သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြာအင်းဆိပ်ကြီးနဲ့ ရွှေကျင်မြို့နယ် စစ်ဘေးရှောင်တွေအခြေနေ


 ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ချခံရတဲ့ ကျေးရွာ (Photo: KNU)
ကြာအင်းဆိပ်ကြီးမြို့နယ်ထဲ လက်နက်ကြီးတွေနဲ့ ပစ်ချခံရတဲ့ ကျေးရွာ (Photo: KNU)

ကြာအင်းဆိပ်ကြီးနဲ့ ရွှေကျင်မြို့နယ် စစ်ဘေးရှောင်တွေအခြေနေ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင် ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်နေတဲ့အတွက် ကျေးရွာသား ၃,ဝဝဝ ကျော် ထွက်ပြေး တိမ်းရှောင်နေရသလို၊ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်နဲ့ ရွှေကျင်မြို့နယ်တွေမှာလည်း စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်နေတာတွေကြောင့် စစ်ဘေးရှောင် ၃ သောင်းနီးပါး စားနပ်ရိက္ခာ ဆေးဝါး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဒီအကြောင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြိုနယ်နဲ့ တပ်မဟာ(၃)နယ်မြေပဲခူးတိုင်း ကျောက်ကြီးမြို့နယ်တွေမှာ ဒီရက်ပိုင်းထဲ စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင် နေရပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် တိုင်းရင်းသားလက်နက်ကိုင်တွေကို ထောက်ခံတဲ့ လူထုကို ပစ်မှတ်ထားလာတာဖြစ်တယ်လို့ ကေအန်ယူရဲ့ပြောရေးဆိုခွင့်ရှိသူ ဖဒိုကလယ်စေးက ပြောပါတယ်။

" လက်နက်ကိုင် အဖွဲ့အစည်းတွေ တော်လှန်ရေးအဖွဲ့တွေကို ထောက်ခံကူညီနေတဲ့ လူထုတွေကို ပစ်မှတ်ထားလာတယ်လို့ ကျနော်တို့က အဲဒီလို နားလည်တယ်၊ ၂၀၂၂ ခုနှစ်ကစပြီး အခုချိန်ထိ လူထုကို ပစ်မှတ်ထား တိုက်ခိုက်လာတယ်လို့ပြောရမယ်။ "

အခုရက်ပိုင်းမှာပဲ ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာတော့ စစ်ဘေးရှောင်လူဦးရေ ၃,၀၀၀ လောက် ရှိနေပြီး ပဲခူးတိုင်းကျောက်ကြီးမြို့နယ်ထဲမှာတော့ လတ်တလော လူဦးရေ ၃ သောင်းလောက်ဟာ စစ်ဘေးရှောင် ထွက်ပြေးနေရပါတယ်။ ကရင်လူ့အခွင့်အရေးအဖွဲ့KHRC ရဲ့ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူး ကတော့ စစ်ဘေးရှောင်တွေဟာ လတ်တလော ကာလမှာ စားဝတ်နေရေးနဲ့ နေထိုင်ရေး အခက်အခဲ ကြုံနေရတယ်လို့ ပြောပါတယ်။

" အာဏာသိမ်းပြီးနောက် ထိုးစစ်ဆင်မူတွေက ပြင်းပြင်းထန်ထန် ရှိလာပြီးတဲ့နောက်မှာတော့ အိုင်ဒီပီ IDP လူဦးရေက တဟုန်ထိုး တိုးပွားလာတယ်။ တောတောင်ထဲမှာ နေရတဲ့ ထွက်ပြေးနေရတဲ့ အိုင်ဒီပီ(ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်) တွေကတေ့ာ ခိုင်ခံတဲ့ လုံခြုံတဲ့ နေရာထိုင်းခင်း အမိုးအကာတွေ အရေးတကြီး လိုအပ်နေတယ်။ အခြေခံလူသားချင်း စာနာမှုအကူညီတွေ လိုအပ်တယ်။ အဲဒီလိုရမှသာ ရင်ဆိုင်နိုင်မယ်.. အခုလို မိုးတွင်းကာလမှာစားနပ်ရိက္ခာရော နေရာထိုင်းခင်း အကူညီတွေပါ ရဖို့လိုအပ်တယ်။ ဘေးအန္တရာယ် ကင်းအောင် သူတို့အတွက် မဖြစ်မနေ ရရှိဖို့လိုအပ်ပါတယ်။"

အခုဆိုရင် ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ တပ်မဟာ(၇)ခုမှာတော့ (ပြည်တွင်းအိုးအိမ်မဲ့ဒုက္ခသည်) အရေအတွက်က ၅ သိန်းကျော် ရှိနေကြောင်း ကေအန်ယူဘက်က ပြောဆိုထားသလို ဒီထက်မကလည်း ရှိနေတယ်လို့ လူအခွင့်အရေးအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG