတို့၊ သူ့တဲ၊ ကိုယ့်တဲ၊ သူ့ယာတော၊ ကိုယ့်ယာတော။ ပြောရရင်တော့ စခန်းပျောက်နေတာပဲရယ်။ မူလရွာတွေထဲကို ပြန်မနေတော့တာပဲ ရှိတယ်။ တနှစ်ကျော်လောက်လည်း ရှိပြီဆိုတော့ အသားကျသလောက် ဖြစ်နေပါပြီ။ အဲတော့ မိုးရာသီလည်း အဆင်ပြေမှာပါ။ ခက်ခဲတာကတော့ ကျန်းမာရေး ဆိုးဆိုးရွားရွားဖြစ်ရင် မြို့တက်ဖို့ မလွယ်တာမျိုးပေါ့။ ဒါပေမဲ့ ကျနော်တို့မှာ ဆေးပေးခန်းတော့ လက်တကမ်းအလိုပေါ့၊ သိပ်မဝေးတဲ့နေရာမှာ ရှိပါတယ်။"

ကလေးတောင်ပိုင်းမှာ ကျန်းမာရေး လိုအပ်ချက်အတွက် ကူညီဆောင်ရွက်နေတဲ့ အဖွဲ့တွေရှိနေပြီး မိုးဦးကျကာလ အခုလို ကျောင်းဖွင့်စအချိန်မှာ သွေးလွန်တုတ်ကွေးလို ရောဂါမျိုးတွေမဖြစ်စေဖို့ကိုလည်း ကြိုတင်ကာကွယ်မှုတွေ လုပ်ဆောင်ရမယ်လို့ CDM ကျောင်းဆရာက ပြောပါတယ်။

"မုန်တိုင်းပြီးတဲ့နောက် မိုးသည်းသည်းမဲမဲ တကြိမ်ထပ်ရွာပြီးပြီ။ မိုးရာသီ စပြီပေါ့။ သွေးလွန်တုတ်ကွေးတို့ ဖြစ်နိုင်တဲ့ ရာသီဥတု စတာပေါ့၊ မိုးရာသီ အပျိုးပေါ့။ ကျန်းမာရေးပိုင်းကတော့ NUG အောက်ကနေ ဖွင့်ထားတဲ့ ကုတင် ၂၀ လောက်ရှိတဲ့ ဆေးရုံရှိပါတယ်။ Healthcare Network ဖွဲ့ပြီးတော့ စောင့်ရှောက်နေတာမျိုးလည်း ရှိတယ်။ ဆိုးဆိုးရွားရွား Pandemic အခြေအနေမျိုး ဆိုရင်တော့ နိုင်မှာမဟုတ်ဘူး။ အဲလိုမျိုး မဖြစ်အောင်တော့ ကြိုတင်ကာကွယ်မှု လုပ်ရမှာပေါ့။"

စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေး အဖွဲ့တွေကြား စစ်ရေးတင်းမာမှု ရှိနေတဲ့ စစ်ကိုင်းတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုကလည်း ခပ်စိပ်စိပ်ရှိနေတာပါ။ ကလေးမြို့မြောက်ပိုင်း၊ ရှုခင်းသာကျေးရွာက စာသင်ကျောင်းကို ဇွန်လ ၅ ရက်နေ့ မနက်ပိုင်းအချိန်မှာ လေကြောင်းတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ကလေးမြို့တော်လှန်ရေး အဖွဲ့တွေဘက်က ပြောထားပါတယ်။

ကြားကာလပညာရေးဖက်ကို လေကြောင်းကနေတဆင့် စစ်ရေးပစ်မှတ်ထားပြီး အသုံးချခံရမှာကို စိုးရိမ်နေတဲ့ကြားက ကလေးမြို့နယ်တောင်ပိုင်းက စာသင်အရွယ် ကလေးငယ်တွေကတော့ ပညာသင်ကြားနိုင်ဖို့အတွက် ကြိုးပမ်းနေရတာပါ။ နယ်မြေမတည်ငြိမ် ပေမယ့်လည်းစစ်ရှောင်နေရတဲ့ ကလေးငယ်တွေရဲ့ ပညာရေးအတွက် ဆောင်ရွက်နေရချိန်မှာ အခုလို လေကြောင်းကနေ တိုက်ခိုက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရမှာကို စိုးရိမ်စိတ်ရှိတယ်လို့ သင်ကြားပေးနေကြတဲ့ ဆရာတွေကလည်း ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG